Evergrande ရဲ့ ဆောက်လက်စ ကျွန်းတုပေါ်မှ ဆောက်လက်စတိုက်တာ ၄၀ နီးပါး ဖြိုဖျက်မိန့် ထုတ်ပြန်


04 January, 2022

Evergrande ရဲ့ ဆောက်လက်စ ကျွန်းတုပေါ်မှ ဆောက်လက်စတိုက်တာ ၄၀ နီးပါး ဖြိုဖျက်မိန့် ထုတ်ပြန်

China Evergrande Group ရဲ့ ဆောက်လက်စ လူနေတိုက်ခန်းများ ဖြိုဖျက်ရှင်းလင်းဖို့ ဟိုင်နန် အာဏာပိုင်တို့က အမိန့်ထုတ်ပြန်ပါတယ်။
အမိန့်စာမှာ ဆောက်လက်စတိုက် ခုရေ ၄၀ နီးပါး အကျုံးဝင်ပါတယ်။ အကျုံးမဝင်တဲ့ ဆောက်လက်စတိုက်တွေကိုတော့ ဆက်လက်ဆောက်လုပ်ဖို့ ခွင့်ပြုထားပါတယ်။
Evergrande က ဟိုင်နန် ဒေသအာဏာပိုင်တို့ရဲ့ အမိန့်စာနဲ့အညီ လိုက်နာဆောင်ရွက်မှာ ဖြစ်ကြောင်း အဆိုပါ တိုက်တာဆောက်လုပ်ရေး လုပ်ငန်းခွင်မှ Evergrande ဌာနခွဲက ကြေညာချက် ထုတ်ပြန်ပါတယ်။
Cailian သတင်းဌာနရဲ့ သတင်းဖော်ပြချက်မှာ ဟိုင်နန်အာဏာပိုင်တို့က ထုတ်ပြန်တဲ့ ဖြိုဖျက်မိန့်မှာ တိုက်တာ ၃၉ လုံး အကျုံးဝင်ပြီး အချိန် ၁၀ ရက်အတွင်း ဖြိုဖျက်ရေး လုပ်ငန်းများ စတင်ရမယ်လို့ ညွှန်ကြားထားပါတယ်။
ဖြိုဖျက်ခိုင်းရတဲ့ အကြောင်းရင်းက အဆိုပါ တိုက်တာ ၃၉ လုံး တည်ဆောက်ဖို့အတွက် ခွင့်ပြုမိန့်များကို တရားဝင် ရယူထားခြင်း မရှိခဲ့တာကြောင့် ဖြစ်ပါတယ်။
၄၃၄,၉၄၁ စတုရန်းပေ ကျယ်ဝန်းတဲ့ Ocean Flower Island No. 2 အိမ်ရာအဆောက်အဦ စီမံကိန်း ဧရိယာထဲမှာ ဆောက်လုပ်နေတဲ့ အိမ်ရာအဆောက်အဦ ၃၉ လုံး ဖြစ်ပါတယ်။ ကျွန်းတု ၃ ခု တည်ဆောက်ပြီး လုပ်ကိုင်နေထဲအထဲမှာ ပါဝင်တဲ့ ကျွန်းတုတစ်ခုပေါ်မှာ တည်ရှိပါတယ်။ ဟိုင်နန်ပြည်နယ် မြို့တော် ဟိုင်ကိုမှ ကားဖြင့် သွားရင် ၂ နာရီခရီး ဝေးကွာတဲ့နေရာမှာ တည်ရှိပါတယ်။
Evergrande က Ocean Flower Island အိမ်ရာအဆောက်အဦ ဖွံဖြိုးရေးကို ၂၀၁၂ ခုနှစ်မှာ စတင်ခဲ့ပါတယ်။ ပင်လယ်ထဲ ကျွန်းတုတွေ တည်ဆောက်ခဲ့ပါတယ်။ ၂၀၁၉ မှာ ယွမ် ၁၆၀ ဘီလျံ ရင်းနှီးမြှုပ်နှံခဲ့ပြီးပြီလို့ ထုတ်ပြန်ကြေညာပါတယ်။ ကျွန်းတု သုံးခုမှာ ခရီးသွားလုပ်ငန်းအတွက် ဥယျာဉ်ပန်းခြံတွေ၊ လက်လီအရောင်းဆိုင်များ၊ စီးပွားရေး ရုံးခန်းများ၊ ညီလာခံ ကျင်းပရန် အဆောက်အဦများ၊ ပြပွဲကျင်းပရန် အဆောက်အဦများလည်း ပါဝင်ပါတယ်။
၂၀၁၉ မှာ ဟိုင်နန်အာဏာပိုင်တို့က စစ်ဆေးခဲ့ရာ ဉပဒေ စည်းကမ်းများ ဘောင်ကျော်ပြီး လုပ်ကိုင်ထားတာတွေ တွေ့ရှိသဖြင့် Evergrande ကို ဒဏ်ငွေ ယွမ် ၂၁၅ သန်း ပေးဆောင်စေခဲ့ပါတယ်။
ဖြိုဖျက်ရမယ့်တိုက်တာ ၃၉ လုံးမှာ လူနေတိုက်ခန်း ၂,၇၁၆ ခန်း၊ ဆိုင်ခန်း ၂၁၃ ခန်း တို့ ပါဝင်ပါတယ်။ ရောင်းချပြီးသား တိုက်ခန်း ၃၂၈ ခန်း ပါဝင်ပါတယ်။
ဆောက်လက်စ တိုက်တာ ၃၉ လုံး ဖြိုဖျက်ရတာ Evergrande အနေဖြင့် မပြောပလောက်ပေမဲ့ ‌နာမည်ထိခိုက်စေပါတယ်။
ကြွေးပတ်လည်ဝိုင်းနေတဲ့ Evergrande အနေဖြင့် ယခု ဇန်နဝါရီလမှာ ကျရောက်တဲ့ ပေးစရာများအတွက် အနည်းဆုံး အမေရိကန်ဒေါ်လာ ၁၉၇ ဘီလျံ လိုအပ်တယ်လို့ Bloomberg မီဒီယာက တွက်ချက်ထားပါတယ်။

 

 

Global Real Estate & Properties Read 527 times