ဒလတံတားနှင့် ရန်ကုန်မြစ်အနောက်ဘက်ဒေသ အခွင့်အလမ်း


06 December, 2020

 ဒလတံတားတည်ဆောက်ရေးကြန့်ကြာနေမှုနှင့်ပတ်သက်၍ ပြီးခဲ့သည့်ဇွန်လတွင် ဒေသခံများက အမြန်ဆုံးတည်ဆောက်ပေးရန် ဆန္ဒပြတောင်းဆိုသည်အထိ ဖြစ်ပွားခဲ့သည်။

          တံတားတည်ဆောက်ရေး ကြန့်ကြာနေမှုအပေါ် ဒေသခံများ၏ သဘောထားကို ပြသလိုက်ခြင်းလည်းဖြစ်သည်။၂ဝ၁၆ နှစ်ဆန်းပိုင်းတွင် ကိုးရီးယား-မြန်မာချစ်ကြည်ရေး(ဒလ) တံတားတည်ဆောက်ရေး စီမံကိန်းအတွက် စတင်ခြင်းမင်္ဂလာအခမ်းအနားကို ကျင်းပခဲ့ပြီးဖြစ်သည်။ အဆိုပါအခမ်းအနားပြီးနောက် နှစ်နှစ်ကျော်သည့်အချိန်အထိ တံတားတည်ဆောက်ရေး စတင်နိုင်ခြင်း မရှိသေးပေ။

          မြန်မာ-ကိုးရီးယား ချစ်ကြည်ရေး ဒလတံတားကို ၂ဝ၂ဝ-၂၁ ခုနှစ်တွင် စတင်အသုံးပြုနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်နေပြီဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောဆိုထားသည်။ ဆောက်လုပ်ရေးဝန်ကြီးဌာနက ဒလတံတားကို ယခုနှစ်ကုန်ပိုင်းတွင် တည်ဆောက်မည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြခဲ့သည်။

ရန်ကုန်မြစ်အနောက်ဘက် စီမံကိန်းများ
***************************
          ရန်ကုန်မြစ်အရှေ့ဘက်တွင်တည်ရှိသော ရန်ကုန်သည် နိုင်ငံ၏စီးပွားရေးမြို့တော်အဖြစ် ရပ်တည်နေသော်လည်း မြစ်၏အနောက်ဘက်ရှိ ဒလ၊ ကော့မှူး၊ ကွမ်းခြံကုန်း စသောဒေသများသည် ရန်ကုန်နှင့် နှိုင်းယှဉ်ပါက လွန်စွာဖွံ့ဖြိုးမှုနောက်ကျလျက်ရှိသည်။

           ဒေသခံများက ဒလတံတားတည်ဆောက်ပြီးဒေသကို ပိုမို ဖွံ့ဖြိုးလာစေချင်သော ဆန္ဒရှိနေကြသည်ဟု ဒလမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါက်တာစိန်မြအေးက ပြောသည်။

           အနာဂတ်ဖွံ့ဖြိုးရေးစီမံကိန်း အများအပြားသည်လည်း ရန်ကုန်မြစ်အနောက်ဘက်ကမ်းဒေသတွင်တည်ရှိလျက်ရှိသည်။ ရန်ကုန်မြို့သစ်စီမံကိန်း၏ ပထမအဆင့်စီမံကိန်းအပိုင်းသည် ကြည်မြင်တိုင်တစ်ဖက်ကမ်းဒေသ ဧရိယာဖြစ်ပြီး ရန်ကုန်မြို့သစ်စီမံကိန်း၏ ဒုတိယအဆင့်စီမံကိန်းအပိုင်းသည် ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း စသော ဧရိယာများတွင် ဖြစ်သည်။

            ''ဒလတံတားကိုလည်း မကြာခင်မှာထိုးနိုင်ဖို့ ပြင်ဆင်နေတယ်။ ဒီအခြေအနေတွေအတွက်လည်း လုပ်နိုင်တဲ့အဆင့်ကို စတင်ဆောင်ရွက်နိုင်ဖို့ လစဉ်အစည်းအဝေးကျင်းပပြီးတော့ ဒီတံတားကြီး အမြန်ဆုံးလုပ်နိုင်ပြီး ရန်ကုန်မြစ်တစ်ဖက်ကမ်း၊ အနောက်ဘက်ကမ်း ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ဖို့ ပြင်ဆင်နေတယ်။ ရန်ကုန်မြစ်အနောက်ဘက်ကမ်းမှာ စက်မှုဇုန်တွေ၊ မြို့ပြအသစ်တွေ ပေါ်ပေါက်လာပြီး ရန်ကုန်မြို့ဟောင်းက မြို့ပြအမွေအနှစ်တွေနဲ့ စိမ်းလန်းတဲ့မြို့အဖြစ် ဆက်လက်ထားရှိပြီး ရန်ကုန်မြစ် တစ်ဖက်ကမ်းမှာ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ခေတ်မီမြို့ကြီးတွေဖြစ်လာဖို့ဆိုပြီး ရည်ရွယ်ချက်ထားတယ်'' ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက သြဂုတ် ၂၄ ရက်တွင် ကျင်းပသည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

စက်မှုဇုန်စီမံကိန်းများ
**************
           သြဂုတ် ၁၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရနှင့် ကိုးရီးယားနိုင်ငံ Wooree ကုမ္ပဏီတို့အကြား ဒလတံတားအဆင်းဧရိယာတွင် စက်မှုဇုန်တစ်ခုတည်ထောင်ရန် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့သည်။အဆိုပါ စီမံကိန်းသည် ဒလတံတားတည်ဆောက်ရေးနှင့် ပတ်သက်လျက်ရှိပြီး ဦးဖြိုးမင်းသိန်းက တံတားတည်ဆောက်လိုက်ပါက ယခုဆောင်ရွက်မည့် စက်မှုဇုန်ဧရိယာသည် အလွန်ကောင်းမွန်သော နေရာတစ်ခုဖြစ်လာမည်ဟု ဦးဖြိုးမင်းသိန်းက အဆိုပါလက်မှတ်ရေးထိုးပွဲတွင် ပြောခဲ့သည်။

           ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော်ရန် လွှတ်တော်သို့ အဆိုပြုထားသော စက်မှုဇုန်အသစ် (၁၁) ဇုန်တွင် ကော့မှူး၊ ကွမ်းခြံကုန်းတွင် စက်မှုဇုန်များ တည်ထောင်မည့်အစီအစဉ်များ ပါဝင်နေသည်။ရန်ကုန်မြစ်အနောက်ဘက်ကမ်းရှိ ဒလ၊ ကော့မှူး၊ ကွမ်းခြံကုန်းဧရိယာများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ စက်မှုဇုန်တည်ဆောက်ရေးအစီအစဉ်များသည် လမ်းပန်းဆက်သွယ်ရေးအဆင်ပြေစေမည့် ဒလတံတား တည်ဆောက်ရေး အကောင်အထည်မှုနှင့် ဆက်စပ်လျက်ရှိသည်။ ဒလတံတားတည်ဆောက်ပြီးစီးပါက အဆိုပါဧရိယာများသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ မျက်စိကျရာ နေရာတစ်ခုဖြစ်လာမည့် အခွင့်အလမ်းရှိနေသည်။

            ကိုရီးယား ရင်းနှီးမြှုပ်နှံသူများသည် ရန်ကုန်မြစ်အနောက်ဘက်ကမ်းရှိ ဒလမြို့နယ်အပါအဝင် ၎င်းနှင့် ဆက်စပ်သော ကော့မှူး၊ ကွမ်းခြံကုန်း မြို့နယ်များတွင်ပါ ရေကြောင်းအခြေပြုစီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန် အလွန်စိတ်ဝင်စားနေသည်ဟု ဒလမြို့နယ် တိုင်းဒေသကြီးလွှတ်တော်အမတ် ဦးထွန်းရင်က ပြောသည်။

           ရန်ကုန်မြို့လယ်နှင့် နီးကပ်စွာ တည်ရှိသော်လည်း ဒလသည် ဖွံ့ဖြိုးမှုနောက်ကျနေခြင်း၊ ထို့ပြင် တံတားတည်ဆောက်ပြီးနောက်ပိုင်း လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာမည်ဖြစ်သည့်အတွက် ဒေသခံများက တံတားအမြန်ဆုံးတည်ဆောက်ရေးကို လိုလားနေကြသည်။

           ''ဒီနှစ်ကုန်မှာ နောက်ဆုံးထားပြီး တံတားဆောက်မယ်ကြားတော့ဝမ်းသာပါတယ်။ ဒေသခံတစ်ယောက်အနေနဲ့ကတော့ စောစောဆောက်လေ ကောင်းလေပေါ့။ လေထဲမိုးထဲမှာ ရေလမ်းခရီးတစ်ခုတည်းကို အားကိုးပြီးသွားလာနေရတဲ့အတွက် သားသမီးတွေကိုလွှတ်ရတာ စိတ်မချဘူး။ ကျန်းမာရေးအရရော၊ ပညာရေးအရပါ အခက်အခဲတွေရှိတယ်။ နိုင်ငံတော်အကြီးအကဲတွေအနေနဲ့ ဒီအခက်အခဲတွေကိုမြင်ပြီး အမြန်ဆုံး အကောင်အထည်ဖော်စေချင်ပါတယ်။ တံတားဆောက်ဖို့ မလွတ်ကင်းတဲ့နေရာတွေကို ဖယ်ရှားခိုင်းပြီး လျော်ကြေးငွေ ပေးထားပြီးတာလည်းရှိတော့ တံတားကို မဖြစ်မနေဆောက်မယ်လို့ မျှော်လင့်ပါတယ်။ ဒီနှစ်ကုန်မှာ မဆောက်ဖြစ်ခဲ့ရင်တော့ ပြည်သူတွေအတွက် နစ်နာမှုတွေ ဖြစ်နေဦးမှာပေါ့'' ဟု ဒလမြို့နယ်၊ အံ့ကြီးအနောက်ရပ်ကွက်နေ ဦးလှမြင့်က ပြောသည်။

           ဒလတံတားတည်ဆောက်ရေးကို ၂ဝ၁၂-၁၃ ဘဏ္ဍာနှစ်တွင် ကိုရီးယားနိုင်ငံ၏ အကူအညီဖြင့် စတင်ဆောင်ရွက်ခဲ့သော်လည်း ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်တို့အကြား တံတားတည်ဆောက်ရေးဒီဇိုင်းနှင့်ပတ်သက်၍ သဘောတူညီမှုမရဘဲ တံတားတည်ဆောက်ရေးကို ကြန့်ကြာစေခဲ့သည်။

           ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ရန်ကုန်-ဒလတံတားသည် ကိုရီးယားနိုင်ငံ၊ စီးပွားဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေ(အီးဒီစီဖက်ဖ်)ချေးငွေနှင့် မြန်မာအစိုးရထည့်ဝင်ငွေတို့ဖြင့် ရန်ကုန်မြို့ လမ်းမတော်မြို့နယ်၊ ဘုန်းကြီးလမ်းနှင့် ဒလမြို့နယ် ကမာကဆစ်ရပ်ကွက်၊ ဗိုလ်မင်းရောင်လမ်းတို့ကို ဆက်သွယ်မည်ဖြစ်သည်။ ဒလတံတားစီမံကိန်းကို ၂ဝ၂ဝ-၂၁ ဘဏ္ဍာနှစ်တွင် အပြီးတည်ဆောက်မည်ဟု အစိုးရက ထုတ်ပြန်ထားသည်။

Mixed Use and Urban Read 36 times