အီဂျစ်မှာ ဒေါ်လာ ၄.၅ ဘီလျံ မြန်နှုန်းမြင့် မီးရထားလမ်း တည်ဆောက်


18 September, 2021

ခရီးသည်တွေနဲ့ ကုန်စည်တွေ အီဂျစ်နိုင်ငံ သဲကန္တရထဲ  မြန်နှုန်းမြင့် မီးရထားဖြင့်  မြန်မြန်ဆန်ဆန် ဖြတ်သန်းနိုင်ဖို့  ဒေါ်လာ ၄.၅ ဘီလျံ ကုန်ကျတဲ့ မြန်နှုန်းမြင့် မီးရထားလမ်း တည်ဆောက်လျက် ရှိပါတယ်။ အီဂျစ်နိုင်ငံအဖို့ ပထမဆုံး မြန်နှုန်းမြင့် မီးရထားလမ်း ဖြစ်ပါတယ်။

မြန်နှုန်းမြင့် မီးရထားကို လျှပ်စစ်စွမ်းအင်ဖြင့် မောင်းနှင်မှာ ဖြစ်ပြီး ကိုင်ရိုမှ အခြားဒေသများဆီသို့ ဆက်သွယ်ပေးထားမှာ ဖြစ်ပါတယ်။ 

ဂျာမန်ကုမ္ပဏီ Siemens Mobility  က အီဂျစ်နိုင်ငံမှ National Authority for Tunnels (NAT) နဲ့ သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ပါတယ်။ ပထမအဆင့်မှာ ကီလိုမီတာ ၆၆၀ ရှည်တဲ့ လမ်းပိုင်းကို တည်ဆောက်မှာ ဖြစ်ပါတယ်။ ရထားလမ်း ကွန်ရက်တစ်ခုလုံးအနေဖြင့် ကီလိုမီတာ ၁,၈၀၀၀ ရှိပါတယ်။

ပထမဆုံး ဆောက်လုပ်မယ့် လမ်းပိုင်းက ပင်လယ်နီမှ ဆိပ်ကမ်းမြို့ Ain Sokhna မှ မြေထဲပင်လယ်ဆိပ်ကမ်းမြို့တွေ ဖြစ်တဲ့ Marsa Matrouh နဲ့  Alexandria တို့ကို ဆက်သွယ်ပေးမှာ ဖြစ်ပါတယ်။ ပထမဆုံးလမ်းပိုင်းကို ၂၀၂၃ ခုနှစ်မှာ စတင်ပြေးဆွဲဖို့ လျာထားပါတယ်။ 

Siemens က Orascom Construction S.A.E. နဲ့ The Arab Contractors တို့နဲ့အတူ လက်တွဲပြီး စီမံကိန်းကို အကောင်အထည် ဖော်မှာ ဖြစ်ပြီး ကန်ထရိုက်တန်ဖိုးစုစုပေါင်းက အမေရိကန်ဒေါ်လာ ၄.၅ ဘီလျံ ဖြစ်ပါတယ်။ 

အီဂျစ်နိုင်ငံမှာ လူဦးရေ သန်း ၁၀၀ ကျော်ရှိပြီး ကိုင်ရိုမြို့တော်မှာ သန်း ၂၀ နေထိုင်ပါတယ်။ ကျန်တဲ့ လူဦးရေက သဲကန္တရထဲမှာ နေထိုင်ကြတဲ့အတွက် မြို့တော်ကိုင်ရိုနဲ့ ကူသန်းသွားလာရေး၊ ကုန်စည်ပို့ဆောင်ရေးတို့ လွယ်ကူလျင်မြန်အောင် အခြေခံအဆောက်အအုံအတွက် ဘတ်ဂျက် သုံးစွဲလိုက်တာ ဖြစ်ပါတယ်။ 

Siemens ရဲ့ အဆိုအရ ရထားလမ်းက တစ်နှစ်လျှင် လူဉီးရေ သန်း ၃၀ ကျော်ကို ပို့ဆောင်ပေးမှာ ဖြစ်ပြီး ခရီးသွားရတဲ့ကြာချိန်ကို အနည်းဆုံး ထက်ဝက် လျှော့ချပေးမှာ ဖြစ်ပါတယ်။ ကုန်စည်ပို့ဆောင်ပေးနိုင်စွမ်းကို ၁၅ % ပိုတိုးစေမှာ ဖြစ်ပါတယ်။
ရထားလမ်းက တိုင်းပြည်ရဲ့ အဓိကစီးပွားရေးကဏ္ဍဖြစ်တဲ့ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးကိုလည်း အထောက်အကူ ပြုပေးမှာ ဖြစ်ပါတယ်။ 

 

Siemens Mobility က အခရာကျတဲ့ နည်းပညာတွေ ပေးအပ်မယ်။ မြန်နှုန်းမြင့် ရထားများ၊ ရထားလမ်းများ၊ လွန်းပျံရထားများ ပေးအပ်မယ်။ National Authority for Tunnels (NAT) က လိုဏ်ဂူ၊ တံတား စတာတွေကို ဆောက်လုပ်ဖို့ တာဝန်ယူထားတယ်။ စီမံကိန်းမှာ အလုပ်အကိုင် ၁၅,၀၀၀ ခုကို ဒေသခံတို့ ရရှိကြမယ်။ 
“ကွန်ရက်တစ်ခုလုံးက ၂၀၂၇ ခုနှစ်ဝန်းကျင်လောက်မျာ ပြီးစီးဖို့လျာထားပါတယ်။ အခုလို အကြီးစား စီမံကိန်းတွေ လုပ်ကိုင်ဖူးတဲ့ အတွေ့အကြုံတွေ ကျွန်တော်တို့မှာ ရှိထားပြီးသား ဖြစ်ပါတယ်” လို့  Siemens Mobility ရဲ့ CEO ဖြစ်သူ Micheal Peter က ပြောကြားပါတယ်။ 
လျှပ်စစ်ရထားကို သုံးစွဲတဲ့အတွက် လက်ရှိ သုံးစွဲနေတဲ့ ကားတွေဦ ဘတ်စ်ကားတွေနဲ့ သွားလာရင် ထုတ်လွှတ်နေတဲ့ ကာဘွန်ထုတ်လွှတ်မှုထက် ၇၀% သက်သာစေမယ်လို့ သူက ပြောပြပါတယ်။ 

ကွန်ရက်မှာ ပါဝင်တဲ့ နောက်ထပ် ရထားလမ်းနှစ်ခုအတွက် စာချုပ်တွေ လက်မှတ်ရေးထိုးမှာ ဖြစ်ပြီး “ပထမလမ်းကြောင်းက ကွန်ရက်တစ်ခုလုံးရဲ့ အပိုင်းတစ်ပိုင်းမျှသာ ဖြစ်ပါတယ်။ မကြာခင်မှာ ကျွန်တော်တို့ ကန်ထရိုက်စာချုပ်တွေ လက်မှတ်ရေးထိုးကြမှာ ဖြစ်ပါတယ်” လို့ သူက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။ 
 

Global Read 336 times