အဆောက်အအုံဆောက်လုပ်ခွင့်လျှောက်ထားရာတွင် မြေပုံ၊မြေရာဇဝင်မူရင်းတင်ပြရန်မလိုတော့ဟု ရန်ကုန်စည်ပင်ကြေညာ


07 February, 2019

ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း အဆောက်အအုံဆောက်လုပ်ခွင့် လျှောက်ထားရာတွင် မြေပုံ၊ မြေ ရာဇဝင်မူရင်း (Certified Map) တင်ပြရန် မလိုတော့ကြောင်း အင်ဂျင်နီယာဌာန(အဆောက်အအုံ) က ကြေညာသည်။

          ယခင်က အဆောက်အအုံ ဆောက်လုပ်ရာတွင် မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲရေးဌာနက တစ်နှစ်အတွင်း ထုတ်ပေးထားသည့် မြေပုံ၊ မြေရာဇဝင်မူရင်း (Certified Map) နှင့် နယ်နိမိတ် တိုင်းတာသတ်မှတ်မြေပုံ (Dem- arcation Map) တို့ တင်ပြရန် သတ်မှတ်ခဲ့သည်။

          သို့သော် ၂၀၁၉ ဇန်နဝါရီ ၂ ရက်က စ၍ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲရေးဌာနက တစ်နှစ်အတွင်းထုတ်ပေးထားသည့် နယ်နိမိတ်တိုင်းတာ သတ်မှတ်မြေပုံ (Demarcation Map) တစ်မျိုးတည်းသာ တင်ပြရန် လိုကြောင်း  အင်ဂျင်နီယာဌာန(အဆောက်အ အုံ)က ကြေညာထားသည်။

          ‘‘လုပ်ငန်းကြန့်ကြာမှုတွေ လျော့အောင်ဆိုတဲ့ ရည်ရွယ်ချက် နဲ့ ဖြေလျှော့ပေးလိုက်တဲ့ သဘော ပါပဲ’’ဟု ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။

          အဆောက်အအုံ ဆောက်လုပ်ရန် မြေပုံဖိုင်နှစ်ခုဖွင့်လှစ်ကာ အဆင့်ဆင့်တင်ပြရန် မလိုတော့ဘဲ အဆောက်အအုံဆောက်လုပ်ရေးလုပ်ငန်းများ မြန်ဆန်စွာလုပ်လာနိုင်မည်ဖြစ်၍ ယင်းဖြေလျှော့မှုကို ကြိုဆိုကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်အချို့ကဆိုသည်။

          ‘‘ရုံးလုပ်ငန်းပိုင်းတွေလည်း ပိုမြန်သွားမှာပေါ့။ အရင်ကဆို ဖိုင်နှစ်ခုနဲ့ အဆင့်ဆင့်သွားနေရတာ အလုပ်လည်း ပိုရှုပ်တယ်။ မြေပုံ ထုတ်ပေးတဲ့ရက်ကိုလည်း မြန်မြန်ဆန်ဆန်လုပ်ပေးစေချင်တယ်’’ ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးလားဇာထွန်းက ပြောသည်။

          လက်ရှိတွင် မြေပုံထုတ်ပေးသည့်ကာလသည် လျှောက်ထားပြီး နှစ်ပတ်အတွင်း ဆိုသော်လည်းပြဿနာရှိပါကနှစ်နှင့်ချီကြာမြင့်တတ်ကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်အချို့ကဆိုသည်။

          ဆောက်လုပ်ခွင့် တင်ပြရာတွင် မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲရေးဌာန၏တစ်နှစ်အတွင်း ထုတ်ပေးသည့် မြေပုံသက်တမ်းအစား၂ နှစ်အတွင်း ထုတ်ပေးသည့်မြေပုံဟူ၍ ပေးသင့်ကြောင်း ၎င်းတို့က ပြောသည်။

          ‘‘မြေပုံထုတ်ပြီးမှ အကြောင်းကြောင်းကြောင့် အဆောက်အအုံ ဆောက်ဖို့မဖြစ်နိုင်တဲ့အခါမှာ သက်တမ်းပြည့်သွားလို့ နောက်တစ်ကြိမ်မြေပုံပြန်ထုတ်ရတာမျိုးတွေ ရှိတတ်တော့ မြေပုံသက်တမ်းတိုးပေးနိုင်ရင် ပိုအဆင်ပြေမယ်’’ ဟု ဦးလားဇာထွန်းက ပြောသည်။

How To Laws and Regulations Read 157 times