ရင်းဂစ် ၆၄ သန်းတန် တံတား တစ်ဖက်ပိတ်ဖြစ်နေသဖြင့် ဝေဖန်ခံနေရ


10 September, 2021

မီတာ ၄၀၀ စင်္ကြံအလျား ရှိတဲ့ မိုးပျံတံတားအတွက် အစိုးရမှ ရင်းဂစ် ၆၄ သန်း ပေးခဲ့ရပြီး စင်္ကြံက ဘယ်မှ သွားလို့မရတဲ့ တစ်ဖက်ပိတ်ဖြစ်နေလို့ ဝေဖန်ခံနေရပါတယ်။

မလေးရှားနိုင်ငံ ဆာဘသ်ပြည်နယ် ကိုတာကင်နာဘာလူးမြို့လယ်ပိုင်းမှာ တည်ဆောက်ထားတာ ဖြစ်ပြီး စက်တင်ဘာလ ၉ ရက်မှာ အများပြည်သူ သုံးစွဲဖို့ တရားဝင် ဖွင့်လှစ်ခဲ့ပါတယ်။ 
 မြို့မှာနေကြသူတွေ မိုးပျံတံတားအသစ်ဆီ ရောက်တဲ့အခါ တံတားက တစ်ဖက်ပိတ် ဖြစ်နေတာကို မမျှော်လင့်ဘဲ တွေ့ကြရလို့ အုတ်အော်သောင်းတင်း ဖြစ်သွားခဲ့ပါတယ်။ 

တွစ်တာ အပါအဝင် ဆိုရှယ်မီဒီယာ ကွန်ရက်တွေမှာ ပုံတွေနဲ့တကွ တင်ပြဝေဖန်ကြတယ်။ ဈေးဆိုင်တန်း အဆောက်အဦတစ်ခုရဲ့ နံရံမှာ အဆုံးသတ်ထားပြီး ဝင်ထွက်သွားလာဖို့ အပေါက် မရှိဘူး။ လာလမ်းအတိုင်း နောက်ပြန်လှည့်ပြီး အောက်ကို ပြန်ဆင်းဖို့ပဲ ဖြစ်နေပါတယ်။ ဒီတော့ မိုးပျံတံတားကို အသုံးပြုပြီး လမ်းဖြတ်ကူးလို့ မရတာကြောင့် မိုးပျံတံတား မရှိခင်တုန်းကအတိုင်း ကားလမ်းပေါ်မှသာ လမ်းဖြတ်ကူးကြရပါတယ်။ 


မိုးပျံတံတား ဆောက်လုပ်တာအတွက် ကုန်ကျစရိတ်က ရင်းဂစ် ၃၁.၅  သန်းလို့ ဆိုပါတယ်။ ဆောက်ရင်းတန်းလန်းမှာ ကန်ထရိုက်ယူထားတဲ့ ကုမ္ပဏီက ဒေဝါလီခံသွားလို့ ကြန့်ကြာသွားခဲ့တယ်။ 
ယခုနှစ်ဆန်းပိုင်းမှာ အစိုးရက ရင်းဂစ် ၄.၇ သန်း ထပ်ဖြည့်ထည့်ပြီး မိုးပျံတံတားကို ပြီးစီးအောင် ဆောက်လုပ်စေခဲ့ပါတယ်။ 

စာရွက်စာတမ်း အထောက်အထားများအရ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၆ ရက် ရက်စွဲ စာရွက်စာတမ်းတစ်ခုမှာ စီမံကိန်းအတွက် ဘတ်ဂျက် ရင်းဂစ် သန်း ၆၀ ချပေးကြောင်း ဖော်ပြထားပါတယ်။ ပြီးစီးဖို့အတွက် နောက်ထပ် ရင်းဂစ် ၄ သန်း တောင်းခံထားကြောင်း ဖော်ပြထားပါတယ်။ ယခင် အစိုးရလက်ထက်မှာ လုပ်ကိုင်ခဲ့တဲ့ စာရင်း ဖြစ်ပါတယ်။ 
အခု လုပ်ငန်းပြီးစီးချိန်မှာ စုစုပေါင်း ကုန်ကျစရိတ်က မြေပြင်နဲ့ စာရင်းတို့အကြား ရင်းဂစ် ၂၇.၈ သန်း ကွာခြားနေတာကိုလည်း ထောက်ပြဝေဖန်နေကြပါတယ်။ 

မိုးပျံတံတားရဲ့ လက်တံတစ်ခုမှာသာ အပိတ်ဖြစ်နေပြီး ကျန်တဲ့အပိုင်းတွေမှာတော့ ပုံမှန်အတိုင်း အသုံးပြုလို့ ရပါတယ်။ 
 

Global Read 13480 times