လမ်းပန်းဆက်သွယ်ရေး အားသာချက် ၉ ချက်အတူ ပေါ်ထွက်လာမည့် ဟံသာဝတီ စီမံကိန်း


01 January, 2020

၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၁ရက်နေ့တွင် ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် တည်ဆောက်ရေးစီမံကိန်း လျင်မြန်ချောမွေ့စွာ ပြီးမြောက်နိုင်ဖို့အတွက် ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။

 

ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် တည်ဆောက်ရေးစီမံကိန်းလုပ်ငန်းများ လျင်မြန်ချောမွေ့စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် နိုင်ငံတော်သမ္မတရုံးက ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၁၁)ရက်တွင် အမိန့်ကြော်ငြာစာအမှတ် (၃၁/၂၀၂၀) ဖြင့် ဦးဆောင်ကော်မတီကို ပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။

 

ယခင်ဖွဲ့စည်းခဲ့သည့် ဦးဆောင်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလတွင်ကျင်းပခဲ့ပြီး ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် စီမံကိန်းကို နိုင်ငံတော်စီမံကိန်းတစ်ရပ်အဖြစ် သတ်မှတ်ရန်၊ ညှိနှိုင်းမှုကော်မတီက HIA Myanmar Co. Ltd နှင့် စာချုပ်ချုပ်ဆိုနိုင်ရေး ဆက်လက်ဆွေးနွေးရန်၊ ဂျပန်နိုင်ငံမှ Official Development Assistance (ODA) ချေးငွေလျှောက်ထားနိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနများက ဆောင်ရွက်ရန်၊ စီမံကိန်းအတွက် လိုအပ်သည့် အခြေခံအဆောက်အအုံ (Infrastructure) နှင့် အခြေခံလိုအပ်ချက် (Utilities) များ ပံ့ပိုးကူညီနိုင်ရေး ပူးပေါင်းဆောင်ရွက်ရန်တို့ကို ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။

 

အဆိုပါ ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် တည်ဆောက်ရေးစီမံကိန်းလုပ်ငန်းကို အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်းပါဝင်သောပုံစံ (Public- Private-Partnership-PPP) ဖြင့် တင်ဒါခေါ်ယူခဲ့ရာ Yongnam - CAPE-JGC Consortium က တင်ဒါအောင်မြင်ခဲ့ပြီး ၊ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်တွင် သက်တမ်းကုန်ဆုံးခဲ့သည့်အတွက် နှစ်ဦးနှစ်ဖက်သဘော တူညီမှုဖြင့် ရပ်ဆိုင်းခဲ့ရတယ်လို့ သိရပါတယ်။

 

၂၀၁၈ ခုနှစ်၊ ဖေဖေါ်ဝါရီလတွင် ဂျပန်နိုင်ငံအစိုးရအနေဖြင့် ဟံသာဝတီလေဆိပ်စီမံကိန်းအတွက် (၁၀၀ ရာခိုင်နှုန်း) ODA ချေးငွေဖြင့် စီမံကိန်းတစ်ခုလုံး ခြုံငုံသုံးသပ်ပြီး ဆက်လက်ဆောင်ရွက်မည့်အစီအမံကို ဆွေးနွေးလိုကြောင်း ကမ်းလှမ်းလာသည့်အတွက် စီမံကိန်းကို ဂျပန်နိုင်ငံအစိုးရ၏ ODA ချေးငွေဖြင့် အကောင်အထည်ဖော်နိုင်ရေးJapan International Corporation Agency (JICA)၊ MLIT တို့နှင့် ဆက်လက်ဆွေးနွေးခဲ့ကြပါတယ်။


လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ဂျပန်-မြန်မာ နှစ်နိုင်ငံကိုယ်စားလှယ်များပါဝင်သည့် စီမံကိန်း အကောင်အထည်ဖော်ရေး ပြင်ဆင်မှုကော်မတီကို ဖွဲ့စည်းခဲ့ပါတယ်။

 

အဆိုပါ ကော်မတီအနေဖြင့် ညှိနှိုင်းမှုအစည်းအဝေးများကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လအထိ (၁၁)ကြိမ် ကျင်းပပြုလုပ်ခဲ့ပြီး ရန်ကုန်လေဆိပ်နှင့် ဟံသာဝတီလေဆိပ်၊ လေဆိပ်(၂)ခုလုံးကို ဂျပန်နိုင်ငံက လေဆိပ်ဆောင်ရွက်မည့်အဖွဲ့နှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Operator အဖွဲ့တို့ ပူးပေါင်းဖွဲ့စည်းမည့် single entity ဖြင့်ဆောင်ရွက်နိုင်ရေး၊ လိုအပ်သော Infrastructure လုပ်ငန်းများ ကိုမြန်မာနိုင်ငံဘက်က ဖြည့်ဆည်းဆောင်ရွက်ပေးရေး၊ ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်၏ Phase-1 ကို (၁)နှစ်ခရီးသည် (၈)သန်း ကိုင်တွယ်နိုင်မည့်လေဆိပ်အဖြစ် စတင်ဆောင်ရွက်နိုင်ရေးတို့ကို သဘောတူညီမှုရရှိခဲ့ပါတယ်။

 

လေဆိပ်တည်ဆောက်ရေး ကုန်ကျစရိတ်ကို ဂျပန်နိုင်ငံမှ သက်သာသောအတိုးနှုန်းဖြင့် ODA ချေးငွေ အချိန်မီရရှိနိုင်ရေးအတွက် များစွာအရေးပါတဲ့ Feasibility Study Report ရရှိရန် JICA က Feasibility Study ဆောင်ရွက်မည်ဖြစ်ပါတယ်။

 

တိုးတက်များပြားလာသော လေကြောင်းခရီးစဉ်များနှင့် ခေတ်မီလေယာဉ်ကြီးများ ဆင်းသက်နိုင်မည့် နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာလေဆိပ်တစ်ခု တည်ဆောက်နိုင်ရေးအတွက် နေရာ (၉)နေရာအား လျာထားခဲ့ပြီး ယင်းနေရာများအနက် ယခုစီမံကိန်း တည်ဆောက်မည့် ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်နေရာသည်


ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ လေကြောင်းပျံသန်းမှုများအား ထိခိုက်မှုမရှိဘဲ သီးသန့် Separation ပြုလုပ်နိုင်ခြင်း၊

နိုင်ငံတကာလေယာဉ် ပျံသန်းလမ်းကြောင်းများ (International Air Route) များသို့ လွယ်ကူစွာ ဝင်/ထွက်နိုင်ခြင်း၊

Wind Speed and Wind Direction အရ လေယာဉ်ပြေးလမ်းအား တောင်နှင့် မြောက်ဖောက်လုပ်နိုင်ခြင်း၊

ပတ်ဝန်းကျင်အတားအဆီးများ (Obstruction) ကင်းရှင်းမှုရှိခြင်း၊ နိုင်ငံတကာလေဆိပ်အင်္ဂါရပ်နှင့်အညီ ပြည့်စုံစွာ တည်ဆောက်နိုင်သည့် မြေနေရာနှင့် ထပ်မံတိုးချဲ့ရန် လုံလောက်သည့် အကျယ်အဝန်းရှိခြင်း၊

အချက်အချာကျသည့် မြို့များ၊

အဝေးပြေးလမ်း၊

ရထားလမ်းနှင့် ချိတ်ဆက်နိုင်ရန် ဆက်သွယ်မှုကောင်းမွန်ခြင်း၊

လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို လောပိတနှင့် ဇောင်းတူရေအားလျှပ်စစ်တို့မှ ဖြည့်ဆည်းပေးနိုင်မည်ဟု မျှော်မှန်းခြင်း၊

ရေလိုအပ်ချက်ကို လေဆိပ်အနီးရှိ ဇလက်ထော်နှင့် မဇင်းရေလှောင်တမံမှ ရယူနိုင်ခြင်း၊

 

ပြည်တွင်းပြည်ပ လေယာဉ်ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေးများအတွက် ဆုံရပ်ဖြစ်ခြင်းဆိုသည့် အားသာချက်(၉)ချက်ကြောင့် ဦးစားပေးရွေးချယ်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

Local Infrastructure and Zones Read 46 times