Googleက နယူယောက်မြို့တော်တွင် ရုံးခန်းအဆောက်အဉီကို ဒေါ်လာ ၂.၁ ဘီလျံဖြင့် ဝယ်ယူ


23 September, 2021

Google နယူယောက်မြို့တော် Manhattan တွင် ရုံးခန်းအဆောက်အဉီကို ဒေါ်လာ ၂.၁ ဘီလျံဖြင့် ဝယ်ယူခြင်းသည် ကပ်ရောဂါ စတင်ခဲ့ပြီးသည့်နောက်ပိုင်း ဈေးအများဆုံး အရောင်းအဝယ် တစ်ခုအဖြစ် မှတ်တမ်းတင်ခံရသည်။ 
ယခုလို ရုံးခန်းအဆောက်အဦကို ဝယ်ယူလိုက်ခြင်းသည် နည်းပညာကုမ္ပဏီကြီးများသည် အိမ်မှ အလုပ်လုပ်သည့် နည်းလမ်းကို သုံးစွဲနေသော်ငြားလည်း အခြားတစ်ဖက်တွင် ရုံးခန်းအတွက် နေရာလိုအပ်ချက် ရှိနေကြောင်း အချက်ပြလိုက်ခြင်း ဖြစ်သည်ဟု သုံးသပ်ကြသည်။ 

Manhattan ၏ West Side တွင် အဆောက်အဉီအသစ်ကို ဝယ်ယူလိုက်ခြင်းဖြစ်ပြီး ရေပြင်ကို မျက်နှာမူထားသော အဆောက်အဦ ဖြစ်သည်။ ကြမ်းခင်းဧရိယာ ၁.၃ သန်း စတုရန်းပေ ရှိသည်။ 
အဆောက်အဦမှာ ဆောက်လက်စ ဖြစ်ပြီး ၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းတွင် ဖွင့်လှစ်နိုင်ရန် လျာထားသည်။

လောလောဆယ်တွင် အမေရိကန်နိုင်ငံတွင် ကိုဗစ်ကြောင့် ရုံးခန်းအငှားဈေးကွက် ပျက်နေသည်။ အခန်းအလွတ်များ များပြားနေသည်။  Manhattan တွင် ရုံးခန်းအငှားဈေးနှုန်းများသည် ၂၀၁၇ ခုနှစ်တုန်းက ဈေးနှုန်းများအထိ ပြန်ကျနေသည်။ ထိုသို့ ဈေးကျနေသဖြင့် ရုံးခန်းငှားရမ်းသည့် လုပ်ငန်းများ ရှိနေသည်။ ပြင်သစ်ဘဏ် Crédit Agricole SA  က ရုံးခန်းငှားစာချုပ် ချုပ်ဆိုခဲ့သည်။ ရေကူးဝတ်စုံလုပ်ငန်း Longevity Brands ကလည်း ရုံးခန်းများ တိုးချဲ့ ငှားရမ်းခဲ့သည်။ 

Google, Facebook Inc., Apple Inc., Amazon.com Inc. အပါအဝင် နည်းပညာလုပ်ငန်းကြီးများသည် လတ်တလောနှစ်များတွင် ငှားရမ်းမှု အကြီးမားဆုံး ဖြစ်ခဲ့ကြသည်။ ထို့ပြင် အမေရိကန်နိုင်ငံတစ်လွှား ရုံးခန်းများ ဝယ်ယူခဲ့ကြသည်။ ၎င်းတို့ လက်ထဲတွင် ငွေပိုငွေလျှံများ အမြောက်အမြား ရှိနေသည်ဖြစ်သဖြင့် ကျဈေးဖြစ်နေသည့် အခွင့်ကောင်းကို အရယူရန်အတွက် လိုက်လံဝယ်ယူနေကြခြင်း ဖြစ်သည်။ 

“သူတို့ရဲ့ လုပ်သားအင်အားစုမှာ ၂၀ % က ရုံးခန်းကို မလာဘဲ အလုပ်လုပ်ကြတယ်ဆိုရင်တောင် ကျန်နဲ့ ၈၀% အတွက် ရုံးခန်းတွေ လိုအပ်နေတယ်။ လုပ်ငန်း ကြီးထွားတာက မြန်ဆန်လွန်းတော့ ရုံးခန်းတွေ အလုံအလောက် ရှိနေဖို့ လိုတယ်” ဟု အိမ်ရာအဆောက်အဦလုပ်ငန်း Brookfield Asset Management မှ အမှုဆောင်ချုပ်  Brian Kingston က ပြောကြားသည်။

ပြိုင်ယက် ကုမ္ပဏီကြီးများထက် Google က ရုံးမတက်ဘဲ အလုပ်လုပ်ခြင်းကို ပိုအားပေးသည်။ ဝန်ထမ်းများ အိမ်မှ အလုပ်လုပ်သည်ကို ခွင့်ပြုပေးထားသည်မှာ ၂၀၂၀ ခုနှစ် နွေဉီးရာသီကတည်းက ဖြစ်သည်။ 
Google ၏ မိခင်ကုမ္ပဏီ  Alphabet Inc. ၏ အမှုဆောင်ချုပ် Sundar Pichai က ရုံးပြန်တက်ကြပြီး အလုပ်လုပ်ကြခြင်းကို ၂၀၂၂ ဇန်နဝါရီလအထိ ရွှေ့ဆိုင်းကြောင်း ၂၀၂၁ ဩဂုတ်လတွင် ကြေညာခဲ့သည်။ 
သို့သော် ရေရှည်မဟာဗျူဟာအတွက်မှာ ရုံးခန်းများ အလုံအလောက် ရှိနေဖို့ လိုအပ်သည်။ 

Google က အဆောက်အဦကို ငှားရမ်း သုံးစွဲခြင်းထက် ဝယ်ယူရန် ပိုအားသန်သည်။ ကိုယ်ပိုင်နေရာတစ်ခု ဖြစ်သွားသောအခါ အခန်းဖွဲ့ပုံများကို မိမိစိတ်ကြိုက် ပြုပြင်ဖွဲ့စည်းနိုင်သောကြောင့် ဖြစ်သည်။ 

Google က နယူယောက်တွင် ရုံးခန်းများ တိုးချဲ့ထားရှိနေသည်။ ယခုအခါ ဝန်ထမ်းအင်အား ၁၂,၀၀၀ ဦး ဝန်းကျင် နယူးယောက်မြို့တွင် ရှိနေသည်။ ရုံးချုပ်တည်ရှိရာ ကယ်လီဖိုးနီးယားပြီးလျှင် ဝန်ထမ်းအင်အား ဒုတိယအများဆုံး နေရာမှာ နယူယောက်မြို့ဖြစ်သည်။ ၂၀၁၈ ခုနှစ်က ဝန်ထမ်းအင်အား ၇.၀၀ ဝန်းကျင်သာ ရှိခဲ့သည်။ နယူယောက်မြို့တွင် Google  သုံးစွဲနေသော ရုံးခန်းများတွင် အချို့မှာ ငှားရမ်းထားခြင်း ဖြစ်ပြီး ကျန်သည်တို့မှာ Google က ပိုင်ဆိုင်သည်။ 
ကမ္ဘာတစ်လွှားတွင် Alphabet  က ပိုင်သည့် မြေနှင့် အဆောက်အဦများ တန်ဖိုး စုစုပေါင်းသည်  ၂၀၂၁ ဇွန်လ ၃၀ ရက် တရားဝင်စာရင်းအရ အမေရိကန်ဒေါ်လာ ၅၅.၉ ဘီလျံ ရှိသည်။ 
 

Global Read 970 times