ပုဂ္ဂလိကကုမ္ပဏီတစ်ခုက အဆိုပြုထားသော လှိုင်သာယာ အိမ်ရာစီမံကိန်


15 January, 2019

မလေးရှားအခြေစိုက် အိမ်ခြံမြေကုမ္ပဏီ Berjaya Land သည် လှိုင်သာယာမြို့နယ်တွင် ကျူးကျော်များအတွက် တန်ဖိုးနည်းအိမ်ခန်းပေါင်း ၅၀,၀၀၀ ကျော် ဆောက်လုပ်ပေးရန် စီစဉ်နေကြောင်း သိရသည်။

 ၎င်းစီမံကိန်းစတင်ရန်အတွက် အဆိုပြုရက်စွဲမှာ ၂၀၁၉ ခုနှစ် နိုဝင်ဘာဖြစ်သည်။ ရန်ကုန်တိုင်းအနောက်ပိုင်းမြို့နယ်တစ်ခုဖြစ်သော လှိုင်သာယာရှိ မြေဧက ၂၀၀ ဝန်းကျင်ပေါ်တွင် တည်ဆောက်ရန် အဆိုပြုထားပြီး နေရာအတိအကျကိုမူ မဖော်ပြထားပေ။

   "နေရာကို အတည်မပြုထားသေးပါဘူး။ စီမံကိန်းကို ခွင့်ပြုချက်ပေး၊ မပေးဆိုတာနဲ့ပတ်သက်ပြီး ဆွေးနွေးနေဆဲပါပဲ။" ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စားလှယ်တစ်ဦးက News Watch သို့ ပြောကြားခဲ့သည်။

  အဆိုပါနေထိုင်မည့်သူများမှ လစဉ်ပြန်လည်ပေးသွင်းရမည့် အကြွေးဆိုင်းငံ့ခွင့်ချေးငွေစနစ်နှင့်ပတ်သက်၍ Berjaya Land က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် လက်တွဲဆောင်ရွက်မည်ဖြစ်သည်။ လက်တလောဆွေးနွေးမှုများကတော့ တစ်လလျှင် ငွေကျပ် ၈ သောင်း (အမေရိကန်ဒေါ်လာ ၅၂ ဒေါ်လာ) ခန့်နှင့် သဘောတူထားသော်လည်း အသေးစိတ်မဆွေးနွေးရသေးပေ။

 ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အစိုးရအနေဖြင့် ကျူးကျော်ပြဿနာများဖြေရှင်းနိုင်ရန်အလို့ငှာ ပုဂ္ဂလိကကုမ္ပဏီများနှင့် YCDC (ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ) တို့နှင့်အတူ လက်တွဲ၍ လှိုင်သာယာနှင့် ရွှေပြည်သာတို့တွင် တန်ဖိုးနည်းအိမ်ခန်းပေါင်း ၁ သိန်း တည်ဆောက်ရန် စီစဉ်နေကြောင်း ယခင်က ပြောကြားထားဖူးသည်။

  တန်ဖိုးနည်းအိမ်ရာစီမံကိန်းအတွက် ကုန်ကျစရိတ်များ လျော့နည်းစေရန်ကြိုးပမ်းမှုတစ်ရပ်အဖြစ် အစိုးရက မြေဈေးနှုန်းများအား သုညဖြင့် ချပေးခြင်းဖြင့် တန်ဖိုးနည်းအိမ်ရာဆောက်လုပ်မှုကုန်ကျစရိတ်များ လျှော့ချရန် စဉ်းစားနေကြောင်းလည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က ဖေဖော်ဝါရီအစောပိုင်းကြေညာချက်တစ်ရပ်တွင် ပြောကြားခဲ့သည်။

 လှိုင်သာယာတွင် တန်ဖိုးနည်းအိမ်ရာစီမံကိန်းသစ် ကျန်စစ်မင်း၏ အဆင့်တစ်စတင်မှုကို မကြာသေးမီက ဖွင့်လှစ်ခဲ့သည်။ အဆင့်တစ်တွင် စုစုပေါင်း ၂,၃၇၂ ခန်း ပါဝင်သည့် အဆောက်အအုံ ၇၃ လုံး ပါဝင်မည်ဖြစ်ကာ စီမံကိန်းတစ်ခုလုံးအား မြေဧက ၅၀ ခန့်တွင် ဖော်ဆောင်နေခြင်းဖြစ်သည်။

 မြန်မာ့အိမ်ခြံမြေကဏ္ဍ၏ ထိပ်တန်းသုတေသနရင်းမြစ်ဖြစ်သော Myanmar Real Estate & Construction Monitor က တန်ဖိုးနည်းအိမ်ရာစီမံကိန်းအများစုသည် မြောက်ဒဂုံ၊ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ သင်္ကန်းကျွန်း၊ လှိုင်သာယာနှင့် ရွှေပြည်သာတို့တွင် တည်ရှိကြောင်း မှတ်ချက်ပြုခဲ့သည်။
 
Berjaya Land Berhad ၏ ကျူးကျော်အိမ်ရာ

 Berjaya Land Berhad သည် မလေးရှားနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေဖော်ဆောင်ရေးလုပ်ငန်းစုများအနက်တစ်ခုဖြစ်ကာ Berjaya Corporation ၏ ကုမ္ပဏီခွဲတစ်ခုဖြစ်သည်။

 ၂၀၁၇ ခုနှစ် နိုဝင်ဘာတွင် Yangon Metropolitan Development ကုမ္ပဏီနှင့် Berjaya Land Berhad တို့သည် ရန်ကုန်တွင် ကျူးကျော်အိမ်ရာဖော်ဆောင်မှု အတွက် နားလည်မှုစာချွန်လွှာတစ်စောင် လက်မှတ်ရေးထိုးခဲ့သည်။

 ၎င်းစီမံကိန်းကို ကနဦးက တွံတေးမြို့နယ်၌ မြေဧက ၃ ထောင်ဝန်းကျင်တွင် ဖော်ဆောင်ရန် စီစဉ်ခဲ့သည်။ လှိုင်သာယာတွင် အဆိုပြုထားသည့် စီမံကိန်းသည် ၎င်းစီမံကိန်းပဲ ဟုတ်၊ မဟုတ်ကိုမူ မရှင်းလင်းသေးပေ။

 Berjaya Land Berhad ကိုယ်စားလှယ်များသည် တန်ဖိုးနည်းအိမ်ခန်းများဝယ်ယူမှုအတွက် အကြွေးဆိုင်းငံ့ခွင့်ချေးငွေစနစ်နှင့်ပတ်သက်၍ ဆွေးနွေးရန် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်နှင့် ၂၀၁၈ ခုနှစ် ဇွန်တွင် တွေ့ဆုံခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ၂၀၁၈ ခုနှစ် စက်တင်ဘာတွင် တွေ့ဆုံခဲ့ကြသည်။

 Berjaya Land သည် ဒဂုံဆိပ်ကမ်းနိုင်ငံ့ဝန်ထမ်းအိမ်ရာစီမံကိန်း ဖော်ဆောင်မှုအတွက် EOI (စိတ်ဝင်စားမှုဖော်ပြခြင်းလျှောက်လွှာ) တင်ပြခဲ့ကြသည့် ကုမ္ပဏီ ၁၄ ခုအနက် တစ်ခုဖြစ်သည်။

 Corporation ၏ နောက်ထပ်ကုမ္ပဏီခွဲတစ်ခုဖြစ်သော Berjaya Myanmar Investment က Berjaya HT Eco Park အတွက် စီမံကိန်းများကို ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝန်ကြီးချုပ်ထံသို့ ၂၀၁၇ ခုနှစ် နိုဝင်ဘာတွင် တင်ပြခဲ့ကြောင်းလည်း Myanmar Real Estate & Construction Monitor က မှတ်ချက်ပြုခဲ့သည်။

Residential Read 49 times