အိမ်ခြံမြေ ဝယ်ခွန် ရောင်းခွန် ဘယ်လိုဆောင်မလဲ


25 August, 2019

 

အိမ်နှင့်မြေ (ဂရန်မြေ) ဝယ်လိုက်သောအခါ ဝယ်ခွန်ရောင်းခွန် မည်သို့ ထမ်းဆောင်ရသလဲ မသိသေးတဲ့သူတွေအတွက် ဗဟုသုတအဖြစ်ရေးသားဖော်ပြပေးလိုက်ပါတယ်။

ဝင်ငွေခွန်ကောက်ခြင်း

ဥပဒေ ဝေါဟာရအခေါ် အခြေပစ္စည်းဖြစ်သည့် အိမ်၊ခြံ၊မြေ တိုက်ခန်းများရောင်းခြင်း၊ ဝယ်ခြင်း ငှားရမ်းခြင်း၊ လွှဲပြောင်းခြင်း စသည့်တို့ ပြုလုပ်ပါက မြန်မာနိုင်ငံ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေနှင့်အညီ သတ်မှတ်ထားသည့် နှုန်းထားအပေါ် ဝင်ငွေခွန် ထမ်းဆောင်ကြရသည်။

တန်ဖိုးစိစစ်ရေးအဖွဲ့သို့ တင်ပြရခြင်း

ရန်ကုန်တိုင်းအတွင်းရှိသည့် အိမ်၊ခြံ၊မြေတိုက်ခန်းများ ရောင်းခြင်း၊ ဝယ်ခြင်းပြုလုပ်ပါက ပထမဦးစွာ ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်း၊ ်ရှိ ရန်ကုန်တိုင်း တန်ဖိုးစိစစ်ရေးအဖွဲ့သို့ တန်ဖိုးစိစစ် သတ်မှတ်ပေးပါရန် အရောင်းအဝယ် ကတိစာချုပ်နှင့်အတူ လိုအပ်သော စာရွက်စာတမ်းများကို ပူးတွဲတင်ပြပြီး အရောင်းအဝယ်ပြုသည့်နေ့မှ တစ်လအတွင်း ရောင်းသူဝယ်သူ ကိုယ်တိုင်သွားရောက်၍ ပုံစံများ ဖြည့်စွက်တင်သွင်းရ ပေသည်။

တန်ဖိုးစိစစ်ရေးအဖွဲ့၏ ဆောင်ရွက်ချက်

တန်ဖိုးစိစစ်ရေးအဖွဲ့သည်လိုအပ်လျှင် ကွင်းဆင်းစစ်ဆေးပြီး အိမ်၊မြေ၊ တိုက်ခန်းတန်ဖိုး သတ်မှတ်ထားသည့် စံနှုန်းများနှင့်အညီ စည်းဝေးဆုံးဖြတ်သတ်မှတ်ပေးပါသည်။ ထို့နောက် အိမ်၊ မြေ၊ တိုက်ခန်းတို့၏ တန်ဖိုးသတ်မှတ်ချက် အကြောင်းကြားစာကို အဆိုပါ အိမ်၊ မြေ၊ တိုက်ခန်းရှိရာ မြို့နယ်အခွန်ဦးစီးမှူးရုံးသို့ တစ်လအတွင်း ပေးပို့ပါသည်။ အခွန်ထမ်းသည် သက်ဆိုင်ရာ မြို့နယ်အခွန်ဦးစီးမှူးရုံးတွင် ကျသင့်သည့် ဝင်ငွေခွန်ကို ပေးသွင်းရမည်ဖြစ်သည်။

အခွန်နှုန်းသတ်မှတ်ချက်များ

အများပြည်သူက အလွယ်ကူဆုံးသတ်မှတ်ခေါ်တွင်နေကြသော - ရောင်းခွန်ဖြစ်သည့် ရောင်းရသည့် အခြေပစ္စည်း အိမ်မြေ တိုက်ခန်း တို့မှ ရရှိသော အမြတ်အ စွန်းငွေပေါ်တွင် ကောက်ခံသည့် ဝင်ငွေခွန်နှင့် - ဝယ်ခွန်ဟု သတ်မှတ် ခေါ်တွင်နေကြသော အိမ်၊ မြေ၊ တိုက်ခန်းတို့ ဝယ်ယူသည့် ငွေပေါ်တွင် ကောက်ခံသည့် ဝင်ငွေ ခွန်ဟူ၍ နှစ်မျိုးရှိပါသည်။

သတ်မှတ်သည့်ရောင်းခွန်နှုန်းထား

၂ဝ၁၈-၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေ ပုဒ် မ-၂၇တွင် အခြေပစ္စည်းတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ ရောင်းချ ခြင်းလဲလှယ်ခြင်း၊ အခြားတစ်နည်းနည်းဖြင့် လွှဲပြောင်းခြင်းမှ မြတ်စွန်းငွေရရှိလျှင် ထိုသို့မြတ်စွန်းသည့် ကျပ်ငွေ သို့မဟုတ် နိုင်ငံခြားငွေ အပေါ် ၁ဝ ရာခိုင်နှုန်း ဖြင့် ဝင်ငွေခွန် စည်းကြပ်ရမည်ဟု ပြဋ္ဌာန်းထားပေသည်။ ပြည်ပနေ နိုင်ငံခြားသားဖြစ်ပါက ကျသင့်အခွန်ကို ရရှိသည့် ငွေကြေးအမျိုးအစားဖြင့် ပေးဆောင်ရမည်။

ဆိုလိုသည်မှာ - အိမ်၊မြေ တိုက်ခန်းများ ရောင်းချ၊ လွှဲပြောင်း ပေးခြင်းကြောင့် မူလဝယ်စဉ်က တန်ဖိုးပေါ်တွင် အမြတ်အစွန်းရရှိခဲ့သော် ယင်းရရှိသည့် အမြတ်အစွန်းပေါ်တွင် တစ်ဆယ်ရာခိုင်နှုန်း အခွန်ထမ်းဆောင်ရမည်ဖြစ်သည်။

ခြွင်းချက်အနေဖြင့် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေပုဒ်မ-၂၈တွင် နှစ်တစ်နှစ်အတွင်း အခြေပစ္စည်းတစ်ခု သို့မဟုတ် တစ်ခုထက် ပို၍ ရောင်းချခြင်း၊ လဲလှယ်ခြင်း သို့မဟုတ် အခြားတစ်နည်းနည်းဖြင့် လွှဲ ပြောင်းခြင်းပြုလုပ်သည့် အခြေပစ္စည်း၏ တန်ဖိုးစုစုပေါင်းသည်ကျပ်သိန်းတစ်ရာထက်မပိုလျှင် အခြေပစ္စည်းမှ မြတ်စွန်းငွေ ပေါ်ပေါက်စေကာမူ ဝင်ငွေခွန် စည်းကြပ်ခြင်းမပြုရ ဟု ပြဋ္ဌာန်းထားပါသည်။ ထိုကြောင့် အခြေပစ္စည်း ရောင်းရသည့် တန်ဖိုးမှာ ကျပ်သိန်းတစ်ရာထက် မကျော်လျှင် အခွန်စည်း ကြပ်ခြင်းမရှိဘဲ အလိုအလျောက်ကင်းလွတ်ခွင့်ရမည်ဖြစ်သည်။

သတ်မှတ်သည့် ဝယ်ခွန်နှုန်းထား

၂ဝ၁၈-၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေ ပုဒ်မ ၂၅တွင် နိုင်ငံသားမည်သူမဆို အခြေပစ္စည်း တစ်ရပ်ရပ်ကို ဝယ်ယူခြင်း၊ တည်ဆောက်ခြင်း၊ ရယူခြင်းနှင့် လုပ်ငန်းအသစ်တည်ထောင်ခြင်း၊ လုပ်ငန်းထပ်မံတိုးချဲ့ဆောင်ရွက်ခြင်းတို့အတွက်အသုံးပြုသည့် ဝင်ငွေမှာ ဝင်ငွေရလမ်းတင်ပြနိုင်ခြင်းမရှိပါက အသုံးပြုသည့် ဝင်ငွေပေါ်တွင်လည်းကောင်း၊ အောက်ဖော်ပြပါ အခွန်နှုန်းထားအတိုင်း ဝင်ငွေခွန်စည်းကြပ်ရမည်။ အသုံးပြုသည့် ဝင်ငွေအပေါ် ဝင်ငွေရလမ်းအတိအကျတင်ပြနိုင်ပါက ဝင်ငွေခွန်ထမ်းဆောင်ရန်မလိုပါ။ ထို့ကြောင့် အိမ်၊ မြေ၊ တိုက်ခန်းများဝယ်ရာတွင် အသုံးပြုသောငွေမှာ ဝင်ငွေရလမ်း မဖော်ပြနိုင်သည့် ဝင်ငွေ ဖြစ်နေလျှင် ယင်းဝင်ငွေ အပေါ် ဝင်ငွေခွန်စည်းကြပ်ခံရမည်ဖြစ်ပေသည်။

သို့ရာတွင် အိမ်၊ မြေ၊ တိုက်ခန်း ဝယ်ရာတွင် အသုံးပြုသော ငွေထဲ၌ ဝင်ငွေရလမ်းတင် ပြနိုင်သည့် ဝင်ငွေပါရှိနေပါက ယင်းဝင်ငွေ ကို နုတ်၍ ကျန်ရှိသည့်ဝင်ငွေရလမ်း မဖော်ပြနိုင်သော ဝင်ငွေအပေါ်တွင်သာ အောက်ပါနှုန်းထားအတိုင်း ထမ်းဆောင်ရမည်ဟု ပြဋ္ဌာန်းထားသည်။

ဆိုလိုသည်မှာ - အိမ်၊ မြေ၊တိုက်ခန်းများ ဝယ်ယူရာတွင် အသုံးပြုသော ဝင်ငွေမှာ ယခင်က အခြေပစ္စည်း အိမ်၊ မြေ၊တိုက်ခန်း အပါအဝင် မော်တော်ကား စသဖြင့် အခိုင်အမာ ပစ္စည်းများ ရောင်းချစဉ်၊ တရားဝင်အခွန်စည်း ကြပ်ထားပြီးသောငွေ၊ ဝင်ငွေရလမ်း ဖော်ပြနိုင်သည့်ဝင်ငွေကို သုံး စွဲကြောင်း အခွန်ထမ်းမှ တင်ပြခွင့် ရှိပေသည်။
 
ထိုအခါ အိမ်၊ မြေ၊ တိုက်ခန်း ဝယ်ယူသည့် ဝင်ငွေထဲမှ ယခင်က ပစ္စည်းရောင်းချ၍ အခွန် စည်းကြပ်ထားသော ဝင်ငွေကိုနုတ် ပြီး ကျန်ရှိသည့်ဝင်ငွေအပေါ် အောက်ပါနှုန်းထားအတိုင်းထမ်းဆောင်ရမည်ဖြစ်ကြောင်း ပြဋ္ဌာန်း ထားခြင်းဖြစ်သည်။

ကျန်ရှိသည့်ဝင်ငွေရလမ်း မဖော်ပြနိုင်သော၊ အခွန်စည်းကြပ်ထားခြင်းမရှိသော ငွေမှာ -

• ငွေ၁ကျပ် မှ သိန်း ၃၀၀အထိ ၁၅ ရာခိုင်နှုန်း။

• ငွေကျပ် ၃၀၁ သိန်း မှ ငွေကျပ်သိန်း ၁၀၀၀အထိ ၂၀ ရာခိုင်နှုန်း။

• ငွေကျပ် ၁၀၀၁ သိန်း နှင့်အထက် ၃၀ ရာခိုင်နှုန်း ထမ်းဆောင်ရမည် ဟု သတ်မှတ်ပြဋ္ဌာန်းထားပေသည်။

ထို့ပြင် ယင်းဥပဒေ ပုဒ်မ ၂၅ ၌ အခြေပစ္စည်း တစ်ရပ်ရပ် ကို ဝယ်ယူရာတွင် အသုံးပြုသော ငွေအားလုံးအပေါ် ဝင်ငွေရလမ်း အတိ အကျတင်ပြနိုင်ပါက ဝင်ငွေ ခွန်ထမ်းဆောင်ရန် မလိုဟု ဖော်ပြထားပေသည်။

ဆိုလိုသည်မှာ - အိမ်မြေ၊ တိုက်ခန်း ဝယ်ယူရာတွင် သုံးစွဲသည့် ငွေကြေးပမာဏမှာ ယခင်က အိမ်မြေ တိုက်ခန်း မော်တော်ကား စသဖြင့် ခိုင်မာသည့် ပစ္စည်းရောင်းချခဲ့စဉ် အခွန်စည်းကြပ်ထားပြီးဖြစ်သော ဝင်ငွေ သို့မဟုတ် အခြားနည်းလမ်းတစ်ခုခုဖြင့် ဥပမာ- ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းတစ်ခုခုဖြင့် ရရှိထားသောဝင်ငွေအပေါ်အခွန်စည်းကြပ်ထားပြီး ဖြစ်သည့် ဝင်ငွေပမာဏအောက် လျော့နည်းနေပါက ထပ်မံအခွန် ထမ်းဆောင်ရန် မလိုအပ်တော့ဘဲ အခွန်စည်းကြပ်ခြင်းမှ ကင်းလွတ် ခွင့်ရမည်ဖြစ်သည်။

ထို့ကြောင့် မိမိထမ်း ဆောင်ရမည့် ဝင်ငွေခွန်များကို မှန်မှန်ထမ်းဆောင်ခြင်းဖြင့် ရရှိလာသော ဝင်ငွေများအား အိမ်၊မြေ၊ တိုက်ခန်း စသည့် အခြေပစ္စည်းများကို ဝယ်ယူရင်းနှီးမြှုပ်နှံခြင်းဖြင့် အကျိုးအမြတ်များ အဆက်မပြတ်ရရှိလာမည်ဖြစ်ကြောင်း အကြံပြုရေးသားလိုက်ပါသည်။

How To Laws and Regulations Read 456 times