မြန်မာနိုင်ငံ၏အခြေခံအဆောက်အအုံနှင့် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန်ဟောင်ကေ


07 December, 2020

 ဟောင်ကောင် စီးပွားရေးလုပ်ငန်းရှင်များသည် မြန်မာနိုင်ငံ၌ အခြေခံအဆောက်အအုံ ဖွံဖြိုးတိုးတက်ရေးနှင့် ထောက်ပံ့ပို့ဆောင် ရေးလုပ်ငန်းများ (logistics support) တွင်ရင်းနှီးမြှုုပ်နှံမှုအခွင့်အလမ်းများ ရရှိနိုင်ရန် စိတ်ဝင်စားလျက်ရှိသည်ဟု ဟောင်ကောင် ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှုကောင်စီ (Hong Kong Trade Development Council) လက်ထောက်အမှုဆောင် ဒါရိုက်တာ မစ္စတာ စတီဖန်လီအန် (Mr. Shepen Liang) က ပြောသည်။

        ဟောင်ကောင်ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှုကောင်စီ၏ ဦးဆောင်မှုဖြင့် ဟောင်ကောင်ကုမ္ပဏီ ၂၇ ခုက ကိုယ်စားလှယ် ၃၇ ဦးပါဝင်သည့် အဖွဲ့သည် နိုဝင်ဘာ ၂၅ ရက်မှ ၂၈ ရက်အထိ သက်ဆိုင်ရာ မြန်မာလုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် လာရောက်တွေ့ဆုံဆွေးနွေးခဲ့သည်။

''မြန်မာနိုင်ငံမှာ ဟောင်ကောင်စီးပွားရေးကုမ္ပဏီတွေအတွက် လုပ်သာကိုင်သာရှိတဲ့ စီးပွားရေးရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းတွေ ရှာဖွေနေပါတယ်။ အထူးသဖြင့် စက်ရုံလုပ်ငန်းတွေရဲ့ စွမ်းဆောင်ရည် ထောက်ပံ့မြှင့်တင့်ပေးနိုင်မယ့် လုပ်ငန်းမျိုးကို တိုးချဲ့ဆောင်ရွက်ဖို့ စိတ်ဝင်စားကြပါတယ်''

ဟု မစ္စတာစတီဖန်က ပြောသည်။

        ဟောင်ကောင်လုပ်ငန်းရှင်များသည် အလုပ်သမားအများအပြားလိုအပ်သည့် အထည်ချုပ်လုပ်ငန်းများနှင့် ဖိနပ်ထုတ်လုပ်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရန် ညှိနှိုင်းဆွေးနွေးလိုပြီး အခြေခံအဆောက်အအုံနှင့် ထောက်ပံ့ဆက်သွယ်ရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်ရည်ရွယ်သည်ဟု ၎င်းက ပြောသည်။

        ဟောင်ကောင်ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှုကောင်စီ၏စာရင်းများအရ မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများအနက် ရှစ်ခုမြောက် အကြီးဆုံးနိုင်ငံခြားသွင်းကုန် ဈေးကွက်ဖြစ်သည်ဟု သိရသည်။

        ပြီးခဲ့သည့် ၂ဝ၁၇ ခုနှစ်တွင် ဟောင်ကောင်မှ မြန်မာနိုင်ငံသို့ တင်သွင်းခဲ့သည့် စီးပွားရေးကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာသန်း ၂၉ဝ ရှိခဲ့ပြီး မြန်မာနိုင်ငံမှ ဟောင်ကောင်သို့ တင်ပို့ခဲ့သည့် ကုန်သွယ်မှုပမာဏ ၈၉ ဒသမ ၉ သန်းရှိခဲ့သည်ဟု ဟောင်ကောင်ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှုကောင်စီ၏ စာရင်းများတွင် ဖော်ပြထားသည်။

        လက်ရှိအချိန်ထိ ဟောင်ကောင်သည် မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများတွင် တရုတ်၊ စင်ကာပူနှင့် ထိုင်းနိုင်ငံပြီးနောက် လေးခုမြောက် ရင်းနှီးမြှုပ်နှံမှုအများဆုံးနိုင်ငံဖြစ်သည်ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် စာရင်းများအရ သိရသည်။

''မြန်မာနိုင်ငံက စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းတွေကို ဈေးကွက်အတွင်းသာမက ဟိုတယ်တွေအထိ အများဆုံးတင်သွင်းလျက်ရှိပါတယ်။ တစ်ချိန်တည်းမှာပဲ မြန်မာနိုင်ငံက ကုန်ထုတ်စွမ်းအား ဖွံ့ဖြိုးဆဲနိုင်ငံ ဖြစ်တဲ့အလျောက် ကျွန်တော်တို့ဆီမှာလည်း ကျွမ်းကျင်တဲ့ ပညာရှင်တွေ၊ စီမံကိန်းအင်ဂျင်နီယာတွေ၊ အတိုင်ပင်ခံလုပ်ငန်းတွေရှိပါတယ်။ ဒီလိုကျွမ်းကျင်ပညာရှင်တွေ နဲ့ကူညီပြီး မြန်မာ့ထုတ်ကုန်တွေကို နှစ်နိုင်ငံကုန်သွယ်သွားဖို့ ရှိပါတယ်''

ဟု မစ္စတာ စတီဖန်က ပြောသည်။

        မြန်မာအစိုးရသည် ပြီးခဲ့သည့် အောက်တိုဘာ ၁ ရက်ကစတင်ပြီး ဟောင်ကောင်နိုင်ငံသား ခရီးသွားများကို ဗီဇာကင်းလွတ် ခွင့်ပေးခဲ့သည့်အတွက် ဟောင်ကောင်နိုင်ငံသားများ မြန်မာနိုင်ငံသို့ ပိုမိုစိတ်ဝင်တစား လာရောက်လည်ပတ်နိုင်ကြောင်း ၎င်းက ပြောသည်။

''ဟောင်ကောင်ကုမ္ပဏီတွေက အာဆီယံနိုင်ငံအတွင်းက ဟိုတယ်လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားကြတာကို သတိထားမိပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ သူတို့အတွက် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းတွေ၊ စီမံကိန်းတွေရှိလာရင် လာရောက်ရင်းနှီးမြှုပ်နှံကြမှာပါ။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံက ဆွဲဆောင်မှုရှိပြီး စိတ်ဝင်စားဖို့ကောင်းတဲ့အတွက်ကြောင့်ပါ''

ဟု ၎င်းက ပြောသည်။

Global Read 43 times