မြေတန်ဖိုး မပါဘဲတည်ဆောက်နိုင်တော့မည့် အိမ်ရာများ


01 August, 2019

အိမ်ရာဆောက်ပြီးရင်းနှီးမြှုပ်နှံလိုသူတွေအနေနှင့် မြေတန်ဖိုးရင်းနှီးမြှုပ်နှံမှုမပါဝင်ဘဲ အိမ်ရာတည်ဆောက်နိုင်ဖို့ အခွင့်အရေးရလာတော့မည် ဖြစ်သည်။

 ရန်ကုန်တိုင်း  သည် ရွေ့ပြောင်းအလုပ်သမားများနှစ်စဉ် ဝင်ရောက်မှုများပြားလာမှုကြောင့် အိမ်ရာမဲ့နှင့် ကျူးကျော်များ များပြားလာပြီး နှစ်စဉ် နေစရာတစ်သိန်းကျော်လိုအပ်နေမှုကို ဖြေရှင်းရန်အတွက် လက်ရှိအစိုးရ အနေနှင့်အစိုးရတာဝန်စယူကတည်းကစပြီးတန်ဖိုးနည်းအိမ်ရာများဖော်ဆောင်ဖို့ကြိုးစားနေခဲ့သည်။သို့သော်လည်း မြေဈေးကြီးမြင့်လှသော မဟာရန်ကုန်မြို့ကြီးအနေနှင့်ကြံတိုင်းမဖြစ်သည့် အခြေအနေတွင်ရှိနေခဲ့သည်။

 ယခုအခါ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က တန်ဖိုးနည်းအိမ်ရာများ တည်ဆောက်ရင်းနှီးမြှုပ်နှံလိုသူများအတွက် အစီအစဉ်ကောင်းတစ်ခုပြင်ဆင်လုပ်ဆောင်နေကြောင်းပြောထားသည်။

  ရန်ကုန်တိုင်းအတွင်း တန်ဖိုးနည်းအိမ်ရာများလိုအပ်နေသေးကြောင်း၊ အိမ်ရာဆောက်ဖို့ လာရောက်ရင်းနှီးမြှုပ်နှံသူများကို ဆောက်လုပ်မယ့်နေရာရှိ မြေဧရိယာအတွက် မြေတန်ဖိုးမယူဘဲတည်ဆောက်နိုင်ဖို့ကိုပြင်ဆင်နေပြီဖြစ်ကြောင်း၊တန်ဖိုးနည်းအိမ်ရာ၏တန်ဖိုးထဲတွင် မြေတန်ဖိုးပါထည့်ပေါင်းကြရမည်ဆိုလျှင် အခြေခံပြည်သူများအတွက် တန်ဖိုးနည်းမဖြစ်ဘဲ ပိုတန်ဖိုးကြီးသွားနိုင်ကြောင်း၊၎င်းအတွက်ပြင်ဆင်မှုတွေလုပ်နေကြောင်း၊ ယခုကဏ္ဍအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကိုပါ ဖိတ်ခေါ်သွားဖို့ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြောထားကြောင်းသိရပါသည်။

   တန်ဖိုးနည်းအိမ်ရာလျှောက်ထားသူများအနေနှင့်အရစ်ကျပေးချေမှုကို အနှိမ့်ဆုံးလစာ ၃ သိန်းမှ ၅ သိန်းကျပ် လစဉ်ဝင်ငွေရှိရမည်ဖြစ်ကြောင်း၊ကုမ္ပဏီဝန်ထမ်းအတွက် ၂၅ ရာခိုင်နှုန်း၊အစိုးရဝန်ထမ်းအတွက် ၁၅ ရာခိုင်နှုန်း သတ်မှတ်ထားကြောင်း၊တန်ဖိုးနည်းအိမ်ရာလိုအပ်ချက် အတွက်ကို ၁၅ နှစ်မှ အနှစ်၂၀ထိ ရင်းနှီးမြှုပ်နှံနိုင်သည့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံလိုသူများကိုလည်းဖိတ်ခေါ်ထားပြီး၊ရင်းနှီးမြှုပ်နှံမှုရှိပါကလည်း တိုင်းအစိုးရမှ စနစ်တကျ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 မြေတန်ဖိုးမပါဘဲ တန်ဖိုးနည်းအိမ်ရာများဖော်ဆောင်မှုကို မြန်မြန်နှင့်များများဖော်ဆောင်လာနိုင်မည် ဆိုပါက ရန်ကုန်မြို့ကြီးတွင် ဖြစ်ပေါ်နေသောကျူးကျော်နေထိုင်မှုတိုးပွားခြင်းနှင့်အိမ်ရာမဲ့ များပြားနေမှုကိုဖြေ ရှင်းလာနိုင်မည်ဖြစ်ပြီး လူနေမှုဘဝဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်းလည်းသိရသည်။

Public Housing Read 46 times