ECO Green City စီမံကိန်းတွင် တန်ဖိုးနည်းအိမ်ရာများကို စတင်တည်ဆောက်နေပြီ


03 December, 2020

လှည်းကူးမြို့နယ်ရှိ မြေဧက ၁၄ဝဝ ကျော်ပေါ်တွင် တည်ဆောက်မည့် ECO Green City စီမံကိန်း၏ ရင်းနှီးမြှုပ်နှံမှုပမာဏကို အမေရိကန်ဒေါ်လာ နှစ်ဘီလီယံခန့် ကုန်ကျရန် ခန့်မှန်းထားပြီး ယခုလက်ရှိ တန်ဖိုးနည်းအိမ်ရာများကို စတင်တည်ဆောက်နေပြီဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ ဖြိုးရေးဦးစီးဌာနထံမှ သိရသည်။

အဆိုပါ ECO Green City စီမံကိန်းကို ဆောက်လုပ်ရန် မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် Alliance Stars Group ကုမ္ပဏီတို့ ၂ဝ၁၆ ခုနှစ် နှစ်ဆန်းပိုင်းတွင် လုပ်ငန်းလုပ်ကိုင်ရန်သဘောတူညီခဲ့ပြီး ကနဦး အဆိုပြုလွှာ Proposal အရ တန်ဖိုးနည်းအိမ်ရာ အခန်း ၄ဝဝဝ ကို ကုမ္ပဏီဘက်က ဆောက်လုပ်နေပြီဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ကုမ္ပဏီနဲ့ ဆောက်လုပ်ရေးဝန်ကြီး ဌာနက စာချုပ်ချုပ်ဖို့ အကျိုးအမြတ်ခွဲဝေဖို့ ညှိနှိုင်းတွက်ချက်နေပါတယ်။

ကုမ္ပဏီဘက်က ဒီဇိုင်းတွေကိုလည်း ပြန်လည်ပြင်ဆင်ရေးဆွဲနေပါတယ်။ နိုင်ငံတော်ကိုပေးမယ့် တန်ဖိုးနည်းအိမ်ရာနဲ့ တန်ဖိုးလတ်အိမ်ရာတော့ အရင်စဆောက်ပေးနေပါတယ်။

အခုလက်ရှိ လမ်းတွေထိုးပြီး စဆောက်နေပါပြီ”ဟု ၎င်းက ဆိုသည်။

လှည်းကူးမြို့နယ် အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၃ မိုင် ၁ ဖာလုံနှင့် ၅ မိုင် ၂ ဖာလုံအကြား လမ်းဘေးဝဲယာရှိ မြေဧက ၁၄ဝဝ ကျော်ပေါ်တွင် တည်ဆောက်မည့် Eco Green City စီမံကိန်း ပန္နက်တင်ခြင်းကို ဒီဇင်ဘာလ ၂၃ ရက်က ကျင်းပခဲ့ပြီး စီမံကိန်းတွင် အဆင့် ၂ ဆင့်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပြီး စီမံကိန်းကာလမှာ ၁ဝ နှစ်ခန့် ကြာမြင့်မည်ဖြစ်သည်။

စီမံကိန်းပထမအဆင့် ငါးနှစ်၌ မြေဧက ၆၆၇ ဒသမ ၆၈ ဧကခန့်တွင် တန်ဖိုးနည်း၊ တန်ဖိုးသင့်အိမ်ရာများ၊ လူနေ အသင့်အတင့်ထူထပ်သည့် အိမ်ရာများ၊ အဝေးပြေးယာဉ်ရပ်နားစခန်း၊ ဈေးနှင့် စားသောက်ဆိုင်များ၊ အုပ်ချုပ်ရေးဆိုင်ရာရုံးများ၊ ရှော့ပင်းမော၊ Mixed use zone၊ ပန်းခြံနှင့် အားကစားကွင်းများနှင့် လမ်းကွန်ရက်နှင့် အခြေခံအဆောက်အအုံများကို တည်ဆောက်သွားမည်ဖြစ်သည်။

စီမံကိန်းဒုတိယအဆင့် ငါးနှစ်၌ မြေဧက ၇၈၅ ဒသမ ၃၂ ဧကခန့်တွင် သီးသန့်လုံးချင်းအိမ်ရာများ၊ နိုင်ငံတကာအဆင့်မီ ဆေးရုံနှင့်ကျောင်း၊ အများပြည်သူအနားယူ အပန်းဖြေရန်နေရာ၊ဟိုတယ်ဇုန်၊ ဂေါက်ကွင်း၊ Media Village နှင့် Agro-Park များကို ထည့်သွင်းတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါစီမံကိန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် Alliance Stars Group ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်    ခြင်းဖြစ်ပြီး ယင်းဆောက်လုပ်မည့် အိမ်ရာစီမံကိန်းသည် အစိုးရသစ်၏ ပထမဆုံးဆောက်လုပ်မည့် အကြီးမားဆုံး  မြို့သစ်အိမ်ရာ စီမံကိန်းဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနထံမှ သိရသည်။

Source:imyanmar House

Public Housing Read 250 times