ဒလသင်္ဘောကျင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်


01 March, 2020

ဒလသင်္ဘောကျင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားရန် စီစဉ်လျက်ရှိကြောင်း ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှ သိရသည်။

 ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈) မှ ဦးကျော်ထွေးက ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးပိုင် သင်္ဘောကျင်းများအနက် ရှေးအကျဆုံးနှင့်အကြီးဆုံးဖြစ်သော ဒလသင်္ဘောကျင်းရှိ အဆောက်အအုံများအား သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ ရှေးဟောင်းသမိုင်းဝင် ကမ္ဘာ့အမွေအနှစ်သတ်မှတ်နိုင်ရေး ဆောင်ရွက်ပေးရန်နှင့် သမိုင်းတန်ဖိုးကြီးလှသော သင်္ဘောကျင်းတစ်ခုလုံးကို ပြုပြင်မွမ်းမံထိန်းသိမ်းကာ ရေကြောင်းသမိုင်းပြတိုက် သို့မဟုတ် ဒေသဖွံ့ဖြိုးရေးအတွက် အကျိုးရှိမည့်စီမံကိန်းများ ချမှတ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးမြန်းသည်။

 အဆိုပါမေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦးက ဒလသင်္ဘောကျင်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားရန် စီစဉ်လျက်ရှိသည့်အပြင် ဆက်စပ်ဧရိယာများတွင် ဒေသဖွံ့ဖြိုးရေးအတွက် အကျိုးရှိမည့် အစီအစဉ်များကိုပါ ဆက်လက်ဆောင်ရွက်သွားရန်ရှိသည့်အတွက် ဒလသင်္ဘောကျင်းရှိ အဆောက်အအုံများကို ရှေးဟောင်းသမိုင်းဝင်ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ရန် အစီအစဉ်မရှိပါကြောင်း ဖြေကြားသည်။

 ဆက်လက်ပြီး ဒလသင်္ဘောကျင်းတွင် လက်ရှိဂိုဒေါင်အဖြစ် အသုံးပြုနေသော ရှေးဟောင်းအဆောက်အအုံတွင် Blue Plaque ကပ်ထားနိုင်ရေး နှင့် သင်္ဘောကျင်းအတွင်း ရေကြောင်းသမိုင်းပြတိုက်အဖြစ်ထားရှိရေးအစီအမံများနှင့် ပတ်သက်၍ Feasibility Study ဆောင်ရွက်မည့် ကုမ္ပဏီအဖွဲ့ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ Yangon Heritage Trust နှင့် မဲဆန္ဒနယ်ကိုယ်စားပြု ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များနှင့် ညှိနှိုင်းတိုင်ပင်သွားစေမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

Factory and Industrial Plant Read 33 times