သီရိလင်္ကာတွင် တရုတ်နှင့်အပြိုင် အိန္ဒိယက ဆိပ်ကမ်းဆောက်မည်


03 October, 2021

အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကုန်ကျမည့် ရေနက် ကွန်တိန်နာဆိပ်ကမ်းကို သီရိလင်္ကာနိုင်ငံတွင် အိန္ဒိယနိုင်ငံမှ ကုမ္ပဏီကြီးတစ်ခုမှ တည်ဆောက်မည်ဖြစ်ပြီး ဒေသတွင်း တရုတ်ဩဇာ တိုးလာနေသည်ကို တန်ပြန်သည့် အကွက်အရွှေ့ တစ်ခုဟု  ရှုမြင်ကြသည်။

သီရိလင်္ကာ ဆိပ်ကမ်းအာဏာပိုင် Sri Lanka Ports Authority (SLPA) က အိန္ဒိယနိုင်ငံမှ အကြီးမားဆုံး ဆိပ်ကမ်းလုပ်ငန်းဖြစ်ပြီး မြန်မာနိုင်ငံတွင်လည်း Adani Yangon International Terminal Co., Ltd အမည်ဖြင့် ကွန်တိန်နာဆိပ်ကမ်းသစ် တည်ဆောက်လုပ်ကိုင်သော Adani Group ကို ကွန်တိန်နာ ဆိပ်ကမ်းအသစ် တစ်ခု တည်ဆောက်ရန် ကန်ထရိုက်သဘောတူ စာချုပ် လက်မှတ်ရေးထိုးခဲ့သည်။

စီမံကိန်း တည်နေရာမှာ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကုန်ကျခဲ့ပြီး တရုတ်နိုင်ငံမှ တည်ဆောက် လုပ်ကိုင်လျက်ရှိသည့် ဆိပ်ခံနှင့် ကပ်လျက်ဧရိယာ ဖြစ်သည်။  ကိုလံဘိုမြို့‌တော်တွင်  တည်ရှိသည်။
သဘောတူညီချက်သည် အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကျော် ပမာဏရှိမည့် ပြည်ပတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုဖြစ်ပြီး သီရိလင်္ကာ ဆိပ်ကမ်းကဏ္ဍတွင် ပမာဏအကြီးမားဆုံး ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ဖြစ်သည်ဟု SLPA ၏ ကြေညာချက်တွင် ဖော်ပြထားသည်။
Adani က ပြည်တွင်းမှ လုပ်ငန်စုကြီး John Keells နှင့် အတူလက်တွဲပြီး လုပ်ကိုင်မည် ဖြစ်ပြီး သီရိလင်္ကာ အစိုးရပိုင် SLPA က ရှယ်ယာအနည်းငယ် ပိုင်ဆိုင်မည် ဖြစ်သည်။ John Keells က ၃၄% နှင့် Adani က ၅၁% ပိုင်ဆိုင် ထားသည်ဖြစ်ရာ ကုမ္ပဏီ ထိန်းချုပ်မှုသည် Adani ၏ လက်ထဲတွင် ရှိမည် ဖြစ်သည်။ ဖက်စပ်လုပ်ငန်းအမည်မှာ Colombo West International Terminal ဖြစ်သည်။ 
ကွန်တိန်နာ ဆိပ်ခံသည် အလျား ၁.၄ ကီလိုမီတာ ရှည်သည်။ ရေအနက်မှာ ၂၀ မီတာ ရှိမည်။ တစ်နှစ်လျှင် ကွန်တိန်နာ လုံးရေ ၃.၂ သန်း ကိုင်တွယ်ပေးနိုင်မည်။
စီမံကိန်းကို အကောင်အထည် ဖော်ရာတွင် ပထမအဆင့်တွင် မီတာ ၆၀၀ ဆိပ်ခံ ဆောက်လုပ်မည်။ နှစ်နှစ်တာကာလအတွင်း အပြီးအစီး ဆောက်လုပ်မည်ဟု ကုမ္ပဏီက ပြောကြားသည်။ 
၃၅ နှစ် လုပ်ကိုင်ပြီးသောအခါ သီရိလင်္ကာ အစိုးရထံ ဆိပ်ကမ်းကို အပ်နှံရမည်။
ရေကြောင်းကုန်သွယ်မှု ကွန်တိန်နာ ပို့ဆောင်ရေးတွင် အချက်အချာကျသော ကိုလံဘို ဆိပ်ကမ်းတွင် အိန္ဒိယ ပါဝင်လုပ်ကိုင်လိုခဲ့သည်မှာ လွန်ခဲ့သည့် နှစ်အတန်ကြာကတည်းက ဖြစ်သည်။ အလုပ်သမားသမဂ္ဂက လက်ရှိဆိပ်ကမ်းတွင်အိန္ဒိယမှ လာရောက် လုပ်ကိုင်မည်ကို ဆန့်ကျင်ကန့်ကွက်သဖြင့် ဝင်ရောက်လုပ်ကိုင်ခွင့် မရခဲ့ချေ။
အစိုးရက တရုတ်မှ စီမံလုပ်ကိုင်လျက်ရှိသော Colombo International Container Terminal (CICT) ဘေးဘက်ကပ်လျက်တွင် သီးခြား ဆိပ်ခံအသစ်တစ်ခု ဆောက်လုပ်ရန် မြေနေရာ သတ်မှတ်ပေးပြီး အိန္ဒိယ ကုမ္ပဏီကို ကမ်းလှမ်းခဲ့ခြင်းဖြင့် ပြဿနာကို ဖြေရှင်းလိုက်သည်။
ပဓာနကျသည့် ကွန်တိန်နာ ဆိပ်ကမ်း ၂ ခု ဖြစ်သော ယူအေအီးနိုင်ငံ ဒူဘိုင်းဆိပ်ကမ်းနှင့် စင်ကာပူဆိပ်ကမ်းတို့အကြား ရေကြောင်းကုန်သွယ်မှု လမ်းကြောင်းတွင် ကိုလံဘိုဆိပ်ကမ်းသည် မဟာဗျူဟာအရ အရေးပါသည်။ 
၂၀၁၄ ခုနှစ်တွင် တရုတ်ရေငုပ်သင်္ဘော နှစ်စီးသည် တရုတ်မှ စီမံလုပ်ကိုင်လျက်ရှိသော Colombo International Container Terminal (CICT) တွင် တရုတ်ရေတပ်မှ ရေငုပ်သင်္ဘော ၂ စီး ဆိုက်ကပ်ခဲ့သဖြင့် ဒေသတွင်း စိုးရိမ်မကင်း ဖြစ်ခဲ့ကြသည်။
ထိုစဉ်မှစ၍ သီရိလင်္ကာ နိုင်ငံက တရုတ်ရေငုပ်သင်္ဘောများ စခန်းချရပ်နားခြင်းကို ခွင့်ပြုဖို့ ငြင်းဆန်ခဲ့သည်။
၂၀၁၇ ခုနှစ်တွင် ကြီးမားကြွေးမြီကို တရုတ်နိုင်ငံသို့ ပေးဆပ်နိုင်ခြင်းမရှိသဖြင့် သီရိလင်္ကာအစ်ုးရက တောင်ပိုင်းရှိ Hambantota port ကို China Merchants Port Holdings လက်ထဲသို့ ထိုးအပ်ခဲ့ရသည်။ ထိုဆိပ်ကမ်းသည် ရေကြောင်းသွားလာမှု အလွန်များပြားသော အရှေ့- အနောက် ရေကြောင်းလမ်းအနီးတွင် တည်ရှိသည်။ သဘောတူညီချက်အရ တရုတ်ကုမ္ပဏီက ၉၉ နှစ် ငှားရမ်းလုပ်ကိုင်ခွင့် ရရှိသည်။ ကြွေးထောင်ချောက်ထဲ ကျရောက်ပြီး ပေးဆပ်လိုက်ရခြင်းဟု သုံးသပ်ကြသည်။ Hambantota ကို ရထားခြင်းသည် အိန္ဒိယ သမုဒ္ဒရာအတွက် ခြေကုပ်တစ်နေရာ ရရှိခြင်းဟု အိန္ဒိယနှင့် အမေရိကန်တို့က ယူဆသည်။
 

Region Read 381 times