ရန်ကုန်မိုးပျံအမြန်လမ်းတင်ဒါတင်သွင်းခြင်း၊ လက်ခံခြင်း နှင့် ပိတ်ပွဲအခမ်းအနား


06 December, 2020

     ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့်IFCတို့ပူးပေါင်း၍ ရန်ကုန်မိုးပျံအမြန်လမ်း တင်ဒါတင်သွင်းခြင်း၊ လက်ခံခြင်း နှင့် ပိတ်ပွဲအခမ်းအနားကို  နေပြည်တော် ဆောက်လုပ်ရေးဝန်ကြီးဌာန စုဝေးခန်းမ ဆောင်၌ ကျင်းပခဲ့ကြောင်းသိရသည်။

        အဆိုပါ အခမ်းအနားသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ ဒုတိယဝန်ကြီး ဦးကျော်လင်း၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ တာဝန်ရှိသူ များ၊IFC မှ ကိုယ်စားလှယ်များ၊ တင်ဒါတင်သွင်းသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

         ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဟန်ဇော်က ယနေ့အရည်အချင်းစစ်ဆေးလွှာ (Prequalification Applications)များ လာရောက် တင်သွင်းသည့်အတွက် ကျေးဇူးတင်ရှိကြောင်း၊ ဆက်လက်၍ တင်သွင်းသည့်ကုမ္ပဏီများ ရှေ့မှောက်တွင်ပင် တင်သွင်းလွှာများကို စစ်ဆေးလက်ခံသွားမည် ဖြစ်ကြောင်း၊ ဆက်လက်၍လည်း လုပ်ငန်းကို အောင်မြင်အောင်အကောင်းဆုံး ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

        ထို့နောက် ဆောက်လုပ်ရေးဝန်ကြီးဌာန တင်ဒါ ကော်မတီအတွင်းရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇော်မြင့်က တင်ဒါစည်းမျဉ်းစည်းကမ်းများ၊ လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တင်ဒါကော်မတီနှင့် IFC တို့မှ တာဝန်ရှိသူတို့က အရည်အချင်းစစ်ဆေးလွှာ တင်သွင်းသည့် ကုမ္ပဏီတစ်ခုချင်းစီအလိုက် တင်သွင်းလွှာများ စစ်ဆေး ခြင်းနှင့် တင်သွင်းသည့် အမည်စာရင်း ကြေညာသည်။

        ၎င်းနောက် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက နိဂုံးချုပ်အမှာစကားပြောကြားပြီး ရန်ကုန်မိုးပျံအမြန်လမ်းတင်ဒါတင်သွင်းခြင်း၊ လက်ခံခြင်း နှင့် ပိတ်ပွဲအခမ်းအနားကို  အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။

        ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြို့တော်တွင် မြို့တော် အတွင်းပတ်လမ်း(Inner Ring Road)အား မိုးပျံအမြန်လမ်း(Elevated Expressway)အဖြစ် ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ဦးဆောင်အကောင်အထည်ဖော်သွားမည် ဖြစ်ပြီး ယခုအခါ East Wingအခြမ်းတွင် PPP အစီအစဉ်ဖြင့်Yangon Elevated Expressway Project Phase(I) အဖြစ် ဦးစွာအကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်သည်။

        Yangon Elevated Expressway Project Phase (I) ၏ အရည်အချင်းစစ်ဆေးမှုတင်သွင်းလွှာ (Prequalification Application)များ တင်သွင်းရန် အတွက် စက်တင်ဘာလအတွင်း ခေါ်ယူခဲ့သည်။ ဆန်ခါတင် စာရင်းကို နိုဝင်ဘာလကုန်တွင် ထုတ်ပြန်သွားမည်ဖြစ်ပြီးRequest for Proposalအဖြစ် ထပ်မံခေါ်ယူသွားမည် ဖြစ်ကြောင်း သိရှိရသည်။

Source:The Mirror

Events Read 99 times