EoI ကို တရုတ်၊ ဂျပန်နှင့် ကိုရီးယားနိုင်ငံအပါအဝင် ပြည်တွင်း ပြည်ပကုမ္ပဏီ ၃၉ ခုက ဝယ်ယူထားကြောင်း


22 November, 2020

မန္တလေးမြို့သစ်စီမံကိန်း (New Mandalay Resort City) ရတနာပုံဆိုက်ဘာစီးတီးတွင် ရင်းနှီးမြှုုပ်နှံရန် စီမံကိန်းကနဦးစိတ်ဝင်စားမှုလျှောက်လွှာ (Expression of Interest Application EoI) ကို

တရုတ်၊ ဂျပန်နှင့် ကိုရီးယားနိုင်ငံအပါအဝင် ပြည်တွင်း ပြည်ပကုမ္ပဏီ ၃၉ ခုက ဝယ်ယူထားကြောင်း မန္တလေးတိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးမှု ဦးစီးဌာနက ထုတ်ပြန်သော ဝယ်ယူမှုစာရင်းများအရ သိရသည်။

ကုမ္ပဏီအားလုံး ပြန်တင်တာ မတင်တာတော့ တင်ဒါ ဖွင့်တဲ့နေကျမှပဲ အားလုံးသိရမယ်။ တင်ဒါကိုတော့ ပြည်ထောင်စုဝန်ကြီးဌာနက တင်ဒါစိစစ်ရွေးချယ်ရေးကော်မတီဖွဲ့ပြီး ရွေးချယ်သွားမည် ဟု

မန္တလေးတိုင်းဒေသကြီးမြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးမှ ပြောသည်။

တင်ဒါစိစစ်ရွေးချယ်ရေးကော်မတီတွင်သက်ဆိုင်ရာ တိုင်းဒေသကြီးဝန်ကြီးများ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန တာဝန်ရှိသူများနှင့် ပြင်ပပညာရှင်များ ပါဝင်ကြောင်း ၎င်းက ပြောသည်။

မန္တလေးမြို့သစ်စီမံကိန်းကို စက်မှု၊ အိုင်တီနည်းပညာ၊ စိုက်ပျိုးရေးစီမံကိန်း၊ စီးပွားရေးလုပ်ငန်း၊ ကျန်းမာရေး၊ ပညာရေးဝန်ဆောင်မှုလုပ်ငန်းများနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးအခြေပြုမြို့အဖြစ်

 

မန္တလေးတိုင်းဒေသကြီးပြင်ဦးလွင်မြို့နယ် မန္တလေး−လားရှိုးလမ်းမကြီးဘေး ၂၁ မိုင်အနီးတွင် ဖော်ဆောင်မည်ဖြစ်သည်။

အဆိုပါ စီမံကိန်းကို မြေ ဧက ၁ဝ,ဝဝဝ တွင် အကောင်အထည်ဖော်မည်ဖြစ်ပြီး အပိုင်း ၃ ပိုင်းဖြင့် ဆောင်ရွက်မည်ဖြစ်သည်။ အပိုင်း ၁ နှင့် အပိုင်း ၃ ကို ပြည်ထောင်စုအစိုးရအဆင့်က တိုက်ရိုက်ကိုင်တွယ်၍ ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်မည်ဖြစ်သည်။

စီမံကိန်းအပိုင်း ၂ကို တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်မည်ဖြစ်သည်။ ယခုခေါ်ယူထားသော စီမံကိန်းကနဦး စိတ်ဝင်စားမှုလျှောက်လွှာသည် အပိုင်း ၁ နှင့် ၃ တွင် ရင်းနှီးမြှုပ်နှံလိုသူများအတွက်ဖြစ်ကြောင်း သိရသည်။

အဓိကရင်းနှီးမြှုပ်နှံသူပေါ်လာပြီး ကဏ္ဍအသီးသီး ပူးပေါင်းဆောင်ရွက်မည်ဆိုလျှင် စီမံကိန်းက မြန်နိုင်သည်။ဧက ၁ဝ,ဝဝဝ ပေါ်မှာ ဆောင်ရွက်မှာဖြစ်သည့်အတွက် ကဏ္ဍအသီးသီးမှာ

ဒေသခံတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်မည်ဟု ၎င်းက ပြောသည်။

စီမံကိန်းအပိုင်း ၁ တွင် ဧက ၂,၂ဝဝ ပါဝင်ပြီး စက်မှုဇုန်၊ လူနေဇုန်၊ ပညာရေး၊ ကျန်းမာရေး ဝန်ဆောင်မှုဇုန်များ ပါဝင်မည်ဖြစ်သည်။

စီမံကိန်းအပိုင်း ၂ တွင် မြေ ၂,၉၁၉ ဧက ပါဝင်ပြီး လူနေမြေ၊ ဖွံ့ဖြိုးတိုးတက်ရေးဇုန်၊ အုပ်ချုပ်မှုဇုန်၊ စီးပွားရေးဇုန်၊ စိုက်ပျိုးရေး အခြေပြု စက်မှုဇုန်နှင့် အသေးစား စက်မှုလက်မှုဇုန်များ ပါဝင်မည်ဖြစ်သည်။

စီမံကိန်းအပိုင်း ၃ တွင် မြေ ၄,၇၄၄ ဧကပါဝင်မည်ဖြစ်ပြီး အဆင့်မြင့် လူနေအိမ်ရာ၊ တန်ဖိုးမျှတအိမ်ရာ၊ ဂေါက်ကွင်း၊ စိုက်ပျိုးရေးဇုန် များပါဝင်မည်ဖြစ်သည်။

Local Mixed Use and Urban Read 80 times