၂၀၁၉ ခုနှစ်တွင် နိုင်ငံတကာအဆင့်မီ ဖူဆယ်ကွင်းတစ်ကွင်းကို အပြီး တည်ဆောက်သွားမည်


01 June, 2019

 လေ့ကျင့်ရေးကွင်း ၂ ကွင်းပါ တပြိုင်နက်တည်း တည်ဆောက်မယ်လို့ သိရပြီး လက်ရှိအသုံးပြုနေတဲ့ သုဝဏ္ဏ မိုးလုံလေလုံကွင်းက ပါကေးအခင်းဖြစ်နေလို့ နိုင်ငံတကာပွဲ လက်ခံကျင်းပခွင့်မရ ဖြစ်နေတာပါ။

          မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေနဲ့ ၂၀၁၉ ခုနှစ်အတွင်း နိုင်ငံတကာအဆင့်မီ ဖူဆယ်ကွင်းတစ်ကွင်းကို အပြီး တည်ဆောက်သွားမယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ဒီကနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

          ၂၀၁၉ ခုနှစ်အတွင်း အပြီးတည်ဆောက်မှာ ဖြစ်ပြီး ၂၀၂၀မှာ ဖူဆယ်ပွဲတွေ စတင်ကစားလို့ရအောင် ကြိုးပမ်းနေတယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက DuwunSports ကိုပြောပါ တယ်။

          “၂၀၁၉ထဲမှာ အပြီးတည်ဆောက်မယ်၊ အဓိက ရည်ရွယ်ချက်က လက်ရွေးစင်အသင်းနိုင်ငံတကာပွဲတွေကစားရင် လေ့ကျင့်ပြင်ဆင်နိုင်ဖို့ရယ် ပြည်တွင်း ဖူဆယ်လိဂ်ပွဲတွေ ပိုမိုကျင်းပနိုင်ဖို့ပါ။ ၂၀၂၀မှာ နိုင်ငံတကာပွဲ လက်ခံကျင်းပဖို့လည်းရှိပေမယ့် အတတ်နိုင်ဆုံးတော့ ကြိုးစားပါ့မယ်။” လို့ ၎င်းက ပြောပါတယ်။

          ကွင်းရုံကို သုဝဏ္ဏဘောလုံးကွင်းအရှေ့မှာ တည်ဆောက်မယ်လို့သိရပြီး ကွင်းဒီဇိုင်းလည်း ထွက်ပေါ်လာပြီဖြစ်ကာ အမေရိကန် ဒေါ်လာ ၂ သန်းကျော် ကုန်ကျမယ်လို့ ခန့်မှန်ထားပါတယ်။

          “ ကုန်ကျစရိတ်က USD ၂ သန်းနဲ့အထက် မှန်းထားပါတယ်။ ကျွန်တော်တို့ လေ့ကျင့်ရေးကွင်း ၂ ကွင်းလည်း တပြိုင်နက်တည်း တည်ဆောက်မယ်။ ဒါမှနိုင်ငံတကာပွဲကျင်းပလို့ရမယ်။ အခုက သုဝဏ္ဏကွင်းရှိပေမယ့် သူက ပါကေးဖြစ်နေတော့ ဖီဖာက သတ်မှတ်ထားတာ နိုင်ငံတကာပြိုင်ပွဲတွေမှာ ပါကေးမသုံးဘူး၊ ပလိတ်ပြားအခင်းပဲ သုံးတာ၊ ဒါကြောင့် ကျွန်တော်တို့ သုဝဏ္ဏကွင်းက နိုင်ငံတကာပွဲ လက်ခံကျင်းပလို့မရတာ” လို့ ဆက်လက်ရှင်းပြပါတယ်။

          မြန်မာ့လက်ရွေးစင်အသင်းအနေနဲ့ နိုင်ငံတကာပွဲနီးလာရင် ထိုင်းနိုင်ငံကို သွားရောက်လေ့ကျင့်နေရတာဖြစ်ပြီး ဒီအခြေအနေကိုလည်း ဖြေရှင်းနိုင်ဖို့နဲ့ ပြည်တွင်းမှာသာ လေ့ကျင့်ပြင်ဆင်နိုင်ဖို့လည်း အဓိက ရည်ရွယ်ထားတာလို့ သိရပါတယ်။

          ကွင်းက မိုးလုံလေလုံဖြစ်ပြီး အနည်းဆုံး ပရိသတ် ၂၀၀၀ ကနေ ၂၈၀၀ အထိ ဝင်ဆံံ့နိုင်မယ်လို့လည်း MFFက သတင်းထုတ်ပြန်ထားပါတယ်။ ဒီကွင်းကို ၂၀၂၀ နှစ်လယ်ပိုင်းလောက်မှ ာစတင်အသုံးပြုနိုင်ဖို့ ရည်ရွယ်ထားပြီး ကွင်းပြီးပါက နိုင်ငံတကာအဆင့် မီဖူဆယ်ကွင်းအတွင်း ပြည်တွင်းလိဂ်ပွဲစဉ်တွေ ပိုမိုကျင်းပလာနိုင်မှာ ဖြစ်သလို မြန်မာဖူဆယ်ကစားသမားတွေလည်း နိုင်ငံတကာစံနှုန်းမီ ဖူဆယ်ကွင်းနဲ့ တစ်နှစ်ပတ်လုံး လေ့ကျင့် ကစားလာနိုင်တော့မှာ ဖြစ်ပါတယ်။

Factory and Industrial Plant Read 78 times