ကိုဗစ်ကြောင့် မျိုးဆက်များအကြား အိမ်ရာပိုင်ဆိုင်မှု အမြင်ကွဲပြား


14 January, 2022

ကိုဗစ်ကြောင့် မျိုးဆက်များအကြား အိမ်ရာပိုင်ဆိုင်မှု အမြင်ကွဲပြား


အိမ်ရာအသစ် ဝယ်ယူခြင်းအပေါ် ကိုဗစ်ကပ်ရောဂါက အချို့အသက်အပိုင်းအခြား အုပ်စုများအလိုက်သက်ရောက်မှု ရှိကြောင်း Terra Media and Consulting ရဲ့ သုတေသနအရ သိကြရပါတယ်။

၁၉၉၇-၂၀၁၂ မှာ မွေးဖွားတဲ့ ယခုအခါ အသက် ၁၀-၂၅ နှစ် ရှိသူ Gen Z နဲ့ ၁၉၈၁-၁၉၆၆ မှာ မွေးဖွားတဲ့ ယခုအခါ အသက် ၂၆-၄၁ နှစ်ရှိသူ Gen Y (Millennials) အိမ်ဝယ်ယူသူတွေက ကိုဗစ်ကြောင့် ဝင်ငွေ ပုံမှန်ရနေဖို့ မသေချာတာအတွက် စိုးရိမ်မှု ရှိနေကြတယ်။ အနာဂတ် မရေရာတဲ့အပေါ် ပူပန်မှု ရှိနေကြပါတယ်။
၁၉၆၅-၁၉၈၀ မှာ မွေးဖွားတဲ့ ယခုအခါ အသက် ၄၂-၅၇ နှစ်ရှိသူ Gen X     အိမ်ရာပိုင်ဆိုင်ထားသူတွေက ကိုဗစ်ကြောင့် ထိခိုက်ခဲ့ရာမှ ခပ်မြန်မြန် ပြန်နာလန်ထနိုင်ကြတယ်လို့ Terra Media and Consulting ရဲ့ လေ့လာချက်မှာ တွေ့ရပါတယ်။

ညွှန်ချုပ် Sumitra Wongpakdee  က ပြောကြားတာမှာ ကပ်ရောဂါက အသက် ၄၀ နှစ်အောက်ကို ထိချက် ပိုပြင်းထန်ပြီး အသက် ၄၀နှစ်နှင့် အထက်ရှိသူများက ပိုရင့်ကျက်ကြပြီး အခြေအနေကို လိုက်လျောညီထွေ အလိုက်သင့် နေထိုင်ပေးတတ်ကြတယ်။ 

"ခက်ခဲတဲ့ ၂၀၂၀ ခုနှစ်နောက်ပိုင်းမှာ Gen X တွေက ထိခိုက်တာတွေ ပြန်ထူထူထောင်ထောင် ဖြစ်ပြီး သူတို့ရဲ့ ပုံမှန်ဘဝဆီကို ပြန်ရောက်သွားကြတယ်" လို့ Ms Sumitra က ပြောကြားပါတယ်။
"အဲဒီမျိုးဆက်ထဲမှ အိုးအိမ်ဝယ်ယူသူတွေက သူတို့ဝင်ငွေ ထိခိုက်တာ နည်းပါးပါတယ်။ သူတို့က လျှော့ဈေးတွေ ရတာ၊ developers တွေက ပေးတဲ့ အရောင်းမြှင့်တင်ရေးတွေကို အကျိုးခံစားကြတယ်" လို့ Ms Sumitra က ပြောကြားပါတယ်။
"ဒါပေမဲ့ Gen Y နဲ့  Gen Z  တို့ကတော့ ကပ်ရောဂါကြောင့် ဒုက္ခရောက်ခဲ့ရတာ မပြီးကြသေးဘူး။ ဝင်ငွေနိမ့်ကျနေတယ်။ စီးပွားရေးက မသေချာ မရေရာ ဖြစ်နေတယ်။ အလုပ်က မသေချာဘူး" လို့ Ms Sumitra က ပြောကြားပါတယ်။
" Gen Y နဲ့  Gen Z  တို့က သူတို့ရဲ့ လိုအပ်ချက်များ ချိန်ဆဖို့ ပူပန်နေကြတယ်။ အိုးအိမ်ဝယ်ဖို့ စဉ်းစားတာ အချိန်ပိုယူကြတယ်။ ဝယ်ဖို့ ဆုံးဖြတ်ပြီးရင်တောင် တစ်နှစ်တော့ အခြေအနေတွေကို စောင့်ကြည့်ချင်သေးလို့ အိုးအိမ်ဝယ်ဖို့ ဆိုင်းငံ့ထားတယ်"လို့ Ms Sumitra က ပြောကြားပါတယ်။

Terra Media က ဈေးကွက်သုတေသနကို နိုဝင်ဘာလ ၂၂ မှ ၂၅ အထိ လုပ်ဆောင်ခဲ့ပါတယ်။ စူးစိုက်တဲ့ အုပ်စု ၇ ခု ပိုင်းခြားသတ်မှတ်ထားပါတယ်။ အုပ်စုတိုင်းမှာ Gen X, Yနဲ့ Z  တို့ ပါဝင်ပါတယ်။ ခြုံငုံမိတဲ့ အသက်အပိုင်းအခြားက ၂၂ မှ ၅၃ နှစ်အထိ ဖြစ်ပါတယ်။ 
Gen X နဲ့  Y တို့မှာ တစ်ကိုယ်ရေ ဝင်ငွေ တစ်လ ဘတ် ၅၀,၀၀၀ ကျော် ရှိသူများ ဖြစ်ပြီး Gen Z တို့မှာ အနည်းဆုံး တစ်လ ဘတ် ၁၀၀,၀၀၀ ဝင်ငွေ ရှိသူများ ဖြစ်ပါတယ်။ ကွန်ဒို၊ လုံးချင်းအိမ်၊ သီးသန့်တိုက်အိမ် ဝယ်ဖို့ ရည်ရွယ်ချက် ရှိသူတွေဖြစ်ပါတယ်။ 

Gen Z  အိုးအိမ်ဝယ်ယူလိုသူတို့က အနာဂတ် မသေချာဘူး၊ လက်ရှိအလုပ်ကလည်း မသေချာဘူး။ အများစုက နောက်ထပ် အလုပ်တစ်ခု ရှာဖို့ လိုအပ်နေကြတယ်။ ဒါပေမဲ့လည်း သူတို့က အိုးအိမ်ပိုင်ဆိုင်သူ ဖြစ်လိုကြတယ်။ အိုးအိမ်ပိုင်ဆိုင်သူ ဖြစ်ရေးက သူတို့ရဲ့ ပန်းတိုင်တစ်ခု ဖြစ်ပြီး အိမ်မှ အလုပ်လုပ် (work from home) တဲ့အခါ ကိုယ်ပိုင်တဲ့အိမ်မှာ လုပ်ကိုင်ရတာ စိတ်အေးလက်အေး ရှိတယ်လို့ ခံစားမိကြတယ်။ 


Gen Y တွေမှာတော့ ဝင်ငွေ တည်ငြိမ်တယ်။ ဝင်ငွေနည်းနည်းဖြင့် ဘဝကို ဖြတ်သန်းဖူးထားတယ်။ ကီုဗစ်ကြောင့် အလုပ်ထွက်ရတာလည်း ကြုံဖူးတယ်။ ဝင်ငွေလျော့နည်းသွားတာကိုလည်း ရင်ဆိုင်တတ်တယ်။ သူတို့က ဘဝရှေ့ရေးအတွက် အိုးပိုင်အိမ်ပိုင် ဖြစ်လိုကြတယ်။ 

Gen X  က အိမ်ဝယ်ဖို့ ချေးငွေတွေကို အတိုးနည်းနည်းဖြင့် ထုတ်ချေးပေးလို့ အခွင့်ကောင်းကို အသုံးချချင်တယ်။ သူတို့က developers တွေထံမှ ရနိုင်သမျှ လျှော့ဈေး၊ အခွင့်အရေး၊ အရောင်းမြှင့်တင်ရေးအစီအစဉ်တွေ တောင်းယူကြတယ်။

အိမ်ကို ရွေးချယ်တဲ့အခါ Gen X က နေရာကျယ်ကျယ် ပိုလိုချင်တယ်။ မိသားစုနဲ့ အတူနေရင်း အိမ်မှ အလုပ်လုပ်ဖို့ နေရာကျဉ်းနေရင် အဆင်ပြေမှာ မဟုတ်ဘူးလို့ ယူဆတယ်။

bangkokpost.com

Tips Read 267 times