စက်ရုံလုပ်သား တစ်သိန်းကျော် အလုပ်အကိုင်ရရှိနိုင်မည့် ထန်းတပင် စက်မှုဇုန်စီမံကိန်း ဆောင်ရွက်နေ


22 December, 2020

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ကုက္ကိုလ်ဝ တံတားအနီးရှိ ရေနက်ကွင်းနေရာကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကြီးကြပ်မှုဖြင့် စက်မှုဇုန်တည်ဆောက်ရေး စီမံကိန်းကို ဆောင်ရွက်လျက်ရှိရာ အဆိုပါ စီမံကိန်းဆောင်ရွက်စဉ်အတွင်း၌လည်း အလုပ်အကိုင်များရရှိမည်ဖြစ်ပြီး စက်မှုဇုန်များ အသက်ဝင်ပါက ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ လုပ်သားတစ်သိန်းကျော် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း နိုင်ငံတကာအဆင့်မီ စက်မှုဇုန်များကို တည်ဆောက်လျက်ရှိရာ ယခုအခါ ဒေသတွင်းပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိရန် ထန်းတပင်မြို့နယ်၊ ကုက္ကိုလ်ဝ မြစ်နံဘေးရှိ ရေနက်ကွင်းတွင် စက်မှုဇုန်ကြီး တည်ဆောက်ရန် ၂၀၁၈ ခုနှစ်မှစ၍ အကောင်အထည်ဖော်နေခြင်း ဖြစ်သည်။

စီးပွားရေးလုပ်ငန်းများဖော်ဆောင်မည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ (၁၁) မြို့နယ်တွင် ထန်းတပင်စက်မှုဇုန်နှင့်ရေပေါ်ဈေးလည်း တစ်ခုအပါအဝင် ဖြစ်ပြီး အဆိုပါစီမံကိန်းတွင် လယ်ဧက (၄၀၀) ကျော်၌ ငါးဧကလျှင် တောင်သူ အား စက်မှုမြေတစ်ဧက ပြန်လည်ပိုင်ဆိုင်ခွင့်ပေးထားရာ လယ်သမားများ သဘောတူညီမှုဖြင့် ကျန်မြေဧက (၁၆၀၀) ကျော်နှင့်အတူ ထန်းတပင် စက်မှုဇုန်ကို တည်ဆောက်ခြင်းဖြစ်သည်။

ထိုဇုန်များတွင် လမ်း၊ ရေ၊ လျှပ်စစ်မီး စသော အခြေခံအဆောက်အအုံများ အပါအဝင် စက်ရုံပေါင်း (၂၀၀) ၊ ရေဆိုးသန့်စင်စက်ရုံ၊ အလုပ်သမားနေထိုင် မည့်အဆောက်အအုံ၊ လုံးချင်းအိမ်ရာ၊ စာသင်ကျောင်း၊ ပန်းဥယျာဉ်၊ စက်မှုဇုန် ရုံးများ တည်ဆောက်မည်ဖြစ်ပြီး ထိုစက်မှုဇုန်ရှိ လမုတန်း ကျေးရွာနှင့် လှိုင်မြစ်တစ်ဖက်ကမ်းရှိ မှော်ဘီမြို့သို့ ဆက်သွယ်နိုင်မည့် (ပြည်လမ်းနှင့် ချိတ်ဆက်နိုင်) မြစ်ကူးတံတားတစ်စင်းကို တည်ဆောက်မည် ဖြစ်ရာ တရုတ်(တိုင်ပေ)နှင့် ပူးပေါင်းဆောင်ရွက်မည်ဟု သိရသည်။

စက်မှုဇုန်နှင့် မြစ်ကူးတံတားအပါအဝင် တည်ဆောက်ရေး အသေးစိတ် မြေပြင်ကွင်းဆင်းဆောင်ရွက်မှုကို ပြည်ပဆောက်လုပ်ရေးကုမ္ပဏီမှ ဆောင်ရွက်ခဲ့သည်။ ကုက္ကိုလ်ဝတံတားအဆင်း ဘယ်ဘက်ခြမ်းရေနက်ကွင်း သည် ထန်းတပင်စက်မှုဇုန်တည်ဆောက်မည်ဖြစ်ပြီး ညာဘက်ခြမ်း ပန်းလှိုင်မြစ်နှင့်ကုက္ကိုလ်ဝမြစ်ဆုံနေရာ၌ ရေပေါ်ဈေးတည်ဆောက်ရန် လျာထားရာ ကနဦး စက်မှုဇုန်ကိုတည်ဆောက်ရန်လျာထားခြင်းဖြစ်သည်။

ရေနက်ကွင်း ဧရိယာဧက (၂၀၀၀) ကျော်တွင် စက်မှုဇုန်တည်ဆောက်ရေးကို ရန်ကုန်ဝဲလ်ဒဲက်ပလော့မန့်ကုမ္ပဏီ၊ ဝီဝက်ဒ် (ဟောင်ကောင်) အင်တာနေရှင်နယ်ကုမ္ပဏီနှင့် ဂိုးဒင်းမြန်မာ(ဟောင်ကောင်)အင်ဗား စမန့်ကုမ္ပဏီ သုံးခုပေါင်း၍ ရန်ကုန်-ထန်းတပင် တက်ခနော်လော်ဂျီကုမ္ပဏီ ဖြစ်သော ပြည်တွင်းကုမ္ပဏီတစ်ခုအနေဖြင့် ထန်းတပင်စက်မှုဇုန် စီမံကိန်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Ref; သန်းထိုက်

Local Read 851 times