ကြွေးနွှံနစ်နေသည့်Evergrande က ၂၀၂၂ တွင် တိုက်ခန်း ၆ သိန်း အခန်းအပ်နှံမည်


10 February, 2022

ကြွေးနွှံနစ်နေသည့်Evergrande က ၂၀၂၂ တွင် တိုက်ခန်း ၆ သိန်း အခန်းအပ်နှံမည်

တရုတ်ပြည်မှ ထိပ်တန်းဆောက်လုပ်ရေးလုပ်ငန်းကြီး China Evergrande Group က အမေရိကန်ဒေါ်လာ ၃၀၀ ဘီလျံကျော် ကြွေးတင်နေပြီး ဆောက်လက်စတန်းလန်း အိမ်ရာတိုက်ခန်းစီမံကိန်းများ ပြီးစီးမှ ကြွေးဝန်ထုပ် သက်သာမှာ ဖြစ်ပါတယ်။ ရပ်ထားရတဲ့ ဆောက်လုပ်ရေးကို အပြည့်အဝ ပြန်လည်လုပ်ကိုင်သွားမှာဖြစ်ပြီး အရောင်းကဏ္ဍကိုလည်း လုပ်ဆောင်သွားမှာ ဖြစ်ပေမဲ့ ဗိုက်နာဈေးဖြင့် ရောင်းချခြင်း မပြုဘူးလို့ ကုမ္ပဏီတွင်း အစည်းအဝေးတစ်ခုမှာ လုပ်ငန်စု ဥက္ကဋ္ဌက ပြောကြားခဲ့ပါတယ်။ ယခုနှစ်အတွင်းမှာ ကြိုပွိုင့်ရောင်းချထားတဲ့ တိုက်ခန်းများ အရေအတွက်စုစုပေါင်းရဲ့ ၅၀% ကို ပြီးစီးအောင် ဆောက်လုပ်ဖို့ သံန္နိဌာန် ချထားတယ်လို့ ဉက္ကဋ္ဌ Hui Ka Yanက ပြောကြားပါတယ်။
တနင်္ဂနွေနေ့မှာ ကျင်းပတဲ့ အစည်းအဝေးမှာ Hui Ka Yan က ယခုလတွင် တရုတ်နိုင်ငံတစ်လွှားရှိ ဆောက်လုပ်ရေး  စီမံကိန်းများကို အပြည့်အဝ လုပ်ကိုင်လည်ပတ်သည့်အဆင့်သို့ ရောက်အောင် လုပ်ဆောင်ဖို့ ရည်မှန်းချက် ချထားကြောင်း ပြောကြားခဲ့ပါတယ်။ ၂၀၂၁ နှစ်ကုန်ပိုင်းမှာ ၉၃.၂% အထိ ပြန်လည် လုပ်ကိုင်လည်ပတ်နိုင်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။
၂၀၂၂ အတွင်း အိမ်ရာတိုက်ခန်း ၆ သိန်း ပြီးစီးအောင် ဆောက်လုပ်မယ်လို့ ၎င်းက ဆိုပါတယ်။

 Evergrande ဟာ ရင်းနှီးမြှုပ်နှံသူများကို အတိုးအရင်း ပြန်ဆပ်ဖို့ အကြွေးများ တင်နေတဲ့အပြင် ပစ္စည်းပေးသွင်းသူများကို ပေးဆပ်ဖို့ အကြွေးများလည်း ရှိနေပါတယ်။ ကြိုပွိုင့်ရောင်းထားတဲ့ တိုက်ခန်းများ ပြီးစီးအောင် ဆောက်လုပ်ပြီး တိုက်ခန်းအပ်နှံဖို့ အကြွေးများလည်း ရှိနေပါတယ်။

 အခြေအနေဆိုးဝါးနေတာကြောင့် ကွမ်တုံပြည်နယ် ရှန်ကျန်းမြို့ကြီးရှိ ရုံးချုပ်ကို ယာယီပိတ်ထားရပြီး မျက်နှာစာမှ ကုမ္ပဏီအမည် ထိပ်စီးစာလုံးကို တစ်ပိုင်းတစ်စ ဖြုတ်ချထားပါတယ်။


ဆောက်လုပ်ရေးကဏ္ဍ ဆက်လက် လုပ်ကိုင်နိုင်ဖို့ ကြိုပွိုင့်ရောင်းရငွေ ယွမ် ၅၀ ဘီလျံ (ကန်ဒေါ်လာ ၇.၉ ဘီလျံ) ရှိကြောင်း၊ အရောင်းမှ ကောက်ယူဖို့ ကျန်ငွေ ယွမ် ၁၇၀ ဘီလျံ ရှိကြောင်း၊ ကုမ္ပဏီမှ ရောင်းချလို့ရမယ့် အရင်းအမြစ်များကို ထုခွဲရောင်းချပြီး ဆောက်လုပ်ရေးလုပ်ငန်းများကို ဆက်လက်လည်ပတ်စေမည်ဖြစ်ကြောင်း ၎င်းက ပြောကြားပါတယ်။

"ဒီဟာက ကြက်ဉနဲ့ကြက်မ ဘယ်ဟာအရင်လဲ မေးရမယ့်ကိစ္စ မဟုတ်ဘူး။ အရင်ဆုံး လုပ်ရမှာက လုပ်စရာရှိတာတွေကို အပြည့်အဝ ပြန်လည်လုပ်ကိုင်ရမယ်။  ဒီတော့မှ လုပ်ငန်းပုံမှန် ပြန်လည်ပတ်မယ်။ ဒီတော့မှ ငွေပေးဖို့အကြွေး၊ တိုက်ခန်းအပ်ဖို့အကြွေးတွေ ကျွန်တော်တို့ ပြန်ပေးဆပ်နိုင်မယ်။ အဲဒီတော့မှ ကျွန်တော်တို့ ပြဿနာတောထဲမှ ထွက်လာနိုင်မယ်" လို့ ဉက္ကဋ္ဌ Hui Ka Yanက ပြောကြားပါတယ်။

ငွေပေါ်ရင်ပြီးရော ဗိုက်နာဈေးဖြင့် ရောင်းချဖို့ကို သူ သဘောမတူကြောင်းလည်း ပြောကြားပါတယ်။


($1 = 6.3618 Chinese yuan renminbi)

Reuters

Global Read 526 times