နေပြည်တော် ဇမ္ဗူသီရိမြို့နယ်တွင်တည်ဆောက်မည့် စက်မှုလက်မှုသိပ္ပံကျောင်း


24 November, 2020

နိုင်ငံတော်၏ စီးပွားရေးမူဝါဒများအပေါ် အထောက်အကူဖြစ်စေရန် ဒေသတွင်းပညာသင်ကြားမှု အခွင့်အလမ်းများ တိုးမြှင့်ပေးနိုင်ရန် အလုပ်အကိုင်အခွင့်အလမ်းများ အတွက် လိုအပ်သည့် အတတ်ပညာနှင့် ကျွမ်းကျင်မှုများကို

သင်ကြားပေးနိုင်ရန် နှင့် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုနှင့် စီးပွားရေးလုပ်ငန်းများအပေါ်အထောက်အကူပြုနိုင်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် ပညာရေးဝန်ကြီးဌာန၊နည်းပညာ၊သက်မွေးပညာနှင့်

လေ့ကျင့်ရေးဦးစီးဌာန၊အစိုးရစက်မှုလက်မှုသိပ္ပံ GTI(နေပြည်တော်)ကို နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဓနသိဒ္ဓိရပ်ကွက်အတွင်းတွင် တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

ယင်းအစိုးရစက်မှုလက်မှု သိပ္ပံ(နေပြည်တော်)ကို ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ် စီမံကိန်း ရန်ပုံငွေဖြင့် ပင်မသုံးထပ်ဆောင် သံကူကွန်ကရစ်အမျိုးအစား၊အလုပ်ရုံနှစ်ရုံနှင့်

အခြားဆက်စပ်လုပ်ငန်းများအပါအဝင်တည်ဆောက်ရေး လုပ်ငန်းများကို ဇမ္ဗူသီရိမြို့နယ် ဓန သိဒ္ဓိရပ်ကွက်အတွင်းရှိ မြေဧရိယာအကျယ် ၂၂ ဧက ပေါ်တွင် တည်ဆောက်မည်ဖြစ်သည်။

အလားတူ ယင်းမြေနေရာပေါ်တွင်ပင် အာရှဖွံ့ဖြိုးရေးဘဏ် (ADB)၏ ထောက်ပံ့ကူညီမှုဖြင့် ဒေသတွင်းလူငယ်များ အလုပ်အကိုင်ရရှိစေရေးအတွက် လေ့ကျင့်ပြုစု မွေးထုတ်ရေးစီမံကိန်း၊EYE Project တည်ဆောက်ရေး၊လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

ယင်းစီမံကိန်း တည်ဆောက်ရေးလုပ်ငန်းများ၊ပြီးစီးသွားပါက ကာလတိုသင်တန်းများဖြစ်သည့် အုတ်စီကျွမ်းကျင်သင်တန်း၊သံချည်သံကွေးကျွမ်းကျင်သင်တန်း၊လမ်းခင်းကျွမ်းကျင်သင်တန်း၊ကွန်ကရစ်ပုံဆင်ပုံရိုက်သင်တန်း၊တို့ကို

သင်ကြားပို့ချပေးနိုင်ရန် စီစဉ်ဆောက်ရွက်ထားကြောင်းသိရသည်။

နေပြည်တော်အစိုးရနည်းပညာအထက်တန်းကျောင်း(သုခသိဒ္ဓိရပ်ကွက်)တွင် လူငယ်များ အလုပ်အကိုင်အခွင့်အလမ်း၊ရရှိဖို့အတွက် ကာလတိုသင်တန်းများကို ပို့ချပေးလျက်ရှိသည်။

ယခုအကောင်အထည်ဖော်မည့် အစိုးရစက်မှုလက်မှုသိပ္ပံ(နေပြည်တော်)တွင်ပုံမှန်သင်တန်းသားများသာမက ကာလတို သက်မွေးပညာသင်တန်းများကိုလည်း ပို့ချသင်ကြားပေးသွားမည်ဖြစ်သည်။

ယခု လက်ရှိတွင် မြန်မာတစ်နိုင်ငံလုံးတွင် အစိုးရစက်မှုလက်မှု သိပ္ပံကျောင်း စုစုပေါင်း ၂၅ကျောင်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်းသိရသည်။

Institution Read 48 times