စီးပွားရေးလုပ်ငန်းရှင်များနှင့် အတိုးနှုန်းလျှော့ချရေး မျှော်လင့်ချက်


24 November, 2020

ဘဏ်မှ လုပ်ငန်းလုပ်ကိုင်လိုသူများ၊ စီးပွားရေးလုပ်ငန်းရှင်များအား ထုတ်ချေးပေးသည့် ချေးငွေကို ယခင် တနှစ်သက်တမ်းမှ ယခု ၃ နှစ်သက်တမ်းသို့ တိုးမြှင့်ထုတ်ချေးပေးမှုအပေါ် လုပ်ငန်းရှင်များ ကြိုဆိုကြသော်လည်း

ယခုထက်အတိုးနှုန်း ပိုမိုလျှော့ချပေးရန်ကိုလည်း မျှော်လင့်နေကြကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။

မြန်မာနိုင်ငံ၏ ဘဏ်လောကတွင် သက်တမ်းရင့်ဘဏ်တခုဖြစ်ပြီး ဘဏ်ခွဲအများဆုံးနှင့် ဈေးကွက်ဝေစု အများဆုံးရရှိထားသည့် ကမ္ဘောဇဘဏ်အနေဖြင့် ချေးငွေထုတ်ချေးမှုကို ယခင်တနှစ်သက်တမ်းဖြင့်

ချေးပေးနေရာမှ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ စည်းမျဉ်းစည်းကမ်းများနှင့် အညီ ၃ နှစ်အထိ ထုတ်ချေးပေးနိုင်သည့် ချေးငွေ (Term Loan)ကို ၂ဝ၁၈၊ မေ ၁ ရက်မှစတင်မည်ဟု ဧပြီ ၃ဝ ရက်က ကြေညာချက်ထုတ်ပြန်လိုက်ပြီး

ယင်းအပေါ် စီးပွားရေးလုပ်ငန်းရှင်များက ကြိုဆိုမှုများရှိသည်ဟု သိရသည်။

စီးပွားရေးလုပ်ချင်သည့်အတွက် ငွေကြေးအရင်းအနှီးက ရယူဖို့ ခက်ခဲပါတယ်။ ဘဏ်တွေမှာ သတ်မှတ်ချက်တွေရှိပါတယ်။ အတိုးနှုန်းသက်သက် သာသာနဲ့ ချေးငွေရရှိဖို့လိုပါတယ်။ ဖြစ်နိုင်ရင် နိုင်ငံတကာမှာလို

နှစ်ရှည်ချေးငွေမျိုးတွေ လိုအပ်ပါတယ်။ ဒါမှလည်း ဖွံ့ဖြိုးဆဲ နိုင်ငံတနိုင်ငံအတွက် ထူထူထောင်ထောင် ဖြစ်မှာပါ။ ကုန်ထုတ်လုပ်ငန်းတွေလည်း တိုးတက်မှာပါ။ ချေးငွေကို တနှစ်အတွင်း

အတိုးအရင်း ပြန်ဆပ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။

 

တကယ်တမ်းပြောရရင် သုံးနှစ်ဆိုတာတောင် နည်းပါတယ်။ မဖြစ်နိုင်ပါဘူး။နှစ်ရှည်ဖြစ်သင့်ပါတယ်။ အိမ်နီးချင်းနိုင်ငံတွေက တိုးတက်သွားတဲ့ နိုင်ငံတွေကို သေချာအတုယူ ဆောင်ရွက်သင့်ပါတယ်။ သူတို့ဆီမှာ အတိုးနှုန်းအရမ်း
နည်းပါသည်ဟု သိရသည်။

ယင်းသို့ ချေးငွေအပေါ် အတိုးနှုန်း လျှော့ချပေးရန် စီးပွားရေးလုပ်ငန်းရှင်များက အစဉ်တစိုက်တောင်းဆိုခဲ့ကြပြီး ရန်ကုန်မြို့ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ်တွင် ပြုလုပ်ခဲ့သည့်

စီးပွားရေးတွေ့ဆုံဆွေးနွေးပွဲများ၊ နိုင်ငံတော်တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပွဲများတွင် စီးပွားရေးလုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံဘဏ်များအသင်းကလည်း တင်ပြမှုများပြုလုပ်ခဲ့ကြောင်း
သိရသည်။ ယင်းသို့ တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုများရရှိခဲ့သည့်အကျိုးရလဒ်များ
အပေါ်မူတည်၍ ယခု ချေးငွေကို ၃ နှစ်အထိ ထုတ်ချေးပေးမည့်အစီအစဉ်ကို မြန်မာနိုင်ငံ၏ ဦးဆောင်ဘဏ်တခုဖြစ်သည့် ကမ္ဘောဇဘဏ်က စတင်ဆောင်ရွက်
လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

'' ဘဏ်တွေဘက်မှာလည်း Risk တွေရှိပါတယ်။ ဘဏ်တွေအနေနဲ့က ပြည်သူတွေ၊ ပင်စင်စားကြီးတွေရဲ့ အပ်ငွေတွေအတွက် အတိုးနှုန်းများများပေးရတာ ပေးချင်ပါတယ်။ တကယ်တမ်းပြောရရင် ဘယ်လောက်မှမရှိပါဘူး။

ဒါပေမဲ့ ကော်ပိုရေးရှင်းကြီးတွေ၊ နိုင်ငံခြားရင်းနှီးမြှုပ်နံှမှု လုပ်ငန်းကြီးတွေက ငွေပမာဏအမြောက်အမြားကို စာရင်းရှင်အပ်ငွေမှာမထည့်ဘဲ Call Deposit မှာ ထည့်တာမျိုးကတော့ စီမံခန့်ခွဲစရိတ်တွေရှိသလို

အတိုးနှုန်းတွေ ရှိပါတယ်။ နိုင်ငံတကာမှာဆိုရင် အဲလိုကော်ပိုရေးရှင်းတွေကို စာရင်းရှင်အပ်ငွေမှာပဲ အပ်ခွင့်ပြုတယ်။ Call Deposit ဆိုရင်လည်းပါးပါးလေးပဲ အတိုးကိုပေးတယ်။ အဲတော့ ဘာဖြစ်သင့်လဲဆိုရင် Risk နည်းအောင်လုပ်ရမယ်။

ရေရှည်ရပ်တည်နိုင်အောင်၊ ခိုင်မာအောင်ပေါ့။ နောက်ပြီး Risk ပေါ်မူတည်ပြီး အတိုးနှုန်းသတ်မှတ်တဲ့ Floating Interest Rate သတ်မှတ်တာ၊ Customers ပေါ်မူတည်ပြီး အတိုးနှုန်းသတ်မှတ်တာမျိုးလုပ်သင့်တယ်။

နောက်ဘဏ်တွေအနေနဲ့ နှစ်ရှည်ချေးငွေများများ ချေးပေးနိုင်ဖို့ အတွက် နှစ်ရှည်အပ်ငွေတွေရဖို့လည်း လိုအပ်တယ်။ အပ်ငွေအပေါ်ပေးရတဲ့အတိုးနှုန်း လျှော့ချနိုင်ရင် ချေးငွေအပေါ်ပေးရတဲ့

အတိုးနှုန်းလည်း လျှော့ချပြီး များများချေးပေးနိုင်မယ် ''ဟု မြန်မာနိုင်ငံဘဏ်များ အသင်းမှ တာဝန်ရှိသူတဦးက ပြောသည်။

လက်ရှိတွင် ၎င်းအစီအစဉ်ကို ရန်ကုန်မြို့ရှိ ဘဏ် ၃ ဘဏ်တွင် စတင်သွားမည်ဖြစ်ပြီး ဆက်လက်၍ဘဏ်ခွဲ များအားလုံးတွင် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းအပြင် ၅ နှစ်၊ ၁၀ နှစ်၊ ၁၅ နှစ် စသည့်နှစ်ရှည်ထုတ်ချေးနိုင်သည့်

Home Loan (Mortgage) ချေးငွေများကိုလည်း မေ ၁ ရက်မှ စတင် ထုတ်ချေးပေးမည်ဟု သိရသည်။ ယင်းသို့ နှစ်ရှည်ထုတ်ချေးပေးမည့်အစီအစဉ်များနှင့်အတူ အပ်ငွေအပေါ် ပေးအပ်မည့် အတိုးနှုန်းကိုလည်း

ပြင်ဆင်လိုက်ပြီး ၃ နှစ်ကာလသတ်မှတ်ချက် အပ်ငွေအတွက် အတိုးနှုန်းကို ၈ ရာခိုင်နှုန်းမှ ၁ဝ ရာခိုင်နှုန်းအထိလည်းကောင်း၊ ငွေကြေးပမာဏ မြင့်မားသည့်အပ်ငွေများ
အတွက် အမြင့်ဆုံး အတိုးနှုန်း ၁ဝ ဒသမ ၇၅ ရာခိုင်နှုန်းအထိပေးအပ်မည့် ၃ နှစ်အပ်ငွေကိုလည်း စတင်လိုက်ပြီဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၏ ဘဏ်တိုးနှုန်းသည် ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက မြင့်မားလျက်ရှိပြီး အသေး စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် ချေးပေးလျက်ရှိသည့် ချေးငွေများမှာလည်း

ကန့်သတ်ချက်များမြင့်မားမှုကြောင့် ရရှိရန်ခက်ခဲကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။

Local Real Estate & Properties Read 49 times