မန္တလေးတိုင်းဒေသကြီးအတွင်း ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ခြင်းအတွက် မည်သို့ အရေးယူခံရနိုင်သလဲ


16 September, 2019

၂၀၁၄ ခုနှစ်တွင်ပြဌာန်းထားသည့် မန္တလေးမြို့တော်စည်ပင်သာယာဥပဒေအရ ကော်မတီပိုင်နက်တွင် အဆောက်အအုံဆောက်လုပ်ခြင်းအတွက် အဆောက်အအုံဆောက်လုပ်ခွင့် ခွင့်ပြုချက်လျှောက်ထား၍ ဆောက်လုပ်ရမှာဖြစ်ပြီး ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ခြင်းအတွက် အောက်ပါအတိုင်းဥပဒေပြဌာန်းထားပြီး အရေးယူဆောင်ရွက်လျှက်ရှိပါသည်။

မန္တလေးမြို့တော်စည်ပင်သာယာရေးဥပဒေပုဒ်မ ပုဒ်မ-၁၀၄(က) တွင် မည်သူမဆို ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ မြို့တော်နယ်နိမိတ်အတွင်း အဆောက်အအုံဆောက်လုပ်ခြင်းလုပ်ငန်းလုပ်ကိုင်ခြင်းမပြုရ၊ အားပေးကူညီခြင်း မပြုရ။

မန္တလေးမြို့တော်စည်ပင်သာယာရေးဥပဒေပုဒ်မ ပုဒ်မ-၁၁၈ တွင် ပုဒ်မ-၁၀၄(က) ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖြစ်စေ၊ ၎င်းနှင့် သက်ဆိုင်သည့် ပြဌာန်းချက်၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ အမိန့်နှင့် ညွှန်ကြားချက်များ ကိုဖြစ်စေ လိုက်နာရန်ပျက်ကွက်ကြောင်း၊ ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးငွေဒဏ်လေးသောင်းမှ အများဆုံးငွေဒဏ် လေးသိန်းအထိဖြစ်စေ၊ ထောင်ဒဏ် (၆) လအထိ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

မန္တလေးမြို့တော်စည်ပင်သာယာရေးဥပဒေပုဒ်မ ပုဒ်မ-၁၁၉ တွင် ပုဒ်မ ၁၁၈ အရ ပြစ်ဒဏ်ချမှတ်ခြင်းခံရသူ သည် အဆိုပါပြဌာန်းချက်ကိုဆက်လက်၍ ဖောက်ဖျက်ကျူးလွန်လျှင် သို့မဟုတ် လိုက်နာရန်ပျက်ကွက်လျှင် ထိုသူကို ဆက်လက်ဖောက်ဖျက်ကျူးလွန်ခြင်း သို့မဟုတ် ပျက်ကွက်ခြင်းပြုသည့်နေ့အသီးသီးအတွက် တစ်နေ့လျှင်အနည်းဆုံး ငွေဒဏ်ကျပ်သုံးသောင်းမှ အများဆုံးငွေဒဏ်ကျပ်တစ်သိန်းအထိဖြစ်စေ၊ ထောင်ဒဏ်(၆)လ အထိဖြစ်စေ ချမှတ်ရမည်။

အထက်ပါအတိုင်း ဥပဒေပြဌာန်းထားသည့်အတွက် ပုဒ်မ-၁၀၄ (က) ကို ဖောက်ဖျက်ကျူးလွန်ခြင်း အတွက် ပုဒ်မ-၁၁၈ တွင်ပြဌာန်းထားသည့် ပြစ်ဒဏ်အတိုင်း ဒဏ်ငွေပေးဆောင်ရမှာဖြစ်ပြီး တရားဝင် ဆောက်လုပ်ခွင့်တင်ပြီးမှသာ ဆက်လက်ဆောက်လုပ်ရမှာဖြစ်ပါတယ်။ တရားဝင်ဆောက်လုပ်ခွင့်တင်ခြင်းများ လုပ်ဆောင်ခြင်းမရှိဘဲ ဆက်လက်ကျူးလွန်ပါက ပုဒ်မ-၁၁၉ တွင်ပြဌာန်းထားသည့် ပြစ်ဒဏ်အတိုင်း အရေးယူ ခံရမှာဖြစ်ပါတယ်။

မန္တလေးတိုင်း ဒေသကြီးစည်ပင်သာယာရေးအဖွဲ့များ၊ အဆောက်အအုံဆိုင်ရာနည်းဥပဒေ ပုဒ်မ- ၁၈ အရ ခွင့်ပြုချက်မရှိဘဲ အဆောက်အအုံတစ်ခုခု အသစ်ဆောက်လုပ်ခြင်းအား တွေ့ရှိပါက ဆက်လက် ဆောင်ရွက်ခြင်းမပြုရန် ပထမအကြိမ်တားမြစ်စာပေးပို့ရမည်။ ပထမအကြိမ် တားမြစ်စာပေးပို့ပြီး ရက်သတ္တပတ် အတွင်း လိုက်နာဆောင်ရွက်မှုမရှိဘဲ ဆက်လက်ဆောင်ရွက်ခြင်းအားတွေ့ရှိပါက ဒုတိယအကြိမ်တားမြစ်စာ ပေးပို့ရမည်။ ဒုတိယအကြိမ် တားမြစ်စာပေးပို့ပြီး ရက်သတ္တပတ်အတွင်း လိုက်နာဆောင်ရွက်မှုမရှိဘဲ ဆက်လက်ဆောင်ရွက်ခြင်းအားတွေ့ရှိပါက အထက်တွင် ဖော်ပြထားသည့်အတိုင်း တရားစွဲဆိုဆောင်ရွက် နိုင်သည့်အပြင် ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားသည့်အဆောက်အအုံကို တစ်လအတွင်း ဖြိုဖျက်ရန် ညွှန်ကြားနိုင်သည်။

အကယ်၍ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဥပဒေပုဒ်မ-၁၁၄တွင် ဤဥပဒေအရချမှတ် သည့် စီမံခန့်ခွဲမှုဆိုင်ရာ ဆုံးဖြတ်ချက်ကို မကျေနပ်ပါက ယင်းဆုံးဖြတ်ချက်ချသည့်နေ့မှ ရက်ပေါင်း (၃၀) အတွင်း ဝန်ကြီးထံ အယူခံဝင်နိုင်သည်။ ဝန်ကြီး၏ဆုံးဖြတ်ချက်သည် အတည်ဖြစ်စေရမည်ဟု ပြဌာန်းထားပါသည်။ ထို့အတွက်ကြောင့် ကော်မတီ၏ ဆုံးဖြတ်ချက်အား မကျေနပ်ပါက အယူခံဝင်နိုင်ကြောင်း ပြဌာန်းထားပါတယ်။

ထို့အတွက်ကြောင့် အဆောက်အအုံဆောက်လုပ်ရာတွင် သက်ဆိုင်ရာမြို့နယ်စည်ပင်တွင် အဆောက် အအုံဆောက်လုပ်ခွင့် လျှောက်ထားပြီးမှသာ ဆောက်လုပ်ကြရန် သတိပေးအပ်ပါသည်။

How To Read 82 times