ပင်လယ်ဘက်မြင်ကွင်းမကွယ်ပျောက်စေရန် အထပ်မြင့်အဆောက်အအုံများခွင့်မပြုတော့


06 December, 2020

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင်အထပ်မြင့်အဆောက်အအုံတည်ဆောက်မှုများပြားလာသောကြောင့် မြို့၏အထင်ကရ သမိုင်းဝင်စေတီနှစ်ဆူဖြစ်သော လေးကျွန်း ဆီမီးစေတီတော်ကြီးနှင့် ဗူးဘုရားမှ ပင်လယ်ဘက် မြင်ကွင်းမကွယ်ပျောက်စေရန် အထပ်မြင့်အဆောက်အအုံများခွင့်မပြုတော့ကြောင်း မြိတ်မြို့စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ၏ ပြောကြားချက်အရ သိရသည်။

        စေတီတော်ရင်ပြင်မှပင်လယ်ပြင် အလှမြင်ကွင်းမကွယ်စေရန်နှင့် ကုန်းမြေများ၏ မြေလွှာ မထိခိုက်စေရေးအတွက် ကမ်းနားဘက်ခြမ်း မျက်နှာစာသတ်မှတ်ဧရိယာများတွင်အမြင့် ၇ဝ ပေနှင့် ၅ဝ ပေအောက်အဆောက်အအုံများသာ တည်ဆောက်ခွင့်ပြုတော့မည်ဖြစ်ကြောင်းသိရသည်။

"မြို့နေလူထုများ ဝိုင်းဝန်းထိန်းသိမ်းရမှာဖြစ်လို့ နိုဝင်ဘာလ ၁၃ ရက်တွင် သတ်မှတ်လိုက်တာပါ။အဆောက်အအုံအမြင့် တည်ဆောက်ခွင့်မပြုတာကို သက်ဆိုင်ရာဌာနများ၏ ရပ်ကွက်၊ကျေးရွာ၊အုပ်ချုပ်ရေးမှူးရုံးတွေကို ဖြန့်ဝေပေးသွားမှာပါ။ဒီနေရာမှာ ယခင်ကဆောက်ထားတဲ့ ပေ ၈ဝ၊၉ဝ အဆောက်အအုံခုနှစ်လုံးရှိတယ်။ကျယ်ကျယ်ပြန့်ပြန့်သိနိုင်ဖို့ ဆွေးနွေးပွဲများလုပ်သွားမှာပါ"

ဟု သိရသည်။

        လေးကျွန်းဆီမီးစေတီတော် ၏သတ်မှတ်ဧရိယာသည် သာကေတရပ်ကမ်းနားလမ်းတြိဂံမှ ဆိပ်ငယ်ဗောတံတားအထိနှင့် ကန်ကြီး (ဃ) လမ်းမှ လွတ်လပ်ရေးကျောက်တိုင်အထိ ဧရိယာအပိုင်းကို ပေ ၇ဝ ထက်မမြင့်သော အဆောက်အဦးများသာ တည်ဆောက်ခွင့်ပြုပေးမည်ဖြစ်ပြီး ဗူးဘုရားစေတီ၏ သတ်မှတ်ဧရိယာမှာ ဆိပ်ငယ်ဗောတံတားမှ နောက်လယ်ဗောတံတားအထိနှင့် လွတ်လပ်ရေးကျောက်တိုင်မှ နောက်လယ် (၁)လမ်းအထိ ဧရိယာအပိုင်းကို ပေ ၅ဝ ထက်မမြင့်သော အဆောက်အအုံများသာ တည်ဆောက်ခွင့်ပြုပေးသွားမည်ဖြစ်ကာ မြို့နာရီစင်အောက်ခြေကို Zero Level သတ်မှတ်ထားကြောင်းသိရသည်။

        အထပ်မြင့်အဆောက်အအုံများခွင့်မပြုရေးအတွက် စေတီတော် ဂေါပကအဖွဲ့၊မြို့မိမြို့ဖများ၊မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းခွဲ (မြိတ်)မှ အင်ဂျင်နီယာအဖွဲ့များ၊စည်ပင်သာယာရေးအဖွဲ့ များ အားလုံး၏ ဆန္ဒဖြင့် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကာ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အတည်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Local Mixed Use and Urban Read 90 times