မြေဧက ၆ဝ ကျော်ပေါ်တွင် ဟိုတယ်ဇုန်တစ်ခု စတင်တည်ဆောက်မည့် DDPC ကုမ္ပဏီ


23 November, 2020

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်မှ မောင်းမကန်ကမ်းခြေ၏ မြောက်ဘက်ခြမ်းရှိ မြေဧက ၄ဝဝ ကျော် လုပ်ကိုင်ခွင့်ရရှိထားသည့် DDPC ကုမ္ပဏီအနေဖြင့် မြေဧက ၆ဝ ကျော်ပေါ်တွင် ဟိုတယ်ဇုန်တစ်ခု စတင်တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

မောင်းမကန်ကမ်းခြေ၏ မြောက်ဘက်ရှိ ယင်းမြေဧက ၄ဝဝ ကျော်မှာ တပ်မတော်မှ ထိန်းသိမ်းထားသည့် မြေဖြစ်သောကြောင့် ယင်းမြေအား ပြန်လည်စွန့်လွှတ်ပေးရန် တင်ပြ၍ လွှဲပြောင်းရယူခဲ့ခြင်းဖြစ်ကြောင်း၊

ယင်းမြေပေါ်တွင် ဟိုတယ်ဇုန်လုပ်ကိုင်ခွင့်ရရှိရေး အတွက် ၂ဝ၁၂ ခုနှစ်မှစတင်၍ တိုင်းဒေသကြီးအစိုးရနှင့် သက်ဆိုင်ရာဌာနများထံ လျှောက်ထားခဲ့ရာ ၂ဝ၁၅ ခုနှစ်တွင် ဟိုတယ်ဇုန် လုပ်ကိုင်ခွင့်ရရှိခဲ့ကြောင်း၊

လုပ်ကိုင်ခွင့်ရရှိပြီးနောက် စတင်အကောင်အထည်ဖော်နေ စဉ်လပိုင်းအကြာတွင် အစိုးရသစ်တက်လာပြီးနောက် ဟိုတယ်ဆောက်လုပ်ခွင့်လိုင်စင် မကျသေးကြောင်း နားလည်မှုလွဲကာ ဆောက်လုပ်မှုကို ရပ်နားခိုင်းခဲ့သည့်အတွက်

ယခုအချိန်ထိ ရပ်နားထားခဲ့ရပြီး မကြာမီအချိန်တွင် ပြန်လည်ဆောက်လုပ်ရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း ဧပြီ ၇ ရက်က မောင်းမကန်ရွာ၌ ကျင်းပသည့် ဟိုတယ်ဇုန်အတွက် IEE တွေ့ ရှိချက်တင်ပြသည့် အခမ်းအနားတွင် ထားဝယ်ဖွံ့ဖြိုးတိုးတက်မှု အများပိုင်ကုမ္ပဏီ (DDPC ) ၏ဥက္ကဋ္ဌ မှ ပြောကြားသည်။

မကြာခင် ဆောက်လုပ်ရေးလုပ်ငန်းတွေ ပြန်စမည်ဖြစ်သည်။ ပြန်စသည့် အချိန်မှာ ဧက ၄ဝဝ ကျော်မှာ First Space အနေနဲ့ ဧက ၆ဝ ကျော်ကို စတင်အကောင်အထည်ဖောမည်။

ဆောက်ရင်းတန်းလန်းရှိနေတဲ့ နောက်ထပ်လိုအပ်မယ့် အဆောက်အအုံတွေ ထပ်ဆောက်ပါမည်ဟု DDPC ကုမ္ပဏီ၏ ဥက္ကဋ္ဌမှ ပြောကြားသည်။

လက်ရှိအစိုးရသစ် တက်လာချိန်တွင် ယင်းမြေဧက ၄ဝဝ ကျော်အနက်မှ တပ်မတော်မှ သိမ်းဆည်းထားသည့် မြေဧက ၈ဝ ကျော်ကို အစိုးရထံ ပြန်လည်လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့်မြေများကိုမူ

ကုမ္ပဏီထံ လွှဲပြောင်းပေးခဲ့ကြောင်း၊ မြေလွတ်မြေလပ်ပေါ်တွင် စိုက်ပျိုးထားသည့် သီဟိုဋ်ပင်များအတွက်လည်း သက်ဆိုင်သည့်ဌာနသို့ လျော်ကြေးပြန်ပေးပြီး နိုင်ငံတော်အစိုးရထံ ပေးသွင်းသည့်အတွက်

ကုမ္ပဏီထံလုပ်ကိုင်ခွင့်ချထားပေးခဲ့သည့်အပြင် နောက်တစ်ပိုင်းဖြစ်သော ဧက ၂ဝဝ ကျော်ဖြစ်သည့် သစ်တောကြိုးဝိုင်းဧရိယာအတွက် လုပ်ကိုင်ခွင့်ရရှိခဲ့ပြီးဖြစ်ကြောင်း ၎င်းကဆိုသည်။

မောင်းမကန်ကျေးရွာ ရွာလယ်ကျောင်း၌ ဧပြီ ၇ ရက်က ကျင်းပသည့် ဟိုတယ်ဇုန်တည် ဆောက်ခြင်းအတွက် ကနဦးပတ်ဝန်းကျင် ဆန်းစစ်ခြင်း(IEE) ကနဦးတွေ့ရှိချက်တင်ပြ ဆွေးနွေးပွဲသို့ ဒေသခံ ၁ဝဝ ကျော်နှင့်

ကုမ္ပဏီ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး ဒေသခံများဘက်မှ မောင်းမကန်ကျေးရွာအား သစ်တောကြိုးဝိုင်းအတွင်းမှ ထုတ်ပယ်ပေးပြီးမှသာ စီမံကိန်းကို ဆက်လက်လုပ်ကိုင်ရန်၊ စီမံကိန်းအတွက် လိုအပ်သည့်ရေအရင်းအမြစ်ကို

ရွာအတွင်းမှ ထုတ်ယူသုံးစွဲခြင်းမပြုရန်နှင့် ဒေသခံ ရေလုပ်သားများ၏ ကမ်းခြေအဆင်းလမ်းအား သတ်မှတ်ထားရှိပေးရန် စသောအချက်များကို တောင်းဆိုခဲ့ကြသည်။ DDPC ကုမ္ပဏီမှ မကြာမီ စတင်ဆောင်ရွက်မည့်

မောင်းမကန် ဟိုတယ်ဇုန်စီမံကိန်းတွင် ၁ဝ ခန်းတွဲ ဟိုတယ်တစ်လုံး၊ နှစ်ခန်းတွဲဟိုတယ်များ၊ ဘန်ဂလိုများနှင့် ရေကူးကန်၊ ပန်းခြံများပါဝင်မည်ဖြစ်ကြောင်း၊ ဟိုတယ်ဇုန်တည်ဆောက်ခြင်းအတွက်

ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်း (IEE) ကို တတိယအဖွဲ့အစည်းဖြစ်သည့် Ever Green Tech က ဆောင်ရွက်နေပြီး အစီရင်ခံစာကို လာမည့်မေလအတွင်းပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Ever Green Tech မှတာဝန်ရှိသူက ပြောကြားသည်။

မောင်းမကန်ကမ်းခြေ မြောက်ဘက်ခြမ်းရှိ မြေဧက ၄ဝဝ ကျော်တွင် DDPC ကုမ္ပဏီက၂ဝ၁၃ ခုနှစ်မှစတင်၍ ဟိုတယ်ဇုန် ဆောက်လုပ်ရန် အကောင်အထည်ဖော်ခဲ့ကြောင်း၊ ယင်းဟိုတယ်ဇုန်အတွက် ကမ်းခြေရှိ မြေ ၁၄၈ ဒသမ ၄ဝ ဧကကို

ယခင်တိုင်းဒေသကြီးအစိုးရထံ ပထမအကြိမ်လျှောက်ထားခဲ့ရာ ဒေသခံများက ကန့်ကွက်စာတင်ခဲ့သော်လည်း စာတင်ပြီး သုံးလခန့်အကြာ ၂ဝ၁၅ ခုနှစ် နိုဝင်ဘာလတွင်မြေ ၁၄၈ ဒသမ ၄၀ ဧကကို တိုင်းဒေသကြီးအစိုးရမှ

ကုမ္ပဏီထံသို့ ဟိုတယ်ဇုန်စီမံကိန်းဆောင်ရွက်ရန် နှစ် ၃၀ လုပ်ကိုင်ခွင့်ချထားပေးခဲ့ကြောင်း သိရသည်။

DDPC ကုမ္ပဏီတွင် ထားဝယ်ဒေသခံ စီးပွားရေးလုပ်ငန်းရှင်များနှင့် ဒေသခံအစုရှယ်ယာဝင်ဦးရေ ၇ဝဝ ကျော်ရှိကြောင်း သိရပြီး ရေထွက်ကုန်ပစ္စည်းထုတ်လုပ်သည့် အဏ္ဏဝါ လွှမ်းကုမ္ပဏီပိုင်ရှင် မှ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေကြောင်း သိရသည်။

Local Hospitality Read 116 times