အိမ်၊ ခြံ၊ မြေရောင်းဝယ်ခြင်းများမှ ဝင်ငွေခွန်ကျပ် ၂၈ သန်းကျော်ရ


13 December, 2019

၂၀ ၁၈ - ၁၉ ဘဏ္ဍာနှစ် အစ အောက်တိုဘာလမှ ဧပြီလအထိ အိမ်၊ ခြံ၊ မြေ ရောင်းဝယ်ခြင်းများမှ ဝင်ငွေခွန် ကျပ် ၂၈ ဒသမ ၈ သန်းခန့် ရရှိထားကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေနိုင်က ပြောကြားသည်။
 
အဆို ပါ ဝင်ငွေခွန်များသည် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် ထုတ်ပြန်ခဲ့ သည့် အိမ်၊ ခြံ၊ မြေ စံနှုန်းများအရ ရာဖြတ်၍ အခွန်စည်းကြပ်ခြင်းမှ ရရှိခြင်းဖြစ်သည်။
 
အိမ်၊ ခြံ၊ မြေ ရောင်းဝယ်ပါက အရောင်းအဝယ်ဖြစ်သည့် ငွေကြေးနှင့် ကိုက်ညီသည့် တံဆိပ်ခေါင်းခွန်ကပ်နှိပ်ရ မည်ဖြစ်ပြီး ထိုသို့ မကပ်နှိပ်ဘဲ ချုပ်ဆို ထားသည့် စာချုပ်များသည် တရားဥပဒေ အရ အကျုံးမဝင်သကဲ့သို့ ထိုသို့ ရောင်း ဝယ်ခြင်းများအား စစ်ဆေးတွေ့ရှိပါက အခွန်ငွေ ၏ ၁၀ ဆအား ဒဏ်ကြေးအဖြစ် ပေးဆောင်ရမည်ဖြစ်ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာနထံမှ သိရသည်။
 
သို့သော် ပြည်ထောင်စုအခွန်အကောက် ဥပဒေတွင် အိမ်၊ ခြံ၊ မြေ ဝယ်ယူ၌ ဝင်ငွေရလမ်းဖော်ပြနိုင်ပါက အခွန်ကင်းလွတ်ခွင့်ပြုထားသည်။
 
ယင်းသို့ ကင်းလွတ်ခွင့်ပြုထား သော်လည်း အိမ်ဝယ်ယူမှုများအတွက် ဝင်ငွေခွန်ကင်းလွတ်ခွင့် ပြန်လည်လျှောက် ထားရာတွင် အခက်အခဲများရှိနေကြောင်း အခွန်ထမ်းအချို့က ဆိုသည်။

Real Estate & Properties Read 55 times