ဒက္ခိဏသီရိမြို့ရှိ မြေကွက် လျှောက်ထားသူများကို မဲနှိုက်ရောင်းချပေးမည်


28 December, 2019

နေပြည်တော် ဒက္ခိဏသီရိမြို့ရှိ ပေ (၈ဝ×၈ဝ) မြေကွက်အား ဝယ်ယူရန် လျှောက်ထားသူ (၃၂၇) ဦးရှိ၍ ၎င်းတို့ကို မဲစနစ်ဖြင့် ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ မြေကွက်များကို ယခင်က မြေတန်ဖိုး ငွေကျပ်သိန်း (၃၅ဝ) သတ်မှတ်ထားရာ ယခု ငွေကျပ်သိန်း (၂၅ဝ) ကျပ်ဖြင့် (၈ဝ×၈ဝ) မြေကွက် ၁၉၇ ကွက်ကို ရောင်းချရန် ဖြစ်သည်။

ဇန်နဝါရီလ ၁ဝ ရက် နံနက် ၁ဝ နာရီတွင် နေပြည်တော် စည်ပင်သာယာရေး ကော်မတီ မင်္ဂလာခန်းမတွင် မဲနှိုက်ရွေးချယ်သွားမည် ဖြစ်သည်။

လာရောက်မကြည့်ရှုနိုင်သူများအတွက် NPTDC Webportal - နေပြည်တော်စည်ပင်သာယာရေးကော်မတီ Facebook page တွင်လည်း Live ထုတ်လွင့်ပြသပေးမည် ဖြစ်ကြောင်း သိရသည်။

ယခုမဲနှိုက်ရာတွင် မဲမပေါက်သူများအတွက် ဒုတိယအကြိမ် မြေကွက်များထပ်မံ ရောင်းချမည့် အစီအစဉ်တွင် ထည့်သွင်းပေးမည်ဖြစ်ပြီး ယင်းအစီအစဉ်အား ကြိုတင်ထုတ်ပြန်ကြေညာပေးမည်ဖြစ်ကြောင်း သိရသည်။

လျှောက်ထားလိုသူများအနေဖြင့် လျှောက်လွှာပုံစံနှင့်အတူ ရောင်းချမည့် မြေကွက်အမှတ်နှင့် တည်နေရာများကို ကော်မတီ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားမည်ဖြစ်ပြီး လျှောက်လွှာ ဝယ်ယူရန်မလိုကြောင်း ကြေညာထားသည်။ လျှောက်လွှာနှင့်အတူ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊ အိမ်ထောင်စုလူဦးရေ စာရင်းမိတ္တူ၊ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး၏ အကျင့်စာရိတ္တကောင်းမွန်ကြောင်း ထောက်ခံချက်၊ သက်ဆိုင်ရာရဲစခန်း၏ ပြစ်မှုကင်းရှင်းကြောင်းထောက်ခံချက်၊ ခြောက်လအတွင်းရိုက်ကူးထားသည့် ပတ်စပို့အရွယ်ရောင်စုံလိုင်စင်ဓာတ်ပုံနှစ်ပုံ ပူးတွဲပေးရမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြေကွက်ဝယ်ယူချင်သူများအနေဖြင့် အမှန်တကယ်အိမ်ဆောက်နေထိုင်လိုသည့် သူများဖြစ်ရမည်ဖြစ်ပြီး လျှောက်ထားသူတစ်ဦးလျှင် မြေကွက်တစ်ကွက်ကိုသာ လျှောက်ထားနိုင်မည်ဖြစ်သည်။

မြေကွက်ဝယ်ယူခွင့်ရရှိသူများအနေဖြင့် နေအိမ်ဆောက်လုပ်ပြီးမှသာ နှစ် ၃ဝမြေငှားဂရန်ကို ထုတ်ပေးမည်ဖြစ် သည်။မြေကွက်အားဝယ်ယူသူများအနေဖြင့် သတ်မှတ်ထားသည့် မြေကွက်နှုန်းထားကို တစ်ကြိမ်တည်း အပြတ် ပေးသွင်းရမည်ဖြစ်သည်။

မြေကွက်စတင်ချထားသည့်ရက်မှ ခြောက်လအတွင်း ခြံစည်းရိုးခတ်ခြင်း၊တစ်နှစ်အတွင်း လူနေအိမ်အပြီး ဆောက် လုပ်ရမည် ဖြစ်သည်။ နေအိမ်ဆောက်လုပ်ခြင်းမရှိပါက မြေတန်ဖိုးကို ပြန်လည်ထုတ်ပေးမည် မဟုတ်ပဲ မြေကွက်ကို ကော်မတီက ပြန်လည်သိမ်းယူမည်ဖြစ်သည်။

ခြံစည်းရိုးခတ်ခြင်း၊နေအိမ်ဆောက်လုပ်ခြင်းကို အင်ဂျင်နီယာဌာန (အဆောက်အအုံ) ခွင့်ပြုချက်ယူ ဆောင်ရွက်မည် ဖြစ်သည်။

Local Read 133 times