အထပ်မြင့် အဆောက်အဦအတွက် မီးသတ်ဦးစီးဌာနရဲ့ ခွင့်ပြုချက်လိုအပ်


01 January, 2020

အထပ်မြင့်အဆောက်အဦတစ်လုံးဆောက်ဖို့ အိမ်ဆောက်မိန့်တင်ရာမှာ မီးသတ်ဦးစီးဌာနရဲ့ ခွင့်ပြုချက် လိုအပ်ပါတယ်။ အဲဒီအတွက် drawing တွေဆွဲပြီး တင်ပြရတယ်။ ခေါ်ယူတွေ့ဆုံတဲ့ အစည်းအဝေးမှာ ရှင်းပြရပါတယ်။

မီးသတ်ဦးစီးဌာနက အဆောက်အဦး မီးဘေးလုံခြုံရေး (Fire Safety) အတွက်စစ်ဆေးပြီး မကိုက်ညီတဲ့ အချက်တွေရှိပါက ပြင်ဆင်ရေးဆွဲပြီး ပြန်လည်တင်ပြရပါတယ်။ အဲဒီအခါကျမှ မီးဘေးလုံခြုံရေးအတွက် လိုက်နာဆောင်ရွက်ရန်ဆိုတဲ့ ညွှန်ကြားချက်တွေနှင့်အတူ ကန့်ကွက်ရန်မရှိကြောင်းဆိုပြီး စာပြန်ပါတယ်။

 အဆောက်အဦပြီးဆုံးချိန်မှာ မီးသတ်ဦးစီးဌာနက စစ်ဆေးပြီး မီးဘေးလုံခြုံရေးစစ်ဆေးထောက်ခံချက်လက်မှတ် Fire Safety Certificate ထုတ်ပေးမှာ ဖြစ်ပါတယ်။

လိုက်နာဆောင်ရွက်ရန် ဆိုတဲ့ အချက်တွေကို ကြိုသိခဲ့ရင် မကိုက်ညီလို့ ပြန်လည်ပြင်ဆင်ရေးဆွဲတင်ပြရတာမျိုးတွေ နည်းသွားမယ်။ အဲဒါကြောင့် မီးသတ်ဦးစီးဌာနက ပေးပို့လာတဲ့ ညွှန်ကြားချက်တွေကို အင်ဂျင်နီယာမိတ်ဆွေများသိအောင် ပြောပြချင်လာတယ်။ ညွှန်ကြားချက်တွေကတော့ .....

၁။ ကွန်ကရစ်လှေကားခွင်အကျယ် (Interior Distance) အနည်းဆုံး (၇)ပေဖြစ်ရန်၊ Main Column (၂)ခု၏ အလယ် (Centre to centre) အကွာအဝေး (၇)ပေ မဖြစ်စေရန်၊ အသားတင်အကျယ် (Clear) ၇ ပေဖြစ်ရန် လိုအပ်ပါသည်။ သို့မှသာ လှေကား (Flight) တစ်စင်း၏ အကျယ် (Waist) သည် (3 1/2) ပေ ရှိရမည်။ ခိုင်ခံ့တောင့်တင်းသော လက်ရန်း (Hand Rail) တစ်ခု အနည်းဆုံး တပ်ဆင်ထားရှိရန်။

၂။ ကွန်ကရစ်လှေကားတစ်လျှောက်တွင် လှေကားထစ် တစ်ထစ်စီ၏ အမြင့် Riser သည် ၇ လက်မထက် မပိုစေရန်နှင့် လှေကားထစ် တစ်ထပ်စီ၏ အကျယ် (Tread) ကို (၁၀)လက်မနှင့် အထက်ရှိအောင် ဆောက်လုပ်ရန်။

၃။ လှေကားခွင်အတွင်း လေဝင်လေထွက် ကောင်းမွန်စေရန် Mechanical Ventilation System တပ်ဆင်ရန် (သို့မဟုတ်) သဘာဝ လေဝင်/လေထွက်ကောင်းမွန်စေရန် လှေကားခွင် အကာနံရံဧရိယာ၏ အနည်းဆုံး (၁၅%) အား လေဝင်/လေထွက်ပေါက် ပြုလုပ်ထားရန်။

၄။ ပင်မဝင်ထွက်တံခါး (Main Door) များကို အနည်းဆုံး အကျယ် ၃ ပေခွဲ ၊ အမြင့် ၆ ပေခွဲရှိစေရန်နှင့် Self Closing Device and Min. 1/2 hr. Fire Door များဖြစ်စေရန်။ (လှေကားခန်း (Stair Way) အား Smoke Stop Lobby, Fir Fighting Lobby နှင့် Min. 1 hr. Fire Rated Enclosure အဖြစ် စီမံထားရှိရန်။

၅။ အရေးပေါ် မီးသတ်လှေကားကို ခေါက်ချိုးပုံ (Zig Zag) ဖြင့်ဆောက်လုပ်ပါက အောက်ပါအချက်အလက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန်


(က) ခေါက်ချိုးပုံမီးသတ်လှေကား၏ Down Ward Angle သည် ၆၀ဒီဂရီထက် မပိုစေရ၊


(ခ) လှေကားခွင်သည် (၁၈) လက်မထက် မကျဉ်းစေရ၊


(ဂ) လှေကားထစ်တစ်ထစ်စီ၏အမြင့် (Riser) သည် (၁၀) လက်မထက် မပိုစေရ၊


(ဃ) လှေကားထစ်တစ်ထစ်စီ၏အကျယ် (Tread) သည် (၆) လက်မထက် မနည်းစေရ၊

(င) ပထမထပ်တွင် မြေညီထပ်သို့ ဆင်းနိုင်သည့် လှေကားအရှင် ထားရှိပေးရန်၊


(စ) လှေကားကို ခိုင်ခံ့စွာဆောက်လုပ်ထားရန်နှင့် လှေကားခွင်တွင် လမ်းရှင်းနေစေရန်၊


(ဆ) လှေကားတစ်ခုနှင့်တစ်ခု ကူးပြောင်းသည့်နေရာ၊ ဆင်းတက်သည့်နေရာ (Landing Area) တွင်လည်းကောင်း၊ လှေကားလိုင်းတွင်လည်းကောင်း ခိုင်ခန့်သော လက်ရန်းအကာများ ပါဝင်စေရန်၊


(ဇ) ဆင်းတက်သည့်နေရာ (Landing Area) ကို (၂၉) လက်မထက် မကျဉ်းစေရ၊

မှတ်ချက်။ အထက်ပါစံချိန်စံညွှန်းများကို ကိုက်ညီစေရန်အတွက် ခေါက်ချိုးပုံ (Zig Zag) မီးသတ်လှေကား၏ အတွင်းခွင် (Interior Distance) သည် အနည်းဆုံး (၁၀×၄)ပေအကျယ် ရှိရန် လိုအပ်ပါသည်။ တစ်ခုမှ အခြားတစ်ဖက်သို့ လျှောက်ကူးသည့်လမ်းအား အနည်းဆုံး(၃)ပေ အမြင့်ရှိသည့် သံပန်းဖြင့်ကာရန်လိုအပ်ပါသည်။

၆။ အရေးပေါ်ထွက်ပေါက် (Emergency Exit) သို့မဟုတ် လွတ်မြောက်ပေါက် (Escape Door) တိုင်းကို အနည်းဆုံး အကျယ်၂ ပေခွဲနှင့် အမြင့် ၆ ပေခွဲရှိအောင်ဆောက်ရန်။

၇။ သံပန်း၊ သံတံခါးများ ကာရန်ထားမည်ဆိုပါက အသေတပ်ဆင်ထားခြင်းမပြုရန်။

၈။ မီးငြိမ်းသတ်ရေးအတွက် အနည်းဆုံးရေဂါလန် (၅၀၀၀) ဆံ့ မီးသတ်ရေကန် (၁) ခု ပြုလုပ်ပြီး အမြဲတမ်း ရေပြည့်နေအောင် သိုလှောင်ထားရှိရန်။

၉။ အနည်းဆုံး (၄) လက်မအရွယ်ရှိသော မီးလှန့်အချက်ပေးခေါင်းလောင်း (Fire Alarm Bell) ကွန်ကရစ်လှေကားတစ်လျှောက် မျက်နှာကြက်အနီး နံရံဘေးတွင် အထပ်(၂)ထပ်အကြား၌ (၁) ခုတပ်ဆင်၍ အချက်ပေးခလုတ်များကို ရုံးခန်းအတွင်း စင်္ကြန်လမ်းတစ်လျှောက် (၅) ပေအမြင့်တွင် တစ်ထပ်လျှင် တစ်ခုစီတပ်ဆင်ကာ ခလုတ်တစ်ခုကို နှိပ်၍ အချက်ပေးလျှင် ခေါင်းလောင်းအားလုံး အသံမြည်စေသောစနစ် (Zone Fire Alarm) ဖြင့် ဆက်သွယ်တပ်ဆင်ထားရှိရန်။

၁၀။ ဓါတ်လှေကားခန်းအတွက် လျှပ်စစ်မီးပြတ်တောက်ချိန်တွင် အနီးဆုံးအောက်ထပ်သို့ ဆင်းသက်လွတ်မြောက်နိုင်သည့် Emergency Back Up Power System တပ်ဆင်ပြီးစီးကြောင်းနှင့် ဘေးကင်းလုံခြုံမှုအတွက် စက်မှုကြီးကြပ်ရေးနှင့် လျှပ်စစ်စစ်ဆေးရေးဦးစီးဌာနမှ စစ်ဆေးထောက်ခံချက် လက်မှတ်ရရှိပြီး ဖြစ်ရမည်။

၁၁။ တည်ဆောက်ပြီးအချိန်၌ မီးသတ်ဦးစီးဌာနမှ အသိအမှတ်ပြုထားသော မီးသတ်ဆေးဗူး (Fire Extinguisher) များကို တစ်ခန်းလျှင်(၁)လုံးနူန်း ထားရှိရန်။

၁၂။ အထပ်မြင့်အဆောက်အဦများတည်ဆောက်ခြင်းမပြုမှီ Architectural Drawing များကို ကြိုတင်တင်ပြပြီး မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ဦးစီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်သွားရန်။

၁၃။ တည်ဆောက်ဆဲကာလ လုပ်ငန်းခွင်တွင် မီးဘေးလုံခြုံရေး ဆောင်ရွက်ထားရှိရန်နှင့် မီးသတ်ဦးစီးဌာနမှ အခါအားလျော်စွာ စစ်ဆေးအကြံပြုချက်များကို လိုက်နာဆောင်ရွက်ရန်။

၁၄။ မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ စံချိန်စံညွှန်းသတ်မှတ်ချက် (Specification) များနှင့် စပ်လျဉ်း၍ လိုအပ်သောအကြံဉာဏ်များကို မီးသတ်ဦးစီးဌာနနှင့် ညှိနှိုင်းရယူသွားရန်။

၁၅။ မီးသတ်ဦးစီးဌာန၏ အကြံပြုချက်များအားလုံးကို လိုက်နာဆောင်ရွက်ပြီးမှသာ နေထိုင်ခွင့်/အသုံးချခွင့်ဆိုင်ရာ (BCC) ထောက်ခံချက်ကို လျှောက်ထားတောင်းခံရန် တို့ဖြစ်ပါတယ်။

ညွှန်ကြားချက်ထဲမှာ မပါပေမယ့် အစည်းအဝေးမှာ ပြောပြချက်တွေအရ သိခဲ့ရတာတွေက အရေးပေါ်လှေကားအတွက် spiral stair ကြောင်လှိမ်လှေကားက (၄)ထပ်အထိပဲရပြီး (၅)ထပ်နှင့်အထက် ဆိုပါက ခေါက်ချိုးပုံ (Zig Zag) လှေကားဖြစ်ရပါမယ်၊ emergency exit အရေးပေါ်ထွက်ပေါက်တံခါးက အပြင်ဖွင့် ဖြစ်ရပါမယ်၊ အရေးပေါ်ထွက်ပေါက်တံခါးအပေါ်မှာ EXIT ဆိုတဲ့ စာသားကို (၆) လက်မထက်မငယ်တဲ့ အရွယ်နှင့် သိသာထင်ရှားစွာ ရေးသားရမယ် ဆိုတာတွေပါပဲ။


အားလုံးသိရှိထားနိုင်စေရန် ဖော်ပြပေးခြင်းဖြစ်ပါတယ်။


၁။အရေးပေါ်လွတ်မြောက်မှုဆိုင်ရာစနစ်

(Mean of Engress)


က။ဘေးကင်းရာနေရာသို့ထွက်ခွာရမည့်အကွာအဝေး

(Travel Distance)


ခ။အဆောက်အဦအသုံးပြုမည့်လူဦးရေနှင့်အရေးပေါ် ထွက်ပေါက်လိုအပ်ချက်များ

(Emergency Exit & Staircase)


ဂ။ထွက်ပေါက်လမ်းညွှန်သင်္ကေတများ

(Exit Indicators)


ဃ။အရေးပေါ်မီးထွန်းစနစ်

(Emergency Lighting System)


င။အရေးပေါ်အသံနှင့်အမြင်ဆိုင်ရာအချက်ပေးစနစ်

(Emergency audio & Visual system)


၂။မီးဘေးလုံခြုံရေးစနစ်

(Fire Safety System)

Image may contain: one or more people and outdoor

က။မီးလှန့်အချက်ပေးစနစ်

(Fire Alarm System)


ခ။အချက်ပေးခလုတ်

(Break glass)


ဂ။အချက်ပေးခေါင်းလောင်း

(Alarm bell)


ဃ။အချက်ပြမီး

(Beacon Lamp)


၃။မီးထောက်လှမ်းမှုစနစ်

(Fire Detection System)

က။မီးခိုးထောက်လှမ်းမှုစနစ်

(Smoke Detection System)


ခ။အပူထောက်လှမ်းမှုစနစ်

(Heat Detection System)

 


ဂ။မီးတောက်ထောက်လှမ်းမှုစနစ်

(Flame Detection System)


၄။မီးငြှိမ်းသတ်ရေးစနစ်

(Fire Fighting System)


က။မီးသတ်ဆေးဘူးများ

(Fire Extinguisher)


ခ။မီးသတ်ရေပက်ပိုက်ခွေစနစ်

(Hose Reel/Hose Rack)


ဂ။အမြင့်တင်မီးသတ်ရေပိုက်စနစ်

(Risers)


ဃ။အလိုအလျောက်ရေဖျန်းစနစ်

(Sprinkler)


င။ဓါတ်ငွေ့အသုံးပြုမီးငြှိမ်းသတ်ရေးစနစ်

(Gas Suppression)


အဆောက်အဦအမျိုးအစား အထပ်အရေအတွက် တစ်ထပ်စီ၏အကျယ်အဝန်း အခန်းဖွဲ့စည်းပုံနှင့်အသုံးပြုပုံတို့ပေါ်မူတည်၍အရေးပေါ်လွတ်မြောက်မှုဆိုင်ရာ စနစ်များနှင့်မီးဘေးလုံခြုံရေးဆိုင်ရာစနစ်များအားတပ်ဆင်အသုံးပြုသွားကြရန်လိုအပ်ပါကသက်ဆိုင်ရာဒေသရှိမီးသတ်ဦးစီးဌာနမှစစ်ဆေးရေးအဖွဲ့များလာရောက်စစ်ဆေးမှုပြုလုပ်ခဲ့ပါကလိုအပ်သောအကြံဉာဏ်များရယူ ဆောင်ရွက်သွားကြပါရန်ဗဟုသုတအနေဖြင့်ရေးသားတင်ပြအပ်ပါသည်။

Laws and Regulations Read 440 times