ဒေါ်လာ ၃၅ သန်းတန် ကြေးရုပ်တုကို ဒေါ်လာ ၃၂ သန်း အကုန်ခံပြီး နေရာရွှေ့


06 September, 2021

 

ဗဟိုအစိုးရ အာဏာပိုင်တို့က လွန်စွာကြီးမားသော ကြေးရုပ်တုကြီးကို အမေရိကန်ဒေါ်လာ ၃၂ သန်း အကုန်ခံပြီး နေရာပြောင်းရွှေ့ခိုင်းခဲ့သည်။ ဒေသခံတို့က ကြည့်ရဆိုးသည်ဟု ကန့်ကွက်ကြသဖြင့် နေရာရွှေ့ခိုင်းဖို့ ဖြစ်လာခဲ့သည်။ တရုတ်နိုင်ငံပိုင်ကုမ္ပဏီတစ်ခုက အမြင့် ၅၈ မီတာ ရှိသည့် ရုပ်တုကြီးကို ၂၀၁၆ ခုနှစ်တွင် တည်ဆောက်ခဲ့သည်။ ရုပ်တု အကျည်းတန်သည်ဟု အကြိမ်ကြိမ် ကန့်ကွက်မှုများ ထွက်ပေါ်နေသဖြင့် နောက်ဆုံးတွင် ဗဟိုအစိုးရအာဏာကပိုင်တို့က ကြေးရုပ်တုကြီးကို နေရာပြောင်းရွှေ့ရန် အမိန့်ထုတ်ပြန်ပေးခဲ့သည်။ 

အဆိုပါ ကြေးရုပ်တုကြီးသည် တရုတ်ရာဇဝင်လာ စစ်သူကြီး ဂွမ်ယုကို ဂုဏ်ပြုသောအားဖြင့် ကျင်းကျိုးမြို့တော်တွင် တည်ဆောက်ခဲ့ကြခြင်း ဖြစ်သည်။ ရုပ်တုကြီးသည် အကျည်းတန်ပြီး အကြည့်ရဆိုးသည့်အပြင် မြို့ပြ တိုက်တာအမြင့် ကန့်သတ်ချက်ထက် ရုပ်တုကြီး၏ အမြင့်က ကျော်လွန်နေသည်ဟု ပြောဆိုကန့်ကွက်ကြသဖြင့် နေရာပြောင်းရွှေ့ပေးလိုက်ရသည်။ 

 

ထိုသို့ ပြောင်းရွှေ့ရန်အတွက် ရုပ်တုကြီးကို အပိုင်းများအဖြစ် ပြန်ဖြုတ်ကြရသည်။ ဖြတ်တောက်ပစ်ရသည့် နေရာများလည်း ရှိသည်။ 
တရုတ်နိုင်ငံ အလယ်ပိုင်းတွင် တည်ရှိသော ဟူဘေးပြည်နယ်ရှိ ကျင်းကျိုးမြို့တော်မှ ဆောက်လုပ်ရေးလုပ်သားများသည် ၅၈ မီတာ မြင့်သော ရုပ်တုကြီးကို နေရာသစ်သို့ အောင်မြင်စွာ ရွှေ့ပြောင်းပေးနိုင်ခဲ့သည်။ ရုပ်တုကြီး၏ ပိုင်ရှင်မှာ နိုင်ငံပိုင်  Jingzhou Tourism Investment and Development Group ဖြစ်ပြီး မူလနေရာမှ ၈ ကီလိုမီတာ ဝေးကွာသည့်နေရာသို့ ပြောင်းရွှေ့ပေးခဲ့သည်။ 

ရုပ်တုကြီးကို တည်ဆောက်ခဲ့စဉ်က ယွမ်သန်း ၁၇၀ (ကန်ဒေါ်လာ ၃၅.၃ သန်း) ကုန်ကျခဲ့သည်။ သုံးပြည်ထောင်ခေတ်ဟု ခေါ်သော သမိုင်းတစ်ခေတ်က အလွန်ကျော်ကြားသော စစ်သူကြီး ဂွမ်ယု အထိမ်းအမှတ်ရုပ်တု ဖြစ်ပြီး ကွယ်လွန်ပြီးသောအခါ နတ်မင်းအဖြစ်သို့ ရောက်ရှိသွားသည်ဟု ယုံကြည်ကိုးကွယ်ခြင်း ခံရသော ပုဂ္ဂိုလ်ဖြစ်သည်။ ထိုရုပ်တုကြီးကို ခရီးသွားလုပ်ငန်းအတွက် သီးသန့်သတ်မှတ်ပေးထားသည့် နယ်မြေအတွင်းသို့ ယွမ် ၁၅၅ သန်း အကုန်ခံကာ ရွှေ့ပြောင်းပေးခဲ့သည်။ 

ကမ္ဘာ့အကြီးဆုံး ကြေးရုပ်တုကြီးဟု ယေယုယျအားဖြင့် ပြောဆိုကြပြီး ၂၀၁၃ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ရာ  ၂၀၁၆ ခုနှစ်တွင် တည်ဆောက်ပြီးစီးသောအခါ Guinness World Records စံချိန်မှတ်တမ်း ဝင်ရန် မျှော်မှန်းထားသော်လည်း ဖြစ်မလာခဲ့ချေ။ 
အလေးချိန် တန် ၁,၁၉၇ ရှိပြီး ကြေးအပိုင်းအစ ၄,၀၀၀ ဝန်းကျင်ဖြင့် တည်ဆောက်ထားသည်။ 
ရာဇဝင်ထဲတွင် စစ်သူကြီး ဂွမ်ယု၏ နာမည်ကျော် တိုက်ပွဲများ ဆင်နွှဲခဲ့သည် နေရာဖြစ်သဖြင့် ယခုလို အထိမ်းအမှတ်ပြုသည့် ရုပ်တိုကြီးကို တည်ဆောက်ခဲ့ကြခြင်း ဖြစ်ပြီး ခရီးသွားဧည့်သည်များကို ဆွဲဆောင်ရန်အတွက်လည်း ရည်ရွယ်သည်။ ဧရိယာ ၈,၀၀၀ စတုရန်းမီတာ ရှိသော ပြတိုက်ခေါင်းမိုးပေါ်တွင် ရုပ်တုကြီးကို တည်ဆောက်ပေးထားခြင်း ဖြစ်သည်။ 
ဒေသခံတို့နှင့် ဗဟိုအစိုးရတို့က ကြွားဝါခြင်းသက်သက် ဖြစ်ပြီး ငွေဖြုန်းတီးသည်ဟု ဝေဖန်သည်။ 

အိုးအိမ်နှင့် မြို့ပြ-ကျေးလက် ဖွံ့ဖြိုးရေး ဝန်ကြီးဌာနက ကျင်းကျိုး၏ ယဉ်ကျေးမှုနှင့် ပင်ကိုလက္ခဏာကို ပျက်စီးသွားစေသည်။ သမိုင်းဝင် မြို့တော်အစား ခေတ်ပေါ် ရုပ်တုကြီး ရှိနေသည့် မြို့တော် အဖြစ်သို့ ရောက်သွားသည်ဟု ဝေဖန်သည်။ သို့ဖြစ်ရာ အမြင်မတော်သည့် ရုပ်တုကြီးကို နေရာပြောင်းရွှေ့ပေးရန် တရားဝင် တောင်းဆိုခဲ့သည်။  အဘက်ဘက်မှ ဖိအားပေးခံရသဖြင့် ရုပ်တုကြီး နေရာပြောင်းရွှေ့ပေးရန်အတွက် ကျင်းကျိုးအာဏာပိုင်တို့က သဘောတူညီခဲ့ကြသည်။ တစ်ချိန်တစ်ခါတုန်းက ဂွမ်ယုက သူ့စစ်သည်များကို စစ်ရေးလေ့ကျင့်ပေးသည့် သမိုင်းဝင်နေရာသို့ ပြောင်းရွှေ့ထားရှိရန် သဘောတူညီခဲ့ကြသည်။ 
မူလနေရာသည် မြို့ပြအဆောက်အဦများအတွက် အမြင့်ဆုံးအမြင့် ကန့်သတ်ချက် ၂၄ မီတာဟု ပြဋ္ဌာန်းထားသည့် နေရာတွင် ဖြစ်နေသည်။ သို့သော် ရုပ်တုကြီး တည်ဆောက်စဉ်က ရုပ်တုဖြစ်နေသဖြင့် အဆောက်အဦအမြင့် ကန့်သတ်ချက်နှင့် မသက်ဆိုင်ဟု ယူဆပြီး ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။ 

 

 

“လူနေအဆောက်အဦတွေအတွက် အမြင့်ဆုံးအမြင့် ကန့်သတ်ချက် ထားရှိပေမဲ့ ရုပ်တုတွေအတွက်တော ဘာစည်းမျဉ်းမှ မရှိဘူးလို့ ယူဆခဲ့ကြတယ်” ဟု Jingzhou Municipal Bureau of Natural Resources and Planning လက်ထောက်အကြီးအကဲ Qin Jun က ပြောပြသည်။ 
ရုပ်တုကို ကြီးကြီးမားမား ဆောက်လုပ်ရခြင်းမှာ လူအများ စိတ်ဝင်တစားဖြစ်ပြီး လာရောက်ကြည့်ရှုရန်အတွက် ဆွဲဆောင်မှုတစ်မျိုးဖြစ်စေရန်အတွက် ရည်ရွယ်သည်။ 

scmp.com
 

Global Read 59159 times