ဦးရာလူစနစ်ဖြင့် လွတ်လပ်စွာ ဝယ်ယူနိုင်နေပြီ ဖြစ်သည့် ဗိုလ်ဗထူးတန်ဖိုးမျှတ အိမ်ရာ


23 November, 2020

ဗိုလ်ဗထူးတန်ဖိုးမျှတ အိမ်ရာစီမံကိန်း(ဒုတိယအဆင့်)မှ နေအိမ်တိုက်ခန်းများအား ဦးရာလူစနစ်ဖြင့် လွတ်လပ်စွာ ဝယ်ယူနိုင်ပြီဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

တန်ဖိုးငွေ ကျပ်ဘီလီယံ ၃ဝခန့်ကုန်ကျခံဆောက်လုပ်ထားသည့်ဗိုလ်ဗထူးတန်ဖိုးမျှတ အိမ်ရာစီမံကိန်း(ဒုတိယအဆင့်)မှာ ဗိုလ်ဗထူးတန်ဖိုးမျှတအိမ်ရာစီမံကိန်း(ပထမအဆင့်)အနီးတွင် ဆောက်လုပ်ထားခြင်းဖြစ်ပြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ ဗိုလ်မှူးဗထူးလမ်း နှင့် ဘုရင့်နောင်လမ်းထောင့် ဆုံရာနေရာတွင် တည်ရှိသည်။

ဗိုလ်ဗထူးတန်ဖိုးမျှတ အိမ်ရာစီမံကိန်း(ဒုတိယအဆင့်)တွင်နေအိမ်တိုက်ခန်း စတုရန်းပေ ၉၂၇ပေ အကျယ်အဝန်းရှိ အထပ်မြင့် ရှစ်ထပ်တိုက်အဆောက်အအုံ ၁၉လုံးနှင့် နေအိမ်တိုက်ခန်း

စတုရန်းပေ ၆၁၄ပေ အကျယ်အဝန်းရှိ အထပ်မြင့် ရှစ်ထပ်တိုက် အဆောက်အအုံရှစ်လုံး တို့ကိုဆောက်လုပ်ထားကာ စုစုပေါင်းအဆောက်အအုံ ၂၇ လုံးဆောက်လုပ်ထားကြောင်း နှင့် အိမ်ခန်းပေါင်း ၈၆၄ ခန်းပါဝင်ဆောက်လုပ်ထားကြောင်းသိရသည်။

ယခုအခါ ယင်းစီမံကိန်းမှ မဲဖောက်ရောင်းချပေးထားသော နေအိမ်တိုက်ခန်း ဝယ်ယူလိုသည့်လျှောက်လွှာပေါင်း ၅ဝဝဝကျော် လက်ခံရရှိခဲ့ကြောင်း နှင့် ယင်းနေအိမ်တိုက်ခန်းများကို ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၁၇ ရက်မှ ဒီဇင်ဘာ ၁၇ရက်ထိ နှစ်လတာကာလ အတွင်း ပထမအရစ်ငွေပေးသွင်းရန် သတ်မှတ်ခဲ့ရာ နေအိမ်တိုက်ခန်းပေါင်း ၄၅၂ခန်းသာ ငွေပေးသွင်းခဲ့ကြောင်းသိရသည်။

ကျန်ရှိနေအိမ်တိုက်ခန်း ၄၁၂ ခန်းမှာ မဲစနစ်ဖြင့် လျှောက်ထားခဲ့သော်လည်း လက်ရှိလာရောက်ငွေပေးသွင်းခြင်းမရှိသောကြောင့် ဝယ်ယူခွင့် ရရှိသူစာရင်းမှ တရားဝင်ပယ်ဖျက်လိုက်ပြီဖြစ်ပြီး

ယင်းနေအိမ်တိုက်ခန်းများကို မတ် ၂၈ ရက်မှ စ၍ မည်သူမဆို လွတ်လပ်စွာ ဝယ်ယူနိုင်ပြီဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာ ဌာန (အဆောက်အအုံ)မှ အသိပေးကြေညာထားကြောင်းသိရသည်။

ယင်းနေအိမ်တိုက်ခန်းများ၏ ရောင်းဈေးအနေဖြင့် စတုရန်းပေ ၆၁၄ ပေ အကျယ်အဝန်းရှိ အခန်းကို ငွေကျပ် ၂၈၅ သိန်းဖြင့်လည်းကောင်း၊ စတုရန်းပေ ၉၂၇ ပေအကျယ်အဝန်းရှိအခန်းကို ငွေကျပ် ၃၇၇ သိန်းဖြင့် လည်းကောင်း စီစဉ်ရောင်းချပေးထားပြီး

အခန်းဝယ်ယူမည့်သူများသည် အခန်းတန်ဖိုး၏ ၃ဝရာခိုင်နှုန်း ကို ငွေပေးသွင်းကာ ကျန်ငွေကို အရစ်ကျ စနစ်ဖြင့် ပေးသွင်းနိုင်ရန်စီစဉ်သတ်မှတ်ထားကြောင်း ဧရာဝတီဘဏ်နှင့် ချိတ်ဆက်၍

အခန်းတန်ဖိုးအတွက် ၁ဝနှစ်အရစ်ကျ ဝယ်ယူနိုင်ကြောင်း သိရသည်။

ဗိုလ်ဗထူး တန်ဖိုးမျှတ အိမ်ရာစီမံကိန်း(ဒုတိယအဆင့်) မှ နေအိမ်တိုက်ခန်းများကို ဝယ်ယူနေထိုင်ကြသော ပြည်သူများ အနေဖြင့် ခေတ်မီစွာ နေထိုင်နိုင်ကြတော့မည် ဖြစ်ပြီး

ကလေးများ ဆော့ကစားရန် ကစားကွင်းများနှင့် အပန်းဖြေဥယျာဉ်များ ထည့်သွင်း ဆောက်လုပ်ထားကြောင်း သိရသည်။

Public Housing Read 211 times