ကော့သောင်းတွင်ကြယ်ငါးပွင့်အဆင့် ဟိုတယ်တည်ဆောက်မည်


06 December, 2020

  ကော့သောင်းမြို့ရွှေပြည်စိုးကျေးရွာအပိုင်သီရိမြိုင်ရပ်ကွက်မြို့အဝင် ဗျူးပွိုင့်တွင် ဆောက်လုပ်အကောင်အထည်ဖော်မည့် ကြယ်ငါးပွင့်အဆင့် ရွှေပြည်စိုးဟိုတယ်ဆောက်လုပ်ရေး စီမံကိန်းဆိုင်ရာလုပ်ငန်းများနှင့် ပတ်သက်၍ ဒေသခံပြည်သူများသို့ အသိပေးရှင်းလင်းပွဲပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှင်းလင်းပွဲတွင်တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊မြို့ခံပြည်သူများ၊အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ဟိုတယ်တည်ဆောက်မှုနှင့် စပ်လျဉ်း၍ မြေယာပိုင်ဆိုင်မှု၊မြို့ပြသဘာဝအလှအပများ၊ပျက်စီးယိုယွင်းမှု၊သဘာဝပတ်ဝန်းကျင်ထိခိုက်ညစ်ညမ်းမှုနှင့် ဒေသခံပြည်သူများ ရရှိလာမည့် အကျိုးကျေးဇူးများနှင့် စပ်လျဉ်း၍ သိလိုသည့် မေးမြန်းချက်များအား ဟိုတယ်စီမံကိန်းတာဝန်ရှိသူများက ပြည်လည် ရှင်းလင်းဖြေကြားကြသည်။

          အဆိုပါကြယ်ငါးပွင့်အဆင့်ရှိရွှေပြည်စိုးဟိုတယ်အားကော့သောင်းမြို့ရွှေပြည်စိုးကျေးရွာအပိုင်းကော့သောင်းမြို့အဝင်သီရိမြိုင်ရပ်ကွက်ဗျူးပွိုင့်အနီး အက်ဒမန်ပင်လယ်သို့ မျက်နှာမူရာတောင်စောင်းပင်လယ်ကမ်းခြေတစ်လျှောက် ၄ဒသမ ၃၉ ဧကအကျယ်မြေဧရိယာအတွင်း ဧရိယာ ၂ ဒသမ ၆ဧကအားမြို့ခံပြည်သူများအနားယူအပန်းဖြေနိုင်မည့် အများပြည်သူဧရိယာအဖြစ်ပင်လယ်ကမ်းခြေတစ်လျှောက်ကားပါကင်၊အားကစားလေ့ကျင့်ကိရိယာများ၊သစ်ပင်နှင့် ပန်းအလှဥယျာဉ်များ၊နားနေဆောင်များထည့်သွင်းကာငွေကျပ်သိန်းသုံးသောင်းခန့် အကုန်အကျခံအလှဆင်တည်ဆောက်ပေးပြီး ကျန်ရှိသည့်မြေဧရိယာ ၁.၈ ဧကအတွင်း သစ်ပင်၊ကျက်စားနေထိုင်သည့်ရေနေ၊ကုန်းနေ သတ္တဝါ၊ဂေဟ စနစ်နှင့် သဘာဝ ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုမရှိစေဘဲ ငွေကျပ်သိန်းပေါင်း တစ်သိန်းနှစ်သောင်းကျော်အကုန်အကျခံကာ ကြယ်ငါးပွင့်အဆင့် ဟိုတယ်အဆောက်အအုံကို ကောင်းမြန်မာအောင် ကုမ္ပဏီမှ သုံးနှစ်အတွင်း အကောင်အထည်ဖော်တည်ဆောက်သွားမည်ဖြစ်ပြီး စီမံကိန်းပြီးစီးပါက ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းအတွက် ဟိုတယ်ဝန်ထမ်း ၈၅ ရာခိုင်နှုန်းခန့်ကို မြို့ခံများအား ခန့်ထားပေးသွားမည်ဖြစ်ကြောင်းသိရသည်။

Hospitality Read 61 times