သုံးနိုင်ငံ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့တဲ့ ရေပေါ်ဟိုတယ်ကြီး


14 November, 2021

ကြီးမားတဲ့ ရေပေါ်ဟိုတယ်ကြီး တစ်ခုကို သင်္ဘောပေါ်တင်ပြီး မြောက်ကိုရီးယားနိုင်ငံသို့ ပို့ဆောင်ခဲ့ပါတယ်။ 
အဲဒီ ရေပေါ်ဟိုတယ်ကြီးက တစ်ချိန်တုန်းက ကြယ် ၅ ပွင့် ဟိုတယ်ကြီး ဖြစ်ခဲ့ပြီး အခုတော့ မြောက်ကိုရီးယားနိုင်ငံ ဆိပ်ကမ်းတစ်ခုမှာ သံချေးတက်နေတဲ့ အဖြစ်သို့ ရောက်ရှိနေပါတယ်။


ရေပေါ်ဟိုတယ်ကို ရေငုပ်သမားတွေ တည်းခိုဖို့ ဇိမ်ခံဟိုတယ်တစ်ခုအဖြစ် ဒီဇိုင်းထုတ်ထားတယ်။  အီတလီဇာတိ ရေငုပ်သမား Doug Tarca ရဲ့ စိတ်ကူးမှ ပေါက်ဖွားခဲ့တယ်။ တည်နေရာက ဩစတေးလျနိုင်သံ ကွင်းစလန်း ပင်လယ်ကမ်းခြေမှာ ဖြစ်ပါတယ်။ 

၁၉၈၃ မှာ Tarca က Reef Link အမည်ဖြင့် ကုမ္ပဏီတစ်ခု စတင်တယ်။ ပင်လယ်ကမ်းခြေ ကျောက်ဆောင်တွေဆီ နေ့ချင်းပြန် အလည်အပတ်ခရီးကို ဖယ်ရီသင်္ဘောဖြင့် ပြေးဆွဲတဲ့ ဝန်ဆောင်မှု ပေးအပ်တဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ နေ့ချင်းပြန် ခရီးအစား ကျောက်ဆောင်တွေမှာ ညအိပ်ညနေ နေလို့ရအောင် စီစဉ်ပေးဖို့ Tarca  စိတ်ကူးရတယ်။ ဇိမ်ခံခရီးသည်တင်သင်္ဘောအဟောင်းတစ်စီးကို ကျောက်ဆောင်တွေနားမှာ ရပ်နားထားပြီး ဇိမ်ခံဟိုတယ်တစ်ခုအဖြစ် အသုံးပြုဖို့ အကြံရပေမဲ့ ရေပေါ်ဟိုတယ်တစ်ခု ဆောက်လုပ်ပြီး လုပ်ကိုင်တာက အကုန်အကျ ပိုသက်သာတာကို သိရတော့ ရေပေါ်ဟိုတယ်တစ်ခုကို ဒီဇိုင်းထုတ်တယ်။ 

၁၉၈၆ ခုနှစ်မှာ စင်ကာပူနိုင်ငံရှိ  Bethlehem သင်္ဘောကျင်းမှာ ရေပေါ်ဟိုတယ်ကို စတင်ဆောက်လုပ်တယ်။ အမေရိကန်နိုင်ငံမှ စတီးကုမ္ပဏီတစ်ခုက ဘဏ္ဍာရေး ကျောထောက်နောက်ခံ ပြုပေးတယ်။ အဲဒီ စတီးကုမ္ပဏီက အခုမရှိတော့ဘူး။ လုပ်ငန်း ပိတ်သိမ်းသွားခဲ့ပြီ။ 
ဟိုတယ်ဆောက်လုပ်ရေး ကုန်ကျစရိတ် ခန့်မှန်းခြေအားဖြင့် အမေရိကန်ဒေါ်လာ ၄၅ သန်း ရှိတယ်။ အခုအခါ ဆိုရင် အမေရိကန် သန်း ၁၀၀ ကျော်နဲ့ ညီမျှတယ်။ ရေပေါ်ဟိုတယ်ကို အကြီးစားလေးလေးလံလံ သယ်ဆောင်တဲ့ သင်္ဘောနဲ့ ဩစတေးလျကို ယူလာတယ်။ နေရာရွေးချယ်ထားတဲ့ ကျောက်ဆောင်ဖြစ်တဲ့ John Brewer Reef မှာ ရေပေါ်ဟိုတယ်ကို နေရာချတယ်။ အဲဒီနေရာက ခရီးသွားတော့ အလည်လာကြတဲ့ Great Barrier Reef Marine Park ဧရိယာအတွင်းမှာ ဖြစ်ပါတယ်။ 
John Brewer Reef ကျောက်ဆောင်က မြင်းခွာပုံ ဖြစ်ပြီး အလယ်မှာ ရေပေါ်ဟိုတယ်ကို ထားရှိတယ်။ ဟိုတယ်မှ မိလ္လာစွန့်ပစ်ခြင်း မပြုဘူး။ ရေကိုလည်း တစ်ဖန်ပြန်သန့်စင်တဲ့ စနစ် သုံးစွဲထားတယ်။ အမှိုက်ကို ကုန်းမြေပေါ် ပေးပို့ပြီး စွန့်ပစ်တယ်။ ရေပေါ်ဟိုတယ်ရဲ့ အနေအထားကလည်း သဘာဝ ကျောက်ဆောင်တွေကို မထိခိုက်အောင် အထူးဂရုစိုက်ပေးထားတယ်။ ကျောက်ဆောင်နဲ့ မထိမိအောင် ရေပေါ် ပေါလောပေါ်နေတဲ့ ဟိုတယ်ကို နေရာမရွေ့အောင် ကြီးမားတဲ့ ကျောက်ဆူး ၇ ခု ဖြင့် ကျောက်ချပြီး ထိန်းချုပ်ပေးထားတယ်။ 
ရေပေါ်ဟိုတယ်ကို Four Seasons Barrier Reef Resort လို့ အမည်ပေးပြီး ၁၉၈၈ မတ်လ ၉ ရက်မှာ တရားဝင် ဖွင့်လှစ်ခဲ့တယ်။ 
ကြယ် ၅ ပွင့်အဆင့် ဟိုတယ်ဖြစ်ပြီး ဈေးကြီးတယ်။ တည်းခိုဖို့ အခန်းပေါင်း ၁၇၆ ခန်း ရှိပြီး ဧည့်သည် ၃၅၀ အထိ တည်းခိုနိုင်တယ်။ ဟိုတယ်ပေါ်မှာ နိုက်ကလပ် တစ်ခု၊ စားသောက်ဆိုင် နှစ်ခု၊ သုတေသန ဓာတ်ခွဲခန်းတစ်ခု၊ စာကြည့်တိုက်တစ်ခု၊ ဈေးဆိုင်တစ်ခု ထားရှိတယ်။ ရေငုပ်ဖို့ လိုအပ်တာတွေကို ဆိုင်မှာ ဝယ်ဖို့ အဆင်သင့် ထားရှိပေးတယ်။ တင်းနစ်ကွင်းတစ်ကွင်းလည်း ရှိခဲ့ဖူးတယ်။ 
ပင်လယ်ရေအောက် ရေငုပ်ချင်တဲ့သူတွေအတွက်တော့ ရေပေါ်ဟိုတယ်  Four Seasons Barrier Reef Resort က အရမ်းကောင်းတယ်။ ရေမငုပ်တတ်တဲ့သူတွေအတွက် The Yellow Submarine  အမည်ရှိ ရေငုပ်သင်္ဘောဖြင့် ပင်လယ်ရေအောက် လေ့လာရေး ထွက်လို့ ရတယ်။ 

ဟိုတယ်က ရာသီဥတု ဆိုးဝါးတဲ့အခါ ပြဿနာ တက်တယ်။ ကမ်းခြေနဲ့ ဟိုတယ်အကြား အသွားအလာ လုပ်လို့ မရတော့ဘူး။ ဟိုတယ်မှာ ရောက်နေတဲ့သူတွေ ကမ်းကို ပြန်လို့ မရသလို ကမ်းက လာမယ့်သူတွေလည်း လာလို့ မရဘူး။  ကမ်းခြေနဲ့ ဟိုတယ်အကြား ကူးသန်းဖို့ ဒွါလောင်း (နှစ်စီးတွဲရွှက်လှေတစ်မျိုး) (catamaran) နဲ့ နှစ်နာရီ ရေကြောင်းခရီး စီစဉ်ထားတယ်။ မြန်မြန်ဆန်ဆန် ဖြစ်ချင်ရင် ရဟတ်ယာဉ် စီစဉ်ထားတယ်။ ရဟတ်ယာဉ်ကို ပိုဈေးကြီးတယ်။ အသွားအပြန် တစ်ခေါက်ကို အမေရိကန်ဒေါ်လာ ၃၅၀ ကုန်ကျတယ်။ 

နောက်ထပ် ပြဿနာတစ်ခုက လှိုင်းထရင် ဟိုတယ်က လူးတယ်။ 
ဟိုတယ်ဝန်ထမ်းတွေက အပေါ်ဆုံးထပ်မှာ နေထိုင်ရတယ်။  လှိုင်းထလို့ ရေပေါ်ဟိုတယ် လူးတဲ့အခါ အထပ်မြင့်လေ လူးတာက ပိုသိသာလေဖြစ်လို့ သူတို့ကို အဆိုးဆုံးအထပ်ဖြစ်တဲ့ အပေါ်ဆုံးထပ်မှာ ထားရတာ ဖြစ်ပါတယ်။ 
လူးနေတာ များပြီး ကြာလာရင် ဧည့်သည်တွေ လှိုင်းမှုးကုန်ကြတယ်။ 

နောက်ထပ် ပြဿနာတွေလည်း ရှိသေးတယ်။ 
ဟိုတယ်ဖွင့်ဖို့ တစ်ပတ်အလိုမှာ ဆိုင်ကလုန်း မုန်တိုင်း တိုက်ခတ်ခဲ့တယ်။ ရေချိုရေကူးကန်ထဲ ပင်လယ်ရေတွေ ဝင်ကုန်တယ်တဲ့ ဆိုးဝါးတယ်။ 
ဟိုတယ်မှ ၂ မိုင်ဝေးကွာတဲ့နေရာမှာ ဒုတိယကမ္ဘာစစ်လက်ကျန် ခဲယမ်းမီးကျောက်တွေ အစုလိုက်အပြုံလိုက် စွန့်ပစ်ထားတယ်။ 

တစ်နှစ်ကြာပြီးချိန်မှာ ကုန်ကျစရိတ်ကို ဝင်ငွေက မကာမိတဲ့အတွက် ဟိုတယ်ကို ပိတ်သိမ်းလိုက်ရတယ်။ အခန်းပြည့်တဲ့ ရက် တစ်ရက်မှ မရှိခဲ့ဖူးဘူး။

ရေပေါ်ဟိုတယ်ကို ဗီယက်နမ်နိုင်ငံ ဟိုချီးမင်းမြို့မှ ကုမ္ပဏီတစ်ခုက ခရီးသွားလုပ်ငန်းအတွက် ဝယ်ယူလို့ ရေပေါ်ဟိုတယ် ဗီယက်နမ်နိုင်ငံကို ရောက်သွားတယ်။ 

ဩစတေးလျမှာ တစ်နှစ်ကြာ ရှိနေခဲ့တဲ့ ရေပေါ်ဟိုတယ်ကို ၁၉၈၉ ခုနှစ်မှာ မိုင်ပေါင်း ၃,၄၀၀ ဝေးတဲ့ ဗီယက်နမ်သို့ ရွှေ့ပြောင်းလိုက်ကြတယ်။ Saigon Hotel လို့ အမည်အသစ် ပြောင်းလဲခေါ်ဝေါ်တယ်။ မြို့ခံတွေက "ရေပေါ်" လို့ပဲ ခေါ်ကြတယ်။ ဆိုင်ဂုံမြစ်ထဲမှာ ကြိုးဆိုင်းပြီး နေရာချထားတယ်။ 

တစ်ဆယ်နှစ် ကြာသွားတယ်။ ၁၉၈၉ ခုနှစ်မှာ ကုမ္ပဏီက မတတ်နိုင်တော့လို့ ဟိုတယ်ကို ပိတ်သိမ်းလိုက်တယ်။ 
မြောက်ကိုရီးယား အစိုးရက ရေပေါ်ဟိုတယ်ကို ဝယ်ယူလိုက်ပြီး မြောက်ကိုရီးယားသို့ ယူသွားတယ်။ နောက်ထပ် မိုင် ၂,၈၀၀ ခရီးကို ရေပေါ်ဟိုတယ် သင်္ဘောစီးပြီး ခရီးနှင်တယ်။ 
Hotel Haegumgang လို့ အမည်သစ် ပေးတယ်။ ၂၀၀၀ ပြည့်နှစ် အောက်တိုဘာလမှာ တရားဝင် ဖွင့်လှစ်တယ်။ တောင်ကိုရီးယား ကုမ္ပဏီ  Hyundai Asan က Hotel Haegumgang  ကို စီမံခန့်ခွဲတယ်။ တောင်ကိုရီးယား ခရီးသွားတွေ တည်းခိုကြတယ်။ အနားမှာ ရှိတဲ့ Mount Kumgang ဒေသကို အလည်ခရီး လာရောက်ကြတာ များပြားလို့ ဟိုတယ်မှာ တည်းခိုသူတွေ ရှိခဲ့တယ်။ 

၂၀၀၈ ခုနှစ်မှာ တောင်ကိုရီးယားမှ အလည်အပတ်ခရီး လာတဲ့ အသက် ၅၃ နှစ်ရှိ အမျိုးသမီးတစ်ဦးကို မြောက်ကိုရီးယား စစ်သားက ပစ်သတ်ခဲ့တယ်။ ခရီးသွားတွေအတွက် သတ်မှတ်ထးတဲ့ ဧရိယာအပြင်ဘက်ကို ရောက်ရှိလာလို့ ပစ်သတ်လိုက်တာ ဖြစ်ပါတယ်။ Hyundai Asan က ခရီးစဉ်တွေအကုန် ဖျက်သိမ်းလိုက်တယ်။ Hotel Haegumgang  ကိုလည်း ပိတ်လိုက်တယ်။ 
အဲဒီနောက်ပိုင်း လုပ်ငန်း ပြန်မစဖြစ်တော့တာ ကိုဗစ်ကပ်ဘေး ရောက်လာတဲ့အထိ ဖြစ်ပြီး ကပ်ဘေးကာလမှာလည်း ဆက်လက် ပိတ်ထားရဆဲ ဖြစ်ပါတယ်။ 

Region Read 403 times