အဘယ်ကြောင့် ဟောင်ကောင် ဆောက်လုပ်ရေးတွင် ဝါးငြမ်း ဆက်လက်အသုံးပြုနေကြသနည်း


18 September, 2022

အဘယ်ကြောင့် ဟောင်ကောင် ဆောက်လုပ်ရေးတွင် ဝါးငြမ်းကို အသုံးပြုနေကြသနည်း

ဟောင်ကောင်သည် ဆောက်လုပ်ရေးလုပ်ငန်းများတွင် ငြမ်းဝါးကို တွင်ကျယ်စွာအသုံးပြုနေဆဲဖြစ်သည့် ကမ္ဘာ့နောက်ဆုံးနေရာများထဲမှ နေရာတစ်ခုဖြစ်သည်။

.
ဝါးသည် ယခုအခါ တရုတ်ပြည်မကြီးနှင့် အာရှရှိ အခြားနေရာများတွင် အသုံးများသော စတီးလ်နှင့် အလူမီနီယံသတ္တုများထက် ပိုကွေးညွှတ်လွယ်၊ ပိုခိုင်ခံ့ပြီး စျေးလည်း ပိုသက်သာပါသည်။

 ဟောင်ကောင်တွင် ကျွမ်းကျင်သော ငြမ်းသမားအဖွဲ့များသည် အဆောက်အအုံတစ်လုံးကို ငုံမိရန် ဝါးအလုံအလောက်ဖြင့် တစ်ရက်အတွင်း ငြမ်းအပြီးဆင်ပေးနိုင်ကြသည်။ နာရီပိုင်းအတွင်းလည်း အပြီးငြမ်းဆင်ပေးနိုင်ကြသည်။
  
နှစ်ထောင်ပေါင်းများစွာ မျိုးဆက် အဆက်ဆက် ပညာလက်ဆင့်ကမ်းခဲ့ကြသော  နည်းစနစ်များကို အသုံးပြု၍ ငြမ်းဆင်ကြသည်။

တရုတ်သမိုင်းတစ်လျှောက်တွင် ဝါးကို ဆောက်လုပ်ရေးလုပ်ငန်း၌ တွင်ကျယ်စွာအသုံးပြုခဲ့သည်။

ဘာကြောင့် ဝါးကို သုံးခဲ့ကြသလဲ။

ဝါးသည် ကမ္ဘာပေါ်တွင် ကြီးထွားမှုအမြန်ဆုံးအပင်များထဲမှ တစ်ခုဖြစ်သည်။ ဝါးပင် တစ်ရက် ၆၀ စင်တီမီတာအထိ ရှည်ထွက်သည်။ အမြင့် မီတာ ၄၀ ရောက်သည်အထိ ကြီးထွားသည်။

ဝါးတွင် ထူထဲသော မြေအောက်အမြစ်အုံ ရှိပြီး လျင်မြန်စွာ ကြီးထွားသည်။ မီတာအနည်းငယ် ကွာဝေးသည်အထိ အမြစ်ရောက်ရှိပြီး အပင်သစ်များအတွက် အစို့များ ထွက်သည်။
ဝါး၏အတွင်းပိုင်းဆဲလ်များ ပုံသဏ္ဍာန်ဖွဲ့စည်းပုံက ဖိသိပ်မှုကိုခံနိုင်ရည်ရှိနေစေသည်။ ထိုအချက်က ငြမ်းဆင်ဖို့အတွက် ဝါးသည် အကောင်းဆုံး ဖြစ်နေစေသည်။


သံမဏိနဲ့ ယှဉ်ရင် ဝါးက ပိုပေါ့သည်။ ငြမ်းဆင်သည့်အခါ သံမဏိထက် ၆ ဆ ပိုမြန်သည်။ ငြမ်းပြန်ဖျက်သည့်အခါ ၁၂ ဆ ပိုမြန်သည်။ ကုန်ကျစရိတ် နည်းပါးသည်။

ဝါးငြမ်းဆင်ဖို့ ခေတ်မီ စက်ယန္တရားများ သို့မဟုတ်  ကိရိယာများ မလိုအပ်ဘဲ နိုင်လွန်ကြိုးများနှင့် ကျွမ်းကျင်သော ငြမ်းသမားများသာ လိုအပ်သည်။

စနစ်တကျ ငြမ်းဆင်ထားလျှင် ဝါးငြမ်းသည် သံမဏိထက် ပိုမိုခိုင်ခံ့နိုင်ပြီး အလိုက်သင့် ကွေးညွှတ်ပေးနိုင်သည်။ ဆင်ထားပြီးသား ငြမ်းကို ပြောင်းလဲပြင်ဆင်ဖို့ လိုအပ်လာလျှင်လည်း အလွယ်တကူ ပြောင်းလဲပေးနိုင်ပါသည်။

ဝါးငြမ်းကို အဆောက်အဦတစ်ခုလုံး ဖြစ်စေ၊  အစိတ်အပိုင်းအတွက်သာဖြစ်စေ အသုံးပြုနိုင်သည်။

ဟောင်ကောင်တွင် မွမ်းမံနေသော အဆောက်အဦများတွင် ဝါးငြမ်းကို တွေ့ရမည်။ မွမ်းမံနေသည့် အပိုင်းကိုသာ ကွက်ကွက်ကလေး ငုံထားသော ဝါးငြမ်းကိုလည်း တွေ့ရမည်။ အဆောက်အဦ၏ မြင့်မြင့်မားမားနေရာရှိ မွမ်းမံနေသော အထပ်များကိုသာ ဝါးငြမ်းဆင်ထားသဖြင့် "ဝါးလသာဆောင်" တစ်ခုလို နံရံမှာ ထွက်ပေါ်နေသော ဝါးငြမ်းမျိုးကိုလည်း တွေ့ရမည်။

အချိုးမကျ ခွတီးခွကျ နေရာမျိုးနှင့် အံဝင်ခွင်ကျဖြစ်စေရန်အတွက် ဝါးလုံးများကို လိုအပ်သလို အလွယ်တကူ ဖြတ်တောက်ပြီး ငြမ်းဆင်ပေးနိုင်သည်။ ထိုအချက်သည် ဟောင်ကောင်အတွက် အရေးကြီးသည်။ အဆောက်အဦများ နီးနီးကပ်ကပ် နေရာကျပ်နေသည့် ကြားထဲ ငြမ်းဆင်ရန်အတွက် ဝါးက အဆင်ပြေသည်။

ဟောင်ကောင်တွင် ငြမ်းအများစုမှာ ဝါးအမျိုးအစား နှစ်မျိုးဖြစ်သော Kao Jue (တိုင်ဝါး) နှင့် Mao Jue (ဆံပင်ဝါး) တို့ကို သုံးစွဲသည်။

တိုင်ဝါးသည် အသားပိုထူသည်။ ပိုခိုင်ခံ့သည်။ အချင်း 75mm ခန့် ရှိသည်။ အသား အနည်းဆုံး 10mm ထူသည်။ ဝန်အလေးကို ခံနိုင်ရည် ရှိသည်။ 
ဆံပင်ဝါးသည် အသားပါးသည်။ အချင်း 40mm ခန့် ရှိသည်။ ပလက်ဖောင်း ခင်းရန် သုံးသည်။ 

ဝါးများအားလုံး ဝါးပင်သက်တမ်း အနည်းဆုံး ၃ နှစ် ရှိရမည်ဖြစ်ပြီး ခုတ်ပြီးနောက် အနည်းဆုံး ၃ လ အခြောက်ခံထားပြီးသား ဖြစ်ရမည်။
ဝါးလုံးတိုင်းသည် အရှည် ၇ မီတာခန့် ရှိသည်။ အဆောက်အဦ ပြင်ပတွင် ပုံထားနိုင်သည်။ ငြမ်း ၃ ကြိမ် ဆင်နိုင်သည်။ 


ဟောင်ကောင် ငြမ်းသမားများသည် လက်တွေ့ဘဝ၏ ပင့်ကူလူသားများ ဖြစ်ကြသည်။
သာမန်လူတို့ ခေါင်းမူးနောက်သွားနိုင်သည့် အမြင့်ကို တက်ဖို့ ကျွမ်းကျင်ကြသည်။ 
ထို့သို့ ကျွမ်းကျင်သော ငြမ်းသမား လျော့နည်း လာနေသဖြင့် ဝါးငြမ်းလုပ်ငန်းကဏ္ဍ၏ အနာဂတ်မှာ မရေရာတော့ချေ။ မျိုးဆက်သစ်တို့သည် သံချည်သံကွေး ကဲ့သို့သော အလုပ်မျိုးကို လုပ်ကိုင်ကြသည်။ ငြမ်းပေါ် တက်မလာကြတော့ချေ။ 
ယခုအခါ ဟောင်ကောင်တွင် မှတ်ပုံတင်ထားသည့် ငြမ်းလုပ်သားဦးရေ ၂,၄၇၉ သာ ရှိတော့သည်။ 

ဝါးငြမ်းဆင်ခြင်း၊ ဝါငြမ်းဆင်ထားပုံကို ပြောင်းလဲခြင်း၊ ငြမ်းဖျက်ခြင်းတို့ကို သင်ယူတတ်မြောက်ထားသူတို့သာ လုပ်ကိုင်သင့်သည်။
 ငြမ်းဆင်သည်အခါ အောက်ခြေမှ အထက်သို့ ဆင်သည်။ အတွင်းမှ အပြင်သို့ တိုးချဲ့ပြီး ဆင်သည်။

 


လုပ်ငန်းခွင်ပလက်ဖောင်းများသည် အနည်းဆုံး ၄၀ စင်တီမီတာ ကျယ်သင့်ပြီး အပျက်အစီး အစအနများ ကင်းစင်‌နေရမည်။ ဝန်ပိနေခြင်း ကင်းရမည်။


 

ဟောင်ကောင်တွင် လွန်ခဲ့သောဆယ်စုနှစ်များစွာက ဝါးငြမ်းများသည် ဘေးကင်းရေးအစီအမံများ မရှိဘဲ အမြင့်တွင် လုပ်ကိုင်ခဲ့ကြသည်။ ဘေးကင်းရေးအစီအမံ ရှိပါသည် ဆိုလျှင်လည်း စတိသဘောမျှသာ ဖြစ်သည်။
ယခုအခါ များစွာပြောင်းလဲခဲ့ပြီဖြစ်သည်။  ယနေ့ခေတ် ငြမ်းလုပ်သားများသည် လုပ်ငန်းခွင်တွင် အချိန်ပြည့်  သင့်လျော်သော ဘေးကင်းရေး ကိရိယာများကို ဝတ်ဆင်ထားရမည်ဖြစ်သည်။
ဥပမာအားဖြင့် ယခင်က နေပူဒဏ်အတွင် ကောက်ရိုးဦးထုပ် ဆောင်းသည်။ ယခုအခါ ဘေးကင်းရေး ဦးထုပ်မာကို ဆောင်းရသည်။

 


လိုင်စင်လည်း ရထားဖို့ လိုအပ်သည်။ လိုင်စင်အတွက် Hong Kong Construction Industry Council ပို့ချသော သင်တန်းတွင် တစ်နှစ်တာလေ့ကျင့်သင်ကြားမှု ရယူရသည်။

ငြမ်းလုပ်သားများကို အဆင့် ၃ မျိုး ခွဲခြား သတ်မှတ်ထားသည်။ လူသစ်တန်း အလုပ်သင် ၂ နှစ် လုပ်ကိုင်ရသည်။ 
အလယ်အလတ်အဆင့်သည် ကျွမ်းကျင်သူ၏ ကြီးကြပ်မှုအောက်တွင် လုပ်ကိုင်ရသည်။ 
အကြီးတန်းအဆင့်သည် အင်ဂျင်နီယာနှင့် အတူ လုပ်ကိုင်ရသည်။ 
အဆင့်နှင့် တတ်ကျွမ်းမှုအပေါ်မူတည်ပြီး တစ်နေ့လုပ်ခ HK$800 (S$142.31) မှ HK$2,000 ကျော်အထိ ရရှိကြသည်။

ရိုးရာဓလေ့အရ ငြမ်းမဆင်ခင် အရင် ကန်တော့ပွဲ ပေးသည်။

ယေဘုယျအားဖြင့် ငြမ်းဆင်ပုံ ၃ မျိုးရှိသည်။

 

အဆောက်အဦ ဆောက်လုပ်ခြင်း၊ အကြီးစား ပြုပြင်ထိန်းသိမ်းခြင်းများအတွက် ငြမ်းဆင်ခြင်း။

 


အဆောက်အဦအပြင်ဘက် လုပ်ငန်းခွင် ငြမ်းစင်အတွက် ငြမ်းဆင်ခြင်းကို ရေဆင်းပိုက်များ ပြုပြင်ထိန်းသိမ်းခြင်း၊ နံရံမှ ကွန်ကရစ်သား ပြုပြင်ခြင်းတို့အတွက် သုံးသည်။ လုပ်ကိုင်မည့် အထပ်များ၊ နေရာများကို ငုံမိအောင်သာ ငြမ်းဆင်သည်။ ငြမ်းအမြင့် ၆ မီတာထက် မကျော်ရဟု ကန့်သတ်ထားသည်။

 


ကျန်သည့် တစ်မျိုးမှာ ဆိုင်းဘုတ်ကြီးများအတွက် ငြမ်းဆင်ခြင်း ဖြစ်သည်။

ဟောင်ကောင်တွင် ပြဋ္ဌာန်းထားသော စည်းမျဉ်းများ အရ ဆောက်လုပ်ရေး သို့မဟုတ် ပြုပြင်ခြင်း လုပ်ငန်း ပြီးစီးသည်နှင့် မဖြစ်မနေ  ငြမ်းများ ချက်ချင်းပြန်ဖျက်ပေးရပါသည်။

Source South China Morning Post
#MyanmarBuilderGuide
 Telegram Channel  https://t.me/Guid4U

 

How To Read 831 times