စီးပွားရေးဇုန်သစ်ထူထောင်ရေးကိစ္စများတွင် ရင်းနှီးမြှုပ်နှံသူများကို ကြိုဆိုကြောင်း ပြောကြား

27 December, 2020

ထားဝယ်အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေးတွင် ပါဝင်ဆောင်ရွက်မည့် ဂျပန်နိုင်ငံ၏ ကတိကဝတ်များ နှင့် မြန်မာနိုင်ငံအနေဖြင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် မွန်ပြည်နယ်အထူးစီးပွားရေးဇုန်အသစ် ထူထောင်ရေး ကိစ္စရပ်တွင် ပါဝင်ဆောင်ရွက်မည့် ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများကို ကြိုဆိုကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသောင်းထွန်းကMyanmar Investment Environment Update Webinar ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

 Myanmar Investment Environment Update Webinar ဆွေးနွေးပွဲကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီတို့၏ ကူညီပံ့ပိုးမှု၊ အာဆီယံ-ဂျပန် စင်တာနှင့် မြန်မာသံရုံး(တိုကျိုမြို့)တို့၏ ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့်၂၀၂၀ ပြည့်နှစ်၊                    ဒီဇင်ဘာ ၂၃ ရက်တွင် ဂျပန်နိုင်ငံ၌ Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဆွေးနွေးပွဲတွင် မကြာသေးမီက ဆောင်ရွက်ခဲ့သည့် မြန်မာနိုင်ငံ၏ရင်းနှီးမြှုပ်နှံမှုဝန်းကျင်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ၊ ၂၀၂၁ ခုနှစ်တွင် စီးပွားရေးပြန်လည်ထူထောင်ရေး အလားအလာများ၊ ဖြစ်နိုင်ခြေရှိသော ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်ဆိုင်ရာအခွင့်အလမ်းများနှင့် မြန်မာနိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ အရေးပါသည့် စက်မှုလုပ်ငန်း၊ ခရီးသွားလုပ်ငန်းနှင့်သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ခိုင်မြဲစေရေးတို့တွင် ဂျပန်နိုင်ငံ၏ ပူးပေါင်းပါဝင်မှုကဏ္ဍအရေးကြီးမှုကို နိုင်ငံတော်အစိုးရအနေဖြင့် အသိအမှတ်ပြုကြောင်း ဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ သဘာဝ ပတ်ဝန်းကျင်သည် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းတို့တွင်  အလားအလာကောင်း များရှိနေပြီး နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်သည် ကျေးလက်ဒေသတွင် နေထိုင်ကြသည့်အတွက် စိုက်ပျိုးရေးကဏ္ဍ၌ ရင်းနှီးမြှုပ်နှံခြင်းသည် ရင်းနှီးမြှုပ်နှံသူများအတွက် အခွင့်အလမ်းတစ်ခုဖြစ်ကြောင်း ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးဟန်က ထည့်သွင်းပြောကြားခဲ့သည်။

Myotaw News

Institution Read 1151 times