ရန်ကုန်တိုင်းဒေသကြီးအတွင်း ခွင့်ပြုချက်မရှိဘဲ  ဆောက်လုပ်ခြင်းအတွက် မည်သို့အရေးယူခံရနိုင်သလဲ


16 September, 2019

၂၀၁၈ ခုနှစ်တွင်ပြဌာန်းထားသည့် ရန်ကုန်မြို့တော်စည်ပင်သာယာဥပဒေအရ ကော်မတီပိုင်နက်တွင် အဆောက်အအုံဆောက်လုပ်ခြင်းအတွက် အဆောက်အအုံဆောက်လုပ်ခွင့် ခွင့်ပြုချက်လျှောက်ထား၍ ဆောက်လုပ်ရမှာဖြစ်ပြီး ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ခြင်းအတွက် အောက်ပါအတိုင်းဥပဒေပြဌာန်းထားပြီး အရေးယူဆောင်ရွက်လျက်ရှိပါသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေပုဒ်မ ပုဒ်မ-၃၁၂(က)တွင် မည်သူမျှ ကော်မတီ၏ခွင့်ပြုချက် မရှိဘဲ မြို့တော်နယ်နိမိတ်အတွင်း အဆောက်အအုံဆောက်လုပ်ခြင်းလုပ်ငန်းလုပ်ကိုင်ခြင်းမပြုရ၊ အားပေးကူညီခြင်း မပြုရ။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေပုဒ်မ ပုဒ်မ-၃၂၄တွင် ပုဒ်မ-၃၁၂(က) ပုဒ်မကို လိုက်နာရန် ပျက်ကွက်ကြောင်း သို့မဟုတ် ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ပထမအကြိမ် ကျူးလွန်မှုအတွက် ငွေဒဏ်ကျပ် (၃)သိန်းမှ ကျပ်(၁၀)သိန်းအထိ ချမှတ်ရမည်။

အထက်ပါအတိုင်း ဥပဒေပြဌာန်းထားသည့်အတွက် ပုဒ်မ-၃၁၂(က)ကို ဖောက်ဖျက်ကျူးလွန်ခြင်း အတွက် ပုဒ်မ-၃၂၄ တွင်ပြဌာန်းထားသည့် ပြစ်ဒဏ်အတိုင်း ဒဏ်ငွေပေးဆောင်ရမှာဖြစ်ပြီး တရားဝင် ဆောက်လုပ်ခွင့်တင်ပြီးမှသာ ဆက်လက်ဆောက်လုပ်ရမှာဖြစ်ပါတယ်။ တရားဝင်ဆောက်လုပ်ခွင့်တင်ခြင်းများ လုပ်ဆောင်ခြင်းမရှိဘဲ ဆက်လက်ကျူးလွန်ပါက ထောင်ဒဏ်(၆)လ ချမှတ်သည်အထိ အရေးယူခံရမှာဖြစ်ပါတယ်။
 
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အမိန့်ကြော်ငြာစာအမှတ်-၂/၂၀၁၄၊ အဆောက်အအုံ ဆိုင်ရာနည်းဥပဒေများ ပုဒ်မ- ၂၈(က) တွင် ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း ခွင့်ပြုချက်မဲ့ အဆောက်အအုံဆောက်လုပ်ခြင်းလုပ်ငန်း လုပ်ကိုင်နေကြောင်း သတင်းရရှိလျှင်သော်လည်းကောင်း၊ စစ်ဆေး တွေ့ရှိလျှင်သော်လည်းကောင်း အောက်ပါအတိုင်းစီမံခန့်ခွဲနိုင်သည် ခွင့်ပြုချက်မရှိဘဲ အဆောက်အအုံ ဆောက်လုပ်ခြင်းကို လုပ်ငန်းရပ်ဆိုင်းထားပြီး ခွင့်ပြုချက်လျှောက်ထားရန် သို့မဟုတ် ဖျက်သိမ်းရန်နှင့် မလိုက်နာက တရားစွဲမည်ဖြစ်ကြောင်း အကြောင်းကြားရမည်။

အဆောက်အအုံ ဆိုင်ရာနည်းဥပဒေများ ပုဒ်မ- ၂၈(ဃ) တွင် နည်းဥပေဒခွဲ (က)နှင့် (ခ)အရ အကြောင်းကြားချက်အား လိုက်နာခြင်းမရှိဘဲ ဆက်လက်ဆောင်ရွက်ပါက ကျူးလွန်သူ၊ အားပေးကူညီသူနှင့် တာဝန်ရှိသူကို တရားစွဲဆို၍ အဆောက်အအုံ၏ အများမြင်သာသောနေရာတွင်ဖြစ်စေ၊ မြေကွက်၏ ရှေ့ခြံစည်းရိုးတွင်ဖြစ်စေ အနီရောင်သတိပေးချက်ဆိုင်းဘုတ်ကို စွဲကပ်ထားရမည်။

အဆောက်အအုံဆိုင်ရာနည်းဥပဒေများ ပုဒ်မ- ၂၈(င) တွင် နည်းဥပေဒခွဲ (ဃ) အရ ကော်မတီက အရေးယူဆောင်ရွက်သည်ကို လိုက်နာခြင်းမရှိဘဲ ဆက်လက်ဆောင်ရွက်လျှင် ကော်မတီက ဖွဲ့စည်းပေးထား သည့် ဖျက်သိမ်းဖယ်ရှားရှင်းလင်းရေးအဖွဲ့က လိုက်နာရန် ပျက်ကွက်သူထံ အကြောင်းကြားစာရရှိသည့် နေ့ရက်မှ ရက်ပေါင်း(၃၀)အတွင်း ဖျက်သိမ်းဖယ်ရှားရှင်းလင်းရန် အကြောင်းကြားရမည်။

အဆောက်အအုံဆိုင်ရာနည်းဥပဒေများ ပုဒ်မ- ၂၈ (စ) တွင် နည်းဥပဒေခွဲ(င)အရ ထုတ်ဆင့်သည့် အကြောင်းကြားစာကို သက်ဆိုင်သူထံတစ်ကြိမ်သာ ပေးပို့ရန်ဖြစ်ပြီး သက်ဆိုင်သူက ယင်းအကြောင်းကြားစာ ကို လက်မခံဘဲ ငြင်းဆန်လျှင် အဆောက်အအုံ၏ အများမြင်သာသည့်နေရာတွင်ဖြစ်စေ၊ မြေကွက်၏ ရှေ့ခြံစည်းရိုးတွင်ဖြစ်စေ သက်ဆိုင်ရာ အုပ်ချုပ်ရေးအာဏာပိုင် တစ်ဦးဦး၏ ရှေ့မှောက်တွင် စွဲကပ်ရမည်။

အဆောက်အအုံဆိုင်ရာနည်းဥပဒေများ ပုဒ်မ- ၂၈ (ဆ)တွင် အဆောက်အအုံကို ဖျက်သိမ်းဖယ်ရှား ရှင်းလင်းရမည့် နောက်ဆုံးသတ်မှတ်နေ့ရက်အထိ ဖျက်သိမ်းဖယ်ရှားရှင်းလင်းခြင်းမရှိပါက အနီးကပ်ဆုံးအစိုးရ အဖွဲ့၏ အစည်းအဝေးသို့တင်ပြပြီး ဖျက်သိမ်းဖယ်ရှားရှင်းလင်းရေးအတွက် လုံခြုံရေးနှင့် အခြားလိုအပ်သော အကူအညီများတောင်းခံရမည်။ အဆိုပါ ဖျက်သိမ်းဖယ်ရှားရှင်းလင်းရေးအဖွဲ့သည် ဖျက်သိမ်းဖယ်ရှားရှင်းလင်း မည့်နေရာသို့ သွားရောက်ပြီး အဆောက်အအုံအတွင်းရှိ နေထိုင်အသုံးပြုသူများနှင့် ဝင်ရောက်လျက်ရှိသူများကို ၎င်းတို့၏ ပစ္စည်းများအားတစ်ပါတည်း သယ်ဆောင်ထွက်ခွာဖယ်ရှားရန် အချိန်သတ်မှတ်၍ အသံချဲ့စက်ဖြင့် သုံးကြိမ်သတိပေးနှိုးဆော်ရမည်။ တစ်ပါတည်း ယူဆောင်သွားခြင်းမရှိပါက အဆိုပါပစ္စည်းများနှင့် စပ်လျဉ်း၍ ဖျက်သိမ်းဖယ်ရှား ရှင်းလင်းရေးအဖွဲ့တွင် တာဝန်မရှိစေရ။

အဆောက်အအုံဆိုင်ရာနည်းဥပဒေများ ပုဒ်မ- ၂၈ (ဇ)တွင် အဆောက်အအုံအတွင်းရှိ နေထိုင်အသုံးပြု သူများနှင့် ဝင်ရောက်လျက်ရှိသူများက ၎င်းတို့၏ အစီအစဉ်ဖြင့် ထွက်ခွာပြီးလျှင်ဖြစ်စေ၊ ဖျက်သိမ်းဖယ်ရှား ရှင်းလင်းရေးအဖွဲ့က ဖယ်ရှားရှင်းလင်းပြီးလျှင်ဖြစ်စေ အဆိုပါအဆောက်အအုံ သို့မဟုတ် အဆောက်အအုံ တည်ရှိရာ မြေကွက်ကို ချိပ်ပိတ်ရမည်။

အဆောက်အအုံဆိုင်ရာနည်းဥပဒေများ ပုဒ်မ- ၂၈ (ဈ) တွင်အဆောက်အအုံအတွင်းရှိ နေထိုင်အသုံး ပြုသူများနှင့် ဝင်ရောက်လျက်ရှိသူများက ၎င်းတို့၏ သဘောအလျောက် ထွက်ခွာပြီးလျှင်ဖြစ်စေ၊ ဖျက်သိမ်း ဖယ်ရှားရှင်းလင်းရေးအဖွဲ့က ဖယ်ရှားရှင်းလင်းပြီးလျှင်ဖြစ်စေ အဆိုပါအဆောက်အအုံတစ်ခုလုံးကိုသော်လည်း ကောင်း၊ အဆောက်အအုံ တစ်စိတ်တစ်ပိုင်းကိုသော်လည်းကောင်း၊ ဖျက်သိမ်းရန်လိုအပ်ပါက ဖျက်သိမ်း ဖယ်ရှားရှင်းလင်းရေးအဖွဲ့၏ အစီအစဉ်ဖြင့်ဖျက်သိမ်းရမည်။ ယင်းသို့ဖျက်သိမ်းရာမှထွက်ရှိလာသော အဆောက် အအုံ၏ အပိုင်းအစများကို ယင်းအဆောက်အအုံအတွင်း၌ဖြစ်စေ ယင်းအဆောက်အအုံတည်ရှိရာ မြေကွက် အတွင်း၌ ဖြစ်စေ၊ အခြားသင့်လျော်သည့်နေရာ၌ဖြစ်စေ၊ စုပုံထားရှိပြီး ယင်းအဆောက်အအုံ သို့မဟုတ် ယင်း အဆောက်အအုံ တည်ရှိရာမြေကွက်ကို ချိပ်ပိတ်ရမည်။ ချိပ်ပိတ်ထားသည့် အဆောက်အအုံ သို့မဟုတ် အဆောက်အအုံတည်ရှိရာ မြေကွက်ကို ပိုင်ရှင်မှ ပြန်လည်လျှောက်ထားလာပါက စိစစ်ပြီး ပြန်လည်လွှဲ ပြောင်းပေးနိုင်သည်။

 

အဆောက်အအုံဆိုင်ရာနည်းဥပဒေများ ပုဒ်မ- ၂၈ (ည)တွင် နည်းဥပဒေခွဲ (ဈ)အရ ဆောင်ရွက်ရသည့် အတွက် ကုန်ကျစရိတ်ကို ပိုင်ရှင် သို့မဟုတ် အဆောက်အအုံ ဆောက်လုပ်ခြင်းလုပ်ငန်းလုပ်ကိုင်ခွင့်ရသူထံမှ တောင်းခံနိုင်သည်။

အဆောက်အအုံဆိုင်ရာနည်းဥပဒေများ ပုဒ်မ- ၂၈ (ဋ)တွင် နည်းဥပဒေခွဲ (ည) အရ တောင်းခံသည့် ကုန်ကျစရိတ်ကို ပိုင်ရှင် သို့မဟုတ် အဆောက်အအုံ ဆောက်လုပ်ခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်ရသူမှ မပေးသွင်း ပါက ယင်းငွေကို မြေခွန်မပြေ ကျန်ငွေဖြစ် သကဲသို့အရ တောင်းခံနိုင်သည်ဟုပြဌာန်းထားပါသည်။

အထက်ပါဥပဒေ၊ နည်းဥပဒေများတွင် ဖော်ပြထားသည့်အတိုင်း ပြစ်ဒဏ်ပြဌာန်းထားသည့်အတွက် ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ပါက ငွေဒဏ်၊ ထောင်ဒဏ်ချမှတ်ခံရနိုင်သည့်အတွက် အဆောက်အအုံ ဆောက်လုပ်ရာတွင် သက်ဆိုင်ရာမြို့နယ်စည်ပင်တွင် အဆောက်အအုံဆောက်လုပ်ခွင့် လျှောက်ထားပြီးမှသာ ဆောက်လုပ်ကြရန် သတိပေးအပ်ပါသည်။

Laws and Regulations Read 82 times