Eco Green City တွင်တန်ဖိုးနည်းအိမ်ရာအခန်းပေါင်း ၃၀၀၀ ကိုစတင်တည်ဆောက်နေ


16 August, 2019

 

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်တွင်တည်ရှိပြီး ရန်ကုန်-မန္တလေးအမြန်လမ်းမိုင်တိုင်အမှတ် သုံးမိုင်တစ်ဖာလုံနှင့် ငါးမိုင်နှစ်ဖာလုံကြားတွင်တည်ဆောက်လျက်ရှိသော Eco Green City စီမံကိန်းတွင် မြို့ပြနှင့် အိမ်ရာဖွံံ့ဖြိုးရေးဦးစီးဌာနမှ တန်ဖိုးနည်းအိမ်ရာအခန်းပေါင်း ၃၀၀၀ ရရှိမည်ဖြစ်ကြောင်းသိရသည်။

 အဆိုပါစီမံကိန်းအတွက် အခြေခံအဆောက်အအုံတည်ဆောက်မှုများပြီးစီးမည်ဖြစ်ရာ ဌာနမှရရှိမည့်အိမ်ရာများကိုစတင်တည်ဆောက်နေပြီဖြစ်ကြောင်းသိရသည်။

“Eco Green City မှာတန်ဖိုးနည်းအိမ်ရာအခန်းတွေကဌာနကရရှိမှာဖြစ်တယ်။ပထမအဆင့် ၂၈ လုံးကစဆောက်နေပြီ။ တည်ဆောက်ပြီးရင်တော့ပြည်သူလူထုကိုရောင်းချပေးသွားမှာပါ။
ဌာနကရမယ့်အခန်းယူနစ်ပေါင်းကတော့ ၃၀၀၀ ဖြစ်ပါတယ်။ ဒါပေမဲ့အခန်းအကျယ်အဝန်းပေါ်မူတည်ပြီး အခန်းအရေအတွက်အနည်းငယ်အပြောင်းအလဲတော့ရှိနိုင်တယ်”
ဟုမြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဦးမင်းထိန်ကပြောသည်။

ထိုစီမံကိန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် Alliance Star Group of Company တို့ကအကျိုးတူပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး

JICA မှရေးဆွဲသည့် Yangon Vision 2014 တွင်ပါဝင်သည့်စီမံကိန်းတစ်ခုဖြစ်ကြောင်း၊ စီမံကိန်းဧရိယာမှာ ၁၄၅၃ ဧကကျယ်ဝန်းကာ ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေယာဉ်ကွင်းနှင့် ၁၀ မိုင်ခန့်အကွာတည်ရှိပြီး အမေရိကန်ဒေါ်လာနှစ်ဘီလီယံခန့်ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်းသိရသည်။

စီမံကိန်းကို အပိုင်းနှစ်ပိုင်းခွဲ၍ ပြုလုပ်သွားမည်ဖြစ်ပြီး ပထမအဆင့်ကို ၂၀၁၈ မှ ၂၀၂၈ အထိငါးနှစ်စီမံကိန်းအဖြစ်လည်းကောင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ပထမအဆင့်တွင် တန်ဖိုးနည်း၊ တန်ဖိုးသင့်အိမ်ရာများ၊ အဝေးပြေးယာဉ်ရပ်နားစခန်း၊ ဈေးနှင့်စားသောက်ဆိုင်များ၊ အုပ်ချုပ်ရေးဆိုင်ရာရုံးများ၊ Shopping Mall များ၊ Mixed Use Zone များ၊ ပန်းခြံနှင့်ကစားကွင်း၊ လမ်းကွန်ရက်နှင့်အခြေခံအဆောက်အအုံများပါဝင်မည်ဖြစ်ကြောင်း၊ စီမံကိန်းဒုတိယအဆင့်တွင် သီးသန့်လုံးချင်းအိမ်ရာများ၊ နိုင်ငံတကာအဆင့်မီဆေးရုံနှင့်ကျောင်း၊ အများပြည်သူအနားယူအပန်းဖြေရန်နေရာ၊ ဟိုတယ်ဇုန်၊ ဂေါက်ကွင်း၊ Media Village နှင့် Agro-Park တို့ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

Region Read 54 times