အိမ်ခန်းပေါင်း ၄၇၆ ခန်းပါ နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာ ဇန်နဝါရီတတိယပတ်တွင် ဖွင့်လှစ်မည်


23 January, 2021

ရန်ကုန်တိုင်းဒေသကြီးအအဖွဲ့၏ကြီးကြပ်မှုဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာဦးစီးဌာန မှတည်ဆောက်သော နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာကို ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် တည်ဆောက်ပြီးစီး ပြီဖြစ်ရာ ဇန်နဝါရီလ ၂၈ ရက်တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာဦးစီးဌာနမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း တာဝန်ထမ်းဆောင်နေသော နိုင်ငံ့ဝန်ထမ်းများ အိမ်ငှားနေထိုင်မှုဖြင့်ဝင်ငွေဆုံးရှုံးမှုကို လျှော့ချစေလျက် ရရှိသောအခြေခံလစာပေါ်မူတည်၍ နိုင်ငံဝန်ထမ်းအငှားအိမ်ရာတွင် အရာထမ်းဖြစ်ပါက လစာ၏ ၅ ရာခိုင်နှုန်း၊ ဝန်ထမ်းဖြစ်ပါက ၃ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းသက်သာစွာ နေထိုင်နိုင် ရန် စီမံဆောင်ရွက်ထားခြင်းဖြစ်သည်။

“ဇန်နဝါရီ ၂၈ ရက်မှာ ဖွင့်ပွဲလုပ်မှာပါ။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အိမ်ခန်းနေရာချထားရေး ကော်မတီကို ဖွဲ့ပြီးတာနဲ့ ရွေးချယ်မှာပါ။ ကော်မတီက တိုင်းဒေသကြီးအတွင်း တာဝန်ထမ်းဆောင်တဲ့ဌာနတွေနဲ့ညှိနှိုင်းပြီး ရွေးချယ်ချထားပေးမှာပါ။ တိုက်ခန်းပေါင်း ၁၄ လုံးမှာ အိမ်ခန်း ၄၇၆ ခန်း နေထိုင်လို့ရပါတယ်။ နိုင်ငံမှာ အစိုးရဝန်ထမ်းတွေရဲ့အခန်းကဏ္ဍဟာ အရေးကြီးပါတယ်။ နိုင်ငံတော်ရဲ့မူဝါဒကို မြေပြင်မှာ ဖော်ဆောင် နေတာက ဝန်ထမ်းတွေဖြစ်တဲ့အတွက် သူတို့ရဲ့စိတ်ဓာတ်မြင့်မားမှုဟာ သူတို့ရဲ့ တာဝန်ကျေပွန်မှုအပေါ်မှာ မူတည်တယ်။ ဒါကြောင့် သူတို့ရဲ့သက်သာချောင်ချိရေးနဲ့နေထိုင်ဖို့ စီစဉ်ပေးမှုဟာ စိတ်ပိုင်းဆိုင်ရာလုံခြုံရေးကိုဖော်ဆောင်ပေးရာကျပါတယ်။ ရန်ကုန်မြို့လို အိမ်လခကြီးမြင့်တဲ့နေရာမှာ အငှားအိမ်ရာစီစဉ်ပေးနိုင်တာဟာ သူတို့ရဲ့ လုပ်ငန်းစွမ်းဆောင်ရည်ကို အကျိုးပြုတဲ့အပြင် တိုင်းပြည်ထူထောင်ရေးမှာလည်း နှစ်ဦးနှစ်ဖက် အကျိုးရှိတာကြောင့် နိုင်ငံတော်ရဲ့အကျိုးရှိတဲ့ စီမံကိန်းဖြစ်တဲ့အတွက် အားရးကျေနပ်ပါတယ်။

နေထိုင်ရေး အခက်အခဲရှိတဲ့ ဝန်ထမ်းတွေအတွက်လည်း ခရိုင်လေးခုမှာ ဆက်လက်ဖော်ဆောင်ဖို့လည်း အကြီးအကဲများရဲ့လမ်းညွှန်မှုကိုခံယူပြီး ဆောင်ရွက်ဖို့အသင့်ပါ”ဟု မြို့ပြနှင့်အိမ်ရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်နိုင်က ပြောကြားသည်။

အဆိုပါဒဂုံဆိပ်ကမ်းမြို့နယ်ရှိ နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာတွင် ၈ ခန်းတွဲ ၅ ထပ်တိုက် အပါအဝင် ၃၄ခန်း ပါသော တိုက်များပါဝင်ပြီး မိသားစုလေးဦးမှ ငါးဦးထိ နေနိုင်မည့် ၄၈၀ စတုရန်းပေရှိသော အခန်း ၄၇၆ ခန်း တွင် ဝန်ထမ်းများ အငှားနေထိုင်နိုင်မည်ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရိုင်လေးခုရှိ၍ ဝန်ထမ်းများ နေထိုင်မှုနှင့် လုပ်ငန်းခွင်မှာ ဆပ်စပ်လျက်ရှိရာ သွားလာမှုနှင့် လုပ်ငန်းခွင်အဆင်ပြေစေရန် အရှေ့ပိုင်း၊ အနောက်ပိုင်း၊ တောင်ပိုင်းနှင့် မြောက်ပိုင်းခရိုင်တို့တွင် ဝန်ထမ်းအငှားအိမ်ရာများ တည်ဆောက်ခြင်းဖြင့် အဆင်ပြေစေမည်ဖြစ်ပြီး တည်ဆောက်ရန် မြေနေရာအသင့်ရှိရန်လိုအပ်မည်ဖြစ်ရာ ဒလမြို့နယ်တွင်လည်း ဝန်ထမ်းအိမ်ရာများ တည်ဆောက်ခဲ့ပါက ရန်ကုန် -ဒလ တံတားကြီးပေါ်မှ ရန်ကုန်မြို့တွင်း လုပ်ငန်းခွင်သို့ အဆင်ပြေချော့မွေ့စွာ သွားလာနိုင်မည်ဖြစ်သည်။
၂၀၂၀-ခုနှစ်၊ နိုဝင်ဘာလဆန်းက တည်ဆောက်ပြီးစီးနေပြီဖြစ်သော နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာကို ဇန်နဝါရီ ၂၈ ရက်ဖွင့်လှစ်၍ ဝန်ထမ်းများနေထိုင်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

myotaw.news/

Public Housing Read 608 times