မြေငှားရမ်းခ တစ်နှစ် ကျပ်သိန်းနှစ်ထောင်ကျော်ရှိနေသော ဟိုတယ်မန္တလေး


11 December, 2019

ဟိုတယ်မန္တလေးလုပ် ငန်း၏ မြေနေရာ တစ်နှစ်လျှင် ကျပ် ၁၅ သိန်းနှုန်းဖြင့် စတင်ငှား ရမ်းခြင်းကို နည်းသည်ဟု ထင်ရသော်လည်း ဟိုတယ်တည် ဆောက်ရာတွင် ရင်းနှီးမြှုပ်နှံခဲ့ သည့်ငွေနှင့် ဝင်ငွေခွန်ပေးရသည့် နှုန်းကိုတွက်ချက်လျှင် တစ်နှစ် ငှားရမ်းခနှုန်းသည် ကျပ်သိန်း ၂,၄၅၀ ရှိနိုင်ကြောင်း

ဟိုတယ် မန္တလေးအုပ်ချုပ်ရေးအဖွဲ့က ဧပြီ ၆ ရက်တွင် သတင်းထုတ်ပြန် သည်။

 

ဟိုတယ်မန္တလေးမြေနေရာ ကို ငှားခဲ့သည့် အေကေဆောက် လုပ်ရေးလုပ်ငန်းသည် ဟိုတယ် လုပ်ငန်း လုပ်ကိုင်ရန်နှင့် အ ဆောက်အအုံများ ဆောက်လုပ် ရန် ယနေ့ကာလပေါက်ဈေးအရ ကျပ်သိန်း ၆၅,၀၀၀ ကျော် ရင်းနှီး မြှုပ်နှံပြီး တစ်နှစ်လျှင် ကျပ် ၁၅ သိန်းနှုန်းဖြင့် စတင်ငှားရမ်းခဲ့ သော်လည်း ငါးနှစ်တစ်ကြိမ် ၁၅ ရာခိုင်နှုန်း တိုးမြှင့်ပေးသွင်းရန်နှင့် ဝင်ငွေ၏ ၅ ရာခိုင်နှုန်းကို နှစ်စဉ် ပေးသွင်းရန် သတ်မှတ်ထား ကြောင်း ထုတ်ပြန်ချက်တွင် ဖော် ပြထားသည်။
 
ထို့ကြောင့် ရင်းနှီးမြှုပ်နှံခဲ့ သည့်ကျပ်သိန်း ၆၅,၀၀၀ ကျော် ကို နှစ် ၃၀ ဖြင့် စားပါက ငှားရမ်း ခတန်ဖိုးသည် ကျပ်သိန်း ၂,၀၀၀ ကျော်ရှိမည်ဖြစ်ပြီး ဟိုတယ်လုပ် ငန်းမှရရှိသည့် ဝင်ငွေ ၅ ရာခိုင် နှုန်း ပေးသွင်းရသည်ကို တွက်ပါ က တစ်နှစ်လျှင် ကျပ်သိန်း ၄၅၀ ကျော်ရှိသဖြင့် မန္တလေးမြို့တော် စည်ပင်မှ တစ်နှစ်လျှင် ငှားရမ်းခနှုန်း ကျပ်သိန်း ၂,၄၅၀ ရရှိနေသည်ဟု မှတ်ယူရမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

 

ဧပြီ ၁ ရက်တွင် ကျင်းပ သည့် မန္တလေးတိုင်းလွှတ်တော်၌ မန္တလေးတိုင်း စာရင်းစစ်ချုပ်တင် သွင်းသော ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အစီရင်ခံစာတွင် ဟိုတယ်မန္တလေး၏ မြေနေရာ ၁ ဒသမ ၆၂၅ ဧကသည် ၁၉၉၇ မှ ၂၀၂၇ အထိ နှစ် ၃၀ စာချုပ်ဖြင့် ငှားရမ်းရာ၌ မြေငှားရမ်းခသည် တစ်နှစ်လျှင် ကျပ် ၁၅ သိန်းသာရှိပြီး ၂၀၁၇- ၁၈ ဘဏ္ဍာနှစ်တွင် တစ်နှစ်လျှင် ကျပ် ၅၈ သိန်းနှုန်းဖြင့် တစ်လလျှင် ကျပ်လေးသိန်းရှစ်သောင်းသာရှိ ကြောင်း ဖော်ပြထားသည်။

 

အဆိုပါ မြေငှားရမ်းခနှုန်း သည် ကာလပေါက်ဈေးများဖြင့် နှိုင်းယှဉ်ပါက အဆမတန်နည်း ပါးနေ၍ စာချုပ်များ ပြင်ဆင်ချုပ်ဆိုရန် လိုအပ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ထောက်ပြဆွေးနွေးသဖြင့် ဟိုတယ်မန္တလေးဘက်က သတင်းထုတ်ပြန် ခြင်းဖြစ်သည်။

 

‘‘၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာ ၇၈ လမ်းနဲ့ ၃၇ လမ်းထောင့်မှာရှိ တဲ့ မြေ ၁ ဒသမ ၆၂၅ ဧကဟာ ငှားရမ်းခအနေနဲ့ တစ်နှစ်ကို ၅၈ သိန်းနဲ့ တစ်လကို လေးသိန်းရှစ် သောင်းသာရှိပြီး ရန်ကုန်-မန္တ လေးလမ်း ကျွဲဆည်ကန်အနီးမှာ ရှိတဲ့ ပေ ၁၀၀ ပတ်လည် မြေငှား ရမ်းခ သိန်း ၃၀ နဲ့ ယှဉ်လိုက်ရင် ပြည်သူများ အသည်းနာစရာ ကောင်းလှပါတယ်’’ဟု နွားထိုးကြီးမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ် ဒေါ်ငြိမ်းသက်နွယ်က လွှတ်တော်တွင် ပြောကြားထား ခြင်းကြောင့်ဖြစ်သည်။

 

မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီက ဟို တယ်မန္တလေးမြေနေရာငှားရမ်းခ နှုန်းသည် မူလစာချုပ်၌ ခေတ်ကာ လနှင့်လျော်ညီမှုမရှိ၍ သင့်မြတ် သောနှုန်းဖြင့် ပြင်ဆင်သတ်မှတ် ရန် ၂၀၁၈ နိုဝင်ဘာက အ ကြောင်းကြားစာ ပေးပို့ခဲ့ကြောင်း မန္တလေးမြို့တော်ဝန် ဦးရဲလွင်က ဧပြီ ၃ ရက်၌ လွှတ်တော်တွင် ဖြေကြားခဲ့သည်။

 

သို့ရာတွင် မူလစာချုပ်အရ ငှားရမ်းထားသည့် နှစ် ၃၀(၂၀၂၇) အစား စုစုပေါင်း နှစ် ၅၀ အထိ တိုးမြှင့်၍ ၂၀၄၆ အထိ သက်တမ်း တိုးခွင့်ပေးပြီး မြေငှားရမ်းခနှုန်း ထားများကို ငါးနှစ်တစ်ကြိမ် ၁၅ ရာခိုင်နှုန်းတိုးမြှင့်၍ ပေးဆောင် နေရာမှ ၁၀ နှစ် တစ်ကြိမ် ၁၅ ရာခိုင်နှုန်း တိုးမြှင့်ပေးဆောင်ရမည် ဟု ပြောင်းလဲသတ်မှတ်ရန် ပြန်လည်တောင်းဆိုပြီး သက်တမ်းတိုးခွင့်မရလျှင် မူလစာချုပ်အတိုင်း လုပ်ကိုင်မည်ဟု အေကေ ဆောက်လုပ်ရေးလုပ်ငန်းက အ ကြောင်းပြန်ခဲ့ကြောင်း ဦးရဲလွင် က ပြောကြားသည်။

 

ဟိုတယ်မန္တလေး၏ ထုတ် ပြန်ချက်နှင့်ပတ်သက်၍ ‘‘ကိုယ် ကြိုက်နှစ်သက်ရာမှာ ရင်းနှီးမြှုပ်နှံ ခဲ့ကြတာကို အဲဒီလိုတွက်လို့မရ ဘူးလေ။ ကိုယ်ကကြိုက်လို့ ဒီနေ ရာကို ငှားရင် ဒီနေရာရဲ့တန်ရာ တန်ကြေးကို ပေးရမှာပေါ့။ ဥပ မာ ၆၂ လမ်းပေါ်မှာ ဂိုဒေါင် ဆောက်ဖို့ဆိုပြီး မြေနေရာငှား တယ်ဆိုပါတော့။ ငှားတဲ့လူက သိန်း ၄၀ တစ်ပြားမှမလျှော့ဘူး။ ဂိုဒေါင်ကလည်း ကိုယ့်ဟာကိုယ် ဆောက်ရတယ်။ အဲဒီဆောက်တဲ့ ကိစ္စက ငှားချင်တဲ့လူနဲ့ပဲ ဆိုင်တာ လေ။ အဲဒါကို သိန်း ၄၀ မကဘူး ငါ ဂိုဒေါင်ဆောက်လိုက်ရတာဆို ပြီး သွားပြောလို့မရဘူး။ ဝင်ငွေရဲ့ ၅ ရာခိုင်နှုန်းကို ပေးဆောင်တဲ့ ဟာကလည်း သိန်း ၄၅၀ ကျော် တကယ် ပေးဆောင်ခဲ့တာလား။ အဲဒါကလည်း ရောချလို့မရဘူး လေ။ အမှန်တကယ်ပေးဆောင် ထားတယ်ဆိုရင်လည်း ထောက်ခံ ချက်လိုပါတယ်။ အဲဒါကလည်း ကိုယ့်လုပ်ငန်းက ဝင်ငွေရတဲ့အ ပေါ်မှာ ပေးဆောင်တာလေ။ မြေ နေရာငှားရမ်းခက သတ်သတ်ပါ။ သူတို့ကို ထိခိုက်စေချင်တာမျိုး တော့ မဟုတ်ပါဘူး။ ဒီမြေကို ငှား ရင် ဒီနေရာရဲ့ တန်ရာတန်ကြေး ကို ရစေချင်တာပါ။ အဲဒါက လည်း အများပြည်သူအတွက်ပါ’’ ဟု ဒေါ်ငြိမ်းသက်နွယ်က ပြော သည်။

 

စာရင်းစစ်ချုပ် အစီရင်ခံစာအရ မြေငှားရမ်းခနှုန်းထားများ ကို ကာလပေါက်ဈေးထက် နည်း ပါးစွာ စာချုပ်ချုပ်ဆိုထားသည့် ဟိုတယ်များသည် ဟိုတယ်မန္တ လေးအပြင် မင်းသားကြီးဟိုတယ် နှင့် မန္တလေးစီးတီးဟိုတယ် ပါဝင် ကြောင်း ဖော်ပြထားသည်။

Region Real Estate & Properties Read 55 times