ဒူဘိုင်း အိမ်ရာဈေးကွက် အဝယ်ပြန်လိုက်လာ


29 September, 2021

ကိုဗစ်ကပ်ရောဂါကြောင့် ဒူဘိုင်းစီးပွားရေး အထိနာခဲ့တယ်။ 
World Travel and Tourism Council ရဲ့ အချက်အလက်များအရ အဓိကကျတဲ့ ခရီးသွားလုပ်ငန်းဟာ ဒူဘိုင်း ဂျီဒီပီရဲ့ ၁၁.၅ % ရှိပါတယ်။ အရှေ့အလယ်ပိုင်းဒေသ ပျမ်းမျှရာခိုင်နှုန်းက ၈.၉ ထက် ပိုမြင့်မားပါတယ်။ 
ရက်တိုလာရောက်တဲ့ ဧည့်သည်ဦးရေက ၂၀၁၉ ခုနှစ်မှာ ၁၆.၇ သန်း ရှိခဲ့ပြီး ၂၀၂၀ ခုနှစ်မှာ ၅.၅ သန်းအထိ ကျဆင်းသွားကြောင်း အစိုးရမှ အချက်အလက်များ ထုတ်ပြန်ခဲ့ပါတယ်။
ကာလရှည်ကြာ နေထိုင်လုပ်ကိုင်တဲ့ နိုင်ငံခြားသားတွေ အလုပ်ပြုတ်ကုန်ကြတာကြောင့် ပြည်တော်ပြန်ကြရတယ်။  Standard & Poor မှ ထုတ်ပြန်တဲ့ အချက်အလက်များအရ ဒူဘိုင်းမြို့တော် လူဦးရေရဲ့ ၉၂ ရာခိုင်နှုန်းဟာ နိုင်ငံခြားသားများ ဖြစ်ပါတယ်။ တိုင်းပြည်အနေဖြင့် ပြည်ပလုပ်သားများဖြင့် လုပ်ကိုင်နေတာဖြစ်ပြီး အချို့အလုပ်တွေ ရပ်ဆိုင်းကုန်လို့ ပြည်ပလုပ်သားအချို့ မိခင်နိုင်ငံကို ပြန်သွားကြရတယ်။  မြို့နေလူဦးရေ ၈.၄ % လျော့ကျသွားခဲ့ပြီး အိမ်ရာလိုအပ်ချက် လျော့ကျသွားတယ်။ 
၂၀၂၀ ခုနှစ် ဒုတိယနှစ်ဝက်အတွင်း ဒူဘိုင်းမြို့မှာ တိုက်ခန်း ပျမ်းမျှငှားရမ်းခ ယမန်နှစ်ကထက် ၁၂% ကျဆင်းသွားတယ်လို့ အိမ်ရာအေဂျင်စီ  Knight Frank က အချက်အလက် ထုတ်ပြန်ခဲ့ပါတယ်။ 
အချို့အိမ်ရာတွေကို နှစ်ချုပ်ဖြင့် ငှားရမ်းကြတာမှာ တစ်နှစ်ဆက်ငှားဖို့အတွက် ၂၀% အထိဈေးချပေးခဲ့ကြရတယ်။ 
အိမ်ငှားတွေအနေဖြင့် အလုပ်လက်မဲ့ ဖြစ်သွားခြင်း၊ အလုပ်ဆက်ရှိနေသော်လည်း လစာဖြတ်တောက်လျှော့ချခံရခြင်း စတဲ့ဖြစ်ရပ်တွေကြောင့် အိမ်ငှားခအတွက် အခက်အခဲ ရှိကြပါတယ်။ 
အသက် ၃၆ နှစ်ရှိသူ Alexandra McVey က လုံးချင်းအိမ် ငှားရမ်းနေထိုင်နေတာကို ပြန်အပ်ပြီး ဈေးသက်သာတဲ့ တိုက်ခန်း ငှားရမ်း နေထိုင်ခဲ့ရပါတယ်။ သူနှင့်အတူ အခြား နိုင်ငံခြားသား နှစ်ဦးတို့ အတူ သုံးယောက်စပ်ပြီး ငှားရမ်းလိုက်တာ ဖြစ်ပါတယ်။ Alexandra McVey က အလုပ်မှ ရပ်နားခံရပြီး ဝင်ငွေ သုည ဖြစ်သွားတယ်။ အခြေအနေတွေ ပြန်ကောင်းလာနိုးနိုးဖြင့် စောင့်ဆိုင်းရင်း နောက်ဆုံးမှာတော့ စုထားဆောင်းထားသမျှတွေ အကုန်လုံးနီးပါး တတိတိနဲ့ ကုန်သွားခဲ့ပြီး မိခင်နိုင်ငံ ယူကေကို ပြန်ခဲ့ရပါတယ်။
“အနှေးပြကွက်နဲ့ ကားတိုက်တာကို ကြုံနေရသလိုမျိုးပဲ” လို့ သူက ပြောပါတယ်။ 

၂၀၂၀ ခုနှစ် ဩဂုတ်လ ၃၀ ရက်မှာ ဒူဘိုင်းကို ပြန်ဖွင့်ပေးလိုက်တယ်။ ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်အပြည့် ထိုးပြီးသူဆိုပါက ခရီးသွားဧည့်ဗီဇာ လျှောက်ထားနိုင်တယ်။ ဗီဇာစည်းကမ်းချက်တွေကိုလည်း ဖြေလျော့ပေးခဲ့တယ်။ 
ရေနံကို အားကိုးတဲ့ နိုင်ငံအဖြစ်မှ လွတ်ကင်းစေဖို့ ကြိုးပမ်းနေတဲ့ ယူအေအီးအစိုးရက အသက် ၅၅ နှစ်အထက် ရှိသူတွေအတွက် ၅နှစ်သက်တမ်းရှိ အငြိမ်းစားဗီဇာ ထုတ်ပေးတယ်။ 
အောက်တိုဘာမှ အဝေးမှ အလုပ်လှမ်းလုပ်သူတွေအတွက် သက်တမ်း တစ်နှစ်ရှိ  remote working  visa ထုတ်ပေးတယ်။ 
သက်မွေးပညာရှင်တွေကို သက်တမ်း ၁၀ နှစ်ရှိ  golden residency visa ထုတ်ပေးတယ်။ 
ဗီဇာအမျိုးအမည်အသစ်တွေကြောင့် ဒူဘိုင်းကို နိုင်ငံခြားသားများ ရောက်ရှိလာကြပြီး အိုးအိမ်ဝယ်ယူနေထိုင်ခြင်း၊ ငှားရမ်းနေထိုင်ခြင်းတွေ ပြန်များလာခဲ့ပါတယ်။ 
ဒူဘိုင်းမြို့ရဲ့ ပျမ်းမျှအိမ်ရာဈေးနှုန်းက အမြင့်ဆုံး အထွတ်အထိတ်ရောက်ခဲ့တဲ့ ၂၀၁၄ ခုနစ်ဈေးနှုန်းထက် ၃၂% လျော့နည်းနေလို့ ဈေးချိုတဲ့သဘော ဖြစ်နေလို့ ဝယ်လိုသူတွေ ရှိနေစေတယ်။ ပြီးခဲ့တဲ့ ၆ လအတွင်း အဝယ်ပြန်လိုက်လာခဲ့ပြီး အငှားလည်း တက်လာတယ်လို့ Knight Frank မှ ထုတ်ပြန်တဲ့ အချက်အလက်များအရ သိကြရတယ်။ 
အခြားနိုင်ငံများမှ မြို့ကြီးတွေမှာ ကိုဗစ် ဆိုးဝါးနေတာကြောင့် ဘေးလွတ်ရာကို ရှောင်တဲ့အနေဖြင့် ဒူဘိုင်းမှာ လာရောက်နေထိုင်သူတွေလည်း ရှိလာပြီး သူတို့က ပိုကြီး ပိုကျယ်တဲ့ အိမ်မျိုးတွေကို စိတ်ဝင်စားကြတယ်။ ခြံဝင်းပါတာမျိုးကို ရွေးချယ်ကြတယ်။ 
အခုလို အဝယ်လိုက်လာဖို့ အိမ်ဈေး ပျမ်းမျှအားဖြင့် အမေရိကန်ဒေါ်လာ ၁ သန်းကျော် ပြီးခဲ့တဲ့ ဧပြီလမှ ဇွန်လအတွင်း တက်သွားတယ်။ 
ဒူဘိုင်းမှာ အခြေစိုက်ထားတဲ့ Knight Frank  အတွက် အရှေ့အလယ်ပိုင်းဆိုင်ရာ သုတေသနလုပ်ကိုင်ပေးနေတဲ့ Faisal Durrani က ခြံကြီးဝင်းကြီးနဲ့ အိမ်တွေ၊ အထက်တန်းစား ဇိမ်ခံအိမ်ကြီးတွေ အဝယ်လိုက်တာကြောင့် ယခုလို ပျမ်းမျှဈေးနှုန်း မြင့်တက်လာခဲ့တာ ဖြစ်ကြောင်း ရှင်းပြပါတယ်။ အမေရိကန်ဒေါ်လာ ၁ သန်းအောက် ဈေးနှုန်းရှိတဲ့ အိမ်တွေကတော့ ၁၅.၇% ဈေးကျသွားခဲ့တယ်လို့ သူက ပြောပါတယ်။ 

ငှားရမ်းခတွေကတော့ ဈေးကျနေဆဲလို့ သူက ပြောပြပါတယ်။ ပြီးခဲ့တဲ့ ဇွန်လအထိ ၅.၉% လျော့ကျနေခဲ့ပါတယ်။ အိုးအိမ်အသစ်တွေ ဆောက်လုပ်ပြီးစီးထားပြီး ပိုပိုလျှံလျှံ ဖြစ်နေတဲ့အတွက် ငှားရမ်းလိုသူတွေက အပေါ်စီး ရရှိနေပါတယ်။ ယခုနှစ်မှ အိမ်အလုံးပေါင်း ၆၃,၀၀၀ ထပ်မံပြီးစီးဖို့ ရှိနေပါတယ်။ ၂၀၀၉ ခုနှစ်နောက်ပိုင်း အရေအတွက် အများဆုံး ဖြစ်ပါတယ်။ 
ငှားရမ်းမယ့်သူတွေအတွက်တော့ သတင်းကောင်း ဖြစ်ပါတယ်။ ဒူဘိုင်းမှာ နေထိုင်တဲ့ Lee Campbell  က Dubai Marina မှာ ယူအေအီး နိုင်ငံသုံးငွေ ဒီယာဟမ် ၁၀၅,၀၀၀ ပေးခဲ့ရပြီး ယခုအခါမှာတော့ ၈၀,၀၀၀ အထိ ဈေးကျနေပြီ ဖြစ်ပါတယ်။ 
 

Source: .ft.com

Global Read 3130 times