Evergrande ကို လူနေတိုက်ခန်း စီမံကိန်း ပြီးစီးရေး ဦးစားပေးရန် ညွှန်ကြား


27 September, 2021

တရုတ်အစိုးရက ကြွေးမြီ အမေရိကန်ဒေါ်လာ ၃၀၀ ဘီလျံ ရှိနေသည့် Evergrande ၏ ငွေစာရင်းကို ထိန်းချုပ်ထားလိုက်ပြီး အကြွေးဆပ်ခြင်းထက် လူနေတိုက်တာ စီမံကိန်းများ ပြီးစီးရေးကို ဦးစားပေး ဆောင်ရွက်ရန် ညွှန်ကြားကြောင်း အိုးအိမ်ဝန်ကြီးဌာနက ပြောကြားခဲ့သည်။ 

ပြိုလုလု ဖြစ်နေသော China Evergrande Group ၏ ဘဏ်ငွေစာရင်းများကို တရုတ်အစိုးရ၏ အိုးအိမ်ဝန်ကြီးဌာနက ထိန်းချုပ်လိုက်ပြီး အကြွေးများ လှည့်ဆပ်ခြင်း မပြုဘဲ အိမ်ရာစီမံကိန်းများ ပြီးစီးရေးအတွက် ငွေကြေးသုံးစွဲသည်မှာ သေချာအောင် ကြီးကြပ်ပေးသွားမည်ဟု ဆိုသည်။ 
အိုးအိမ်နှင့် မြို့ပြ-ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနက ဒေသဆိုင်ရာ အာဏာပိုင်တို့ကို Evergrande ၏ အိမ်ရာစီမံကိန်းများအတွက် ငွေကြေးကို ကြီးကြပ်ပေးရန် ညွှန်ကြားသည်။ ငွေကြေးတို့ကို အာဏာပိုင်တို့ ထိန်းချုပ်ထားသည့် အထူးငွေစာရင်းတွင် ရွှေ့ပြောင်း ထားရှိရန်လည်း ညွှန်ကြားထားသည်။ 

သိုဖြစ်ရာ အိမ်ရာဖွံ့ဖြိုးရေးလုပ်ငန်း၏ ရန်ပုံငွေများကို ဆောက်လုပ်ရေးအတွက် မလွှဲမသွေ အရင်ဆုံး သုံးစွဲပြီး အိမ်ရာစီမံကိန်းများကို ပြီးစီးအောင် ဆောက်လုပ်ရမည်ဖြစ်သည်။ ထိုသို့ အစိုးရမှ ကြီးကြပ်ထားသော အထူးငွေစာရင်းမှ ပေးချေမှုများအတွက် အစိုးရထံမှ အတည်ပြုချက် ရယူရမည် ဖြစ်သည်။ ထိုအစီအစဉ်ကို အချို့မြို့ကြီးများရှိ ဒေသဆိုင်ရာ အာဏာပိုင်တို့က စတင်ကျင့်သုံးနေကြပြီဖြစ်သည်။ 
ထိုအစီအစဉ်အရ ဆောက်လုပ်ဆဲတိုက်ခန်းများကို ငွေပေးချေပြီး ကြိုပွိုင့် ဝယ်ယူထားသူများ တိုက်ခန်း ရရှိရေးကို တရုတ်အစိုးရက ဦးစားပေးသတ်မှတ်လိုက်ခြင်းဖြစ်သည်။ 
ယခုလို ဘဏ်ငွေစာရင်းကို ချုပ်ချယ်လိုက်ခြင်းသည် မူဝါဒရေးဆွဲချမှတ်သူများက Evergrande ၏ ဝရုန်းသုန်းကား အခြေအနေကို ပိုမိုထိရောက်စွာ ပါဝင်ပြီး အရေးယူဆောင်ရွက်ပေးလိုက်ခြင်း ဖြစ်သည်။ 

တရုတ်နိုင်ငံတွင် အိမ်ရာဖွံ့ဖြိုးသူများက အိမ်ရာတိုက်ခန်းများကို ဆောက်လုပ်ရေး မပြီးစီးခင်ကတည်းက ကြိုပွိုင့် ရောင်းချကြပြီး ရောင်းရငွေများကို ဘဏ်တွင် အပ်နှံထားကြရသည်။ သို့ဖြစ်ရာ အရေးအကြောင်း ပေါ်ပေါက်ပါက ဘဏ်ငွေစာရင်းကို ချုပ်ထိန်းလိုက်ပြီး စီမံကိန်းကို အပြီးတိုင် ဆောင်ရွက်ဖို့ သုံးစွဲစေသည်။ သို့ဖြစ်ရာ အိမ်ရာဖွံ့ဖြိုးရေး လုပ်ငန်းရှင်သည် စီမံကိန်းကို စွန့်ပစ်ထားခဲ့၍ မရချေ။ ဘဏ်ငွေစာရင်းမှ ငွေကိုလည်း စီမံကိန်းအတွက်သာ မလွှဲမသွေ သုံးစွဲရသည်။ 
Evergrande ၏ အိမ်ရာစီမံကိန်းနှစ်ခုအတွက် အရောင်းကို ပြီးခဲ့သည့် ဇူလိုင်လတွင် ရပ်ဆိုင်းထားရန် ဒေသအာဏာပိုင်တို့က ညွှန်ကြားခဲ့သည်။ အိမ်ရာတိုက်ခန်း ရောင်းချသည့်အတွက် ရသည့်ငွေများ အားလုံးကို ဘဏ်ငွေစာရင်းတွင် အပ်နှံရန် ပျက်ကွက်ခဲ့ပြီး အချို့အဝက်တို့ကိုသာ အပ်နှံခဲ့သည့်အတွက်ကြောင်း အရောင်းရပ်ဆိုင်းခံရခြင်း ဖြစ်သည်။ 

နန်ရှာခရိုင်ရှိ အိုးအိမ်ဗျူရိုက Evergrande သည် အရောင်းဝင်ငွေများကို စီမံကိန်းအတွက် သုံးစွဲခြင်း မပြုဘဲ အခြားကိစ္စရပ်များအတွက် သုံးစွဲခြင်း မပြုအောင် ယုံအပ်ငွေစာရင်း (escrow account ) ကို အိုးအိမ်ဗျူရိုအမည်ဖြင့် ငွေစာရင်းဖွင့်ပြီး Evergrande ၏ ရောင်းရငွေများကို ၎င်းယုံအပ်ငွေစာရင်းသို့ ပြောင်းရွှေ့အပ်နှံစေခဲ့သည်။ သို့ဖြစ်ရာ Evergrande အနေဖြင့် ငွေများကို တိုက်ရိုက် အထုတ်အသွင်း လုပ်ခွင့် မရရှိတော့ချေ။ 

ရန်ပုံငွေ လိုအပ်နေသဖြင့် မပြီးစီးသေးသော အိမ်ရာစီမံကိန်း အချို့တို့ကို ဆောက်လက်စတန်းလန်းဖြင့် လုပ်ငန်းရပ်ထားရပြီး ငွေပေးချေပြီး ကြိုပွိုင့် ဝယ်ယူထားသူများအကြား လူမှုဆိုင်ရာ မငြိမ်မသက်မှုများ ဖြစ်ပေါ်ကာ ယခု စက်တင်ဘာ လဆန်းပိုင်းတွင် အိုးအိမ်ဗျူရိုရုံးဌာနကို လာဝိုင်းထားပြီး တောင်းဆိုမှုများ ပြုခဲ့ကြသည်။ Evergrande ကို လုပ်ငန်းပြန်စခိုင်းရန် တောင်းဆိုကြသည်။ 

Evergrande က လက်လီရင်းနှီးမြှုပ်နှံမှုများကို ကြွယ်ဝမှုစီမံရေး ထုတ်ကုန်များ အမည်ဖြင့် ရောင်းချခဲ့ရာ ငွေသားပြန်ပေးဖို့ လိုအပ်နေသည်။ ပေးစရာ ငွေအလုံအလောက် မရှိသဖြင့် တိုက်ခန်းများကို လျှော့ဈေးဖြင့် ဈေးဖြတ်ပြီး ငွေအစား တိုက်ခန်းရယူရန် ကမ်းလှမ်းသည်။ သို့သော် ၎င်းတိုက်ခန်းများသည် ဆောက်လက်စတန်းလန်းဖြစ်ပြီး လောလောဆယ်တွင် ဆောက်လုပ်ရေး ရပ်ဆိုင်းထားသည့် တိုက်ခန်းများ ဖြစ်နေသည်။ သို့ဖြစ်ရာ တိုက်ခန်းများ ပြီးစီးအောင် ဆောက်လုပ်မှသာ တစ်ချက်ခုတ် နှစ်ချက်ပြတ် တိုက်ခန်းဝယ်ထားသူများကိုလည်း တိုက်ခန်းအပ်နိုင်မည် ဖြစ်ပြီး လက်လီရင်းနှီးမြှုပ်နှံသူများကိုလည်း ငွေသားအစား ပြီးစီးနေပြီ ဖြစ်သည့် တိုက်ခန်းများဖြင့် ပေးချေနိုင်မည် ဖြစ်သည်။ 

 China Evergrande Group  ထူထောင်သူ Hui Ka Yan က အိမ်ရာစီမံကိန်းများ ပြီးစီးဖို့ အရေးကြီးကြောင်း အကြိမ်ကြိမ် ပြောကြားခဲ့သည်။ ဆောက်လုပ်ရေးကို အပြည့်အဝ ပြန်လည်လုပ်ကိုင်ပြီး တိုက်ခန်းပိုင်ရှင်၏ ရပိုင်ခွင့်များကို ပြည့်ဝစေရမည်ဟု သူက ကုမ္ပဏီတွင်း ဝန်ထမ်းအစည်းအဝေးတွင် ပြောကြားသည်။ 

Evergrande သည် ဆောက်လုပ်ရေးကဏ္ဍတွင် ပစ္စည်းပေးသွင်းသူများနှင့် ဆောက်လုပ်ရေးကန်ထရိုက်များကို ပေးရန် အကြွေး အမေရိကန်ဒေါ်လာ ၁၄၇ ဘီလျံ ရှိနေသည်။ ဒီဇင်ဘာလတွင် စိစစ်ခဲ့သည့် စာရင်းများအရ ကြိုပွိုင့်ဝယ်ထားသူများကို တိုက်ခန်းအပ်နှံရန် ပျက်ကွက်နေသည်မှာ ဝယ်ယူသူဦးရေ ၁.၆ သန်း ရှိနေသည်။ 

Source: bangkokpost.com

Region Read 673 times