ရန်ကုန်-ဒလ မြစ်ကူးတံတားတည်ဆောက်မှု ၂၀၂၂ ခုနှစ် နှစ်ကုန်တွင် ၅၀ ရာခိုင်နှုန်း ပြီးစီးနိုင်ရန် လျာထားဆ


26 April, 2022

ရန်ကုန်-ဒလ မြစ်ကူးတံတားတည်ဆောက်မှု ၂၀၂၂ ခုနှစ် နှစ်ကုန်တွင် ၅၀ ရာခိုင်နှုန်း ပြီးစီးနိုင်ရန် လျာထားဆောင်ရွက်လျက်ရှိ

ရန်ကုန်-ဒလ မြစ်ကူးတံတားတည်ဆောက်မှု ၃၄ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း နှင့် ၂၀၂၂ ခုနှစ် နှစ်ကုန်တွင် ၅၀ ရာခိုင်နှုန်း ပြီးစီးနိုင်ရန် ခန့်မှန်းဆောင်ရွက်လျက်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒလတံတားစီမံကိန်းတာဝန်ခံ ဦးကျော်ကောင်းချိုက ဆင်ဟွာသို့ ယနေ့ ဧပြီ ၂၆ ရက်တွင် ပြောသည်။
“၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာ တံတားကြီးကို  ပြီးစီးအောင်ဆောက်လုပ်ဖို့ ဆောင်ရွက်နေပါတယ်။ တံတားစီမံကိန်းကို ဆောင်ရွက်တဲ့အခါ နည်းပညာ ပိုင်းဆိုင်ရာ မှာ နိုင်ငံတကာစံချိန်စံညွှန်းတွေအတိုင်း Quality Control အဆင့်မီအောင်ဆောင်ရွက်နေပါတယ်။’’ ဟု ၄င်းကဆိုသည်။
အဆိုပါတံတားကို ၂၀၂၂ ခုနှစ် ဧပြီ ၉ ရက်မှ ၁၈ ရက်အထိ ရန်ကုန်ဘက်ချဉ်းကပ်တံတားရက်မကြီးများ တပ်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။ 
လက်ရှိတွင် ရန်ကုန်ဘက်၊ ကမ်းနားဘက်ခြမ်းတွင် ဆင်ခြေလျှောတံတား ဘိုးပိုင်တည်ဆောက်ရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန တံတားဦးစီးဌာနမှ သိရသည်။
အဆိုပါရန်ကုန်- ဒလတံတားစီမံကိန်းမှာ စုစုပေါင်း တံတားအရှည် ၁၈၆၈ မီတာ၊ အကျယ် ၂၆ ဒသမ ၅ မီတာ၊ လေးလမ်း သွားတံတား၊ ဘိုးပိုင်အုတ်မြစ်၊ သံကူ ကွန်ကရစ် ကိုယ်ထည်အပေါ်တွင် သံမဏိကြိုးဆိုင်း တံတားဖြစ်ပြီး တံတား၏ ခံနိုင်ဝန်မှာ ၇၅ တန်ဖြစ် ကြောင်း ၊ရန်ကုန်-ဒလ မြစ်ကူးတံတားသည် မြန်မာနိုင်ငံရှိ အရှည်ဆုံးတံတားများထဲတွင်တစ်စင်းအပါအဝင်ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန တံတားဦးစီးဌာနမှ သိရသည်။

ရန်ကုန်-ဒလတံတားတည်ဆောက်ရေး စီမံ ကိန်းအတွက် ကိုရီးယားသမ္မတနိုင်ငံ၏ EDCF Loan (ကိုရီးယားနိုင်ငံစီး ပွားရေးဖွံ့ဖြိုးမှုရန်ပုံငွေ) ဖြင့် တည်ဆောက်နေခြင်း ဖြစ်သည်။

ဆင်ဟွာ

 

Local Infrastructure and Zones Read 904 times