ထားဝယ်အထူးစီးပွားရေးဇုန် ကနဦးအဆင့်စီမံကိန်းအတွက် အကောင်အထည်ဖော်ရေး စာချုပ်ပိုင်းဆိုင်ရာ ပြင်ဆင်ပြီး


18 January, 2020

ထားဝယ်အထူးစီးပွားရေးဇုန် ကနဦးစက်မှုဇုန်နယ်မြေစီမံကိန်း အကောင်အထည်ဖော်ရေးအတွက် စာချုပ်ပိုင်းဆိုင်ရာ ပြင်ဆင်ပြီးစီးကြောင်း ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီမှ သတင်းထုတ်ပြန်ထားပါသည်။

ထားဝယ်အထူးစီးပွားရေးဇုန် Concession Agreements စာချုပ်များကို ပြင်ဆင်ခြင်းသည် မြေပြင်တည်ဆောက်ရေး လုပ်ငန်းများစတင်နိုင်ရေး လမ်းပွင့်စေမည်ဖြစ်သည်။

ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီသည် ဆောင်ရွက်ခဲ့ပြီးဖြစ်သည့် အပြောင်းအလဲများကို ဝမ်းမြောက်စွာကြေငြာလိုသည်မှာ ထားဝယ်အထူးစီးပွားရေးဇုန် ကနဦးစက်မှုဇုန်နယ်မြေစီမံကိန်း အကောင်အထည်ဖော်ရေးအတွက် စာချုပ်ပိုင်းဆိုင်ရာ အစီအစဉ်များအား ပြင်ဆင်မှုပြုလုပ်ဆောင်ရွက်ပြီးခြင်း ကိစ္စဖြစ်ပါသည်။ ဤကနဦး စက်မှုဇုန်နယ်မြေစီမံကိန်း စာချုပ်ပြင်ဆင်ပြီးစီးမှုသည် အခြားကနဦးအဆင့် စီမံကိန်း (၈) ခု အကောင်အထည်ပေါ်လာရေးအတွက်လည်း အဓိက အခြေခံအချက်ဖြစ်ပါသည်။

ထိုင်းနိုင်ငံအစိုးရသည် ထားဝယ်အထူးစီးပွားရေးဇုန်မှ မြန်မာ-ထိုင်းနယ်စပ်အထိဖောက်လုပ်မည့် ၂-လမ်းသွား ကားလမ်းဆောက်လုပ်ရေးအတွက် ချေးငွေထုတ်ချေးရန် မကြာသေးမီက သဘောတူခဲ့ပြီးဖြစ်ပါသည်။ အဆိုပါ ချေးငွေအခွင့်အလမ်းသည် အီတာလျံ-ထိုင်း ကုမ္ပဏီ ဦးဆောင်သော ပုဂ္ဂလိကကဏ္ဍ ပုဂ္ဂလိကရင်းနှီးတည်ဆောက်သူများအတွက် အဓိကကျသောအရာများ ကူညီဆောင်ရွက်ပေးခြင်း ဖြစ်သည့်အတွက် ဤအဓိကကျသော ဖွံ့ဖြိုးတိုးတက်မှုများနှင့်အတူ မြန်မာနိုင်ငံ၏ စီးပွားရေးအတွက် အကျိုးကျေးဇူးများရရှိကာ ရှေ့ဆက်သွားနိုင်မည်ဖြစ်သည်။

စီမံခန့်ခွဲမှုကော်မတီသည် အီတာလျံ-ထိုင်းကုမ္ပဏီနှင့် ကာလရှည်ကြာစွာ တိုင်ပင်ဆွေးနွေးပြီးမှ စာချုပ်ပါ အချက်အလက်အစီအစဉ်များကို ပြင်ဆင်ပြဌာန်းခဲ့ခြင်းဖြစ်ပါသည်။ စီမံကိန်းလုပ်ငန်းများဆောင်ရွက်ရာတွင် မြန်မာအစိုးရအတွက် ပိုမို၍ စွန့်စားမှုပြုလုပ်ရန်ဖြစ်ပေါ်စေခြင်း (သို့မဟုတ်) ငွေကြေး အကျိုးအမြတ် တစ်စုံတစ်ရာ လျော့နည်းစေခြင်းများ မပေါ်ပေါက်စေရဘဲ၊ စက်မှုဇုန်လုပ်ငန်းအတွက် ငွေကြေးအရင်းအနှီး လိုအပ်ချက် ဖန်တီးရရှိနိုင်ရေးအပေါ် အခွင့်အလမ်းပိုမိုကောင်းမွန်စေပြီး နှစ်ဦးနှစ်ဖက် အကျိုးရှိစေမည့် သဘောတူညီချက်ရလာဒ်များ ရရှိအောင်ဆောင်ရွက်နိုင်ခဲ့ပါသည်။ ဤသဘောတူညီမှု ရလာဒ်များ ပြီးမြောက်အောင် ဆောင်ရွက်နိုင်သည့် အကြံဉာဏ်များကို စီမံခန့်ခွဲမှုကော်မတီအနေဖြင့် မြန်မာနိုင်ငံနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေကျွမ်းကျင်သူများထံမှ ရယူခဲ့ပါသည်။

စီမံကိန်းစတင်သည်နှင့် အီတာလျံ-ထိုင်းကုမ္ပဏီနှင့် စက်မှုဇုန်အတွင်း နောင်တွင် မြေငှားရမ်းကာ လာရောက် ရင်းနှီးမြှုုပ်နှံမည့်သူများအနေဖြင့် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ခြင်းကြောင့် ထိခိုက်နစ်နာသည့် ပုဂ္ဂိုလ်များအတွက် လျော်ကြေးပေးချေခြင်းနှင့် ရွှေ့ပြောင်းနေရာချထားခြင်းကိစ္စရပ်များကို နိုင်ငံတကာ စံနှုန်းများနှင့် ပတ်ဝန်းကျင်ထိခိုက်မှုဆိုင်ရာ အခြေအနေများအား ပြည့်မီကိုက်ညီအောင် ဆောင်ရွက်သွားရမည်ဖြစ်ပါသည်။

စီမံကိန်းအတွက် ငွေလုံးငွေရင်း အရင်းအနှီးနှင့် တိကျသေချာသော လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ လိုအပ်ချက်များကို တာဝန်ယူဆောင်ရွက်မည်ဖြစ်ကြောင်း အထောက်အထားများ အီတာလျံ-ထိုင်းကုမ္ပဏီထံမှ ရရှိပြီးသည်နှင့် ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီအနေဖြင့် အီတာလျံ-ထိုင်းကုမ္ပဏီသို့ စီမံကိန်း စတင်ဆောင်ရွက်ရန် အကြောင်းကြားစာပေးပို့သွားမည်ဖြစ်ပါသည်။ စီမံကိန်းအား မကြာမီကာလအတွင်း စတင်ဆောင်ရွက်နိုင်မည်ဟု ခန့်မှန်းထားပါသည်။

ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီသည် အီတာလျံ-ထိုင်း ကုမ္ပဏီမှ ကနဉီးစီမံကိန်းလုပ်ငန်းများ စတင်ဆောင်ရွက်နိုင်စေရေးအတွက် ကနဦးစီမံကိန်းလုပ်ငန်းများအတွင်း ပါဝင်သည့် အခြားသောစီမံကိန်းများကိုလည်း ယခုပြင်ဆင်ပေးပို့ခဲ့သည့် ကနဦးစက်မှုဇုန်မြေငှားစာချုပ်ကဲ့သို့ ပြင်ဆင်ဆောင်ရွက်ပေးပို့သွားမည်ဖြစ်ပြီး ဆောင်ရွက်မှုများအား မကြာခင်အသိပေးကြေငြာ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ အဆိုပါ ဆက်လက်ပေးပို့ဆောင်ရွက်သွားမည့် စီမံကိန်းများတွင် သဘာဝဓာတ်ငွေ့ရည်ဆိပ်ကမ်းစီမံကိန်း၊ ကနဦး လျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် ဆိပ်ကမ်းငယ် စီမံကိန်းများလည်း ပါဝင်မည်ဖြစ်ပါသည်။

အထက်ပါ အီတာလျံ-ထိုင်းကုမ္ပဏီမှ ဆောင်ရွက်မည့် ကနဦးစီမံကိန်း အကောင်အထည်ဖော်နေစဉ် ကာလအတွင်း ထားဝယ်အထူးစီးပွားရေးဇုန်အတွင်း အခြားသောစီမံကိန်းများ ဖြစ်ထွန်းအောင်မြင်လာစေရေးအတွက်လည်း ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် စတင်စီစဉ် ဆောင်ရွက်လျက်ရှိနေပါကြောင်း သတင်းထုတ်ပြန်ထားပါသည်။

Region Read 77 times