အင်းစိန်ကြို့ကုန်းအိမ်ရာကို အဆင့်မြှင့်တင်ရန် တိုင်းအစိုးရ တင်ဒါခေါ်


17 December, 2020

ရန်ကုန်တိုင်း အစိုးရက အင်းစိန်၊ ကြို့ကုန်းအိမ်ရာကို အဆင့်မြှင့်တင်ရေး ပြန်လည်ဖွံဖြိုးရေး စီမံကိန်းအဖြစ် အကောင်အထည်ဖော်ရန် နိုဝင်ဘာ ၁၃ ရက်တွင် တင်ဒါဖိတ်ခေါ်ထားသည်။

အဆိုပါစီမံကိန်းကို ရန်ကုန်တိုင်းအစိုးရနှင့်ဆောက်လုပ်ရေးဝန်ကြီးဌာတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ရန်ကုန်အစိုးရက ပြည်သူအိမ်ရာများအား အဆင့်မြှင့်တင်တည်ဆောက်ရေးစီမံကိန်းအနက်မှ တစ်ခုဖြစ်သည်။

စီမံကိန်း အဆိုပြုလွှာနှင့် တင်ဒါလုပ်ငန်းများကို စိစစ်ရွှေးချယ်ရာတွင် Yangon Metropolitan Development အများပိုင်ကုမ္ပဏီက ဆောင်ရွက်မည်ဖြစ်သည်။

စိတ်ဝင်စားသူများသည် စီမံကိန်းဖွံဖြိုးရေး မဟာစီမံချက်ကို ဖောင်ကြေး ကျပ် ၁ သိန်းဖြင့် ဒီဇင်ဘာ ၂၀ ရက် နောက်ဆုံးထားတင်ပြရမည်ဟု တိုင်းအစိုးရကပြောသည်။

ထိုအိမ်ရာများသည် အငှားအိမ်ယာများဖြစ်ပြီး ယခုချိန်တွင်အိုဟောင်းနေ၍ပြုပြင်မွမ်းမံရန်လိုအပ်နေပြီဟု ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။

အငှားအိမ်ရာအဟောင်းများကို ဖြိုချပြီးအသစ်တည်ဆောက်ပါက လက်ရှိနေထိုင်သူများကဖယ်ပေးရပြီး ဆောက်လုပ်ပြီးစီးပါက မဲစနစ်ဖြင့် ပြန်လည်နေရာချထားပေးသည်ဟု ရန်ကုန်တိုင်းအစိုးရက ဆိုထားသည်။စီမံကိန်းကာလအတွင်းပြောင်းရွှေ့နေထိုင်စရိတ်ကို တိုင်းအစိုးရစိုက်ထုတ်ပေးခြင်းဖြစ်သည်။

၎င်းအိမ်ယာသည် အင်းစိန်မြို့နယ်၊ အနောက်ကြိုကုန်းရပ်ကွက်၊ ဗဟိုလမ်းမကြီးဘေးတွင်တည်ရှိသည်။ အဆိုပါကြို့ကုန်းအိမ်ယာသည် ၁၉၅၂ခုနှစ်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ဦးဝိစာရအိမ်ရာ၊ ဖဆပလအိမ်ရာ၊ ရန်ကင်း ၁၂ လုံးအိမ်ရာတို့နှင့်အတူ အငှားအိမ်ယာအဖြစ်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

Housing Read 449 times