ခွင့်ပြုချက်မယူဘဲ ညဘက်အထိ အလုပ်လုပ်သည့် ဆောက်လုပ်ရေးလုပ်ငန်းခွင်များကို အရေးယူမည်


01 January, 2020

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ခွင့်ပြုချက်မယူဘဲ ညဘက်အထိ အလုပ်လုပ်သည့် ဆောက်လုပ်ရေး လုပ်ငန်းခွင်များကို အရေးယူမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။

 ရန်ကုန်စည်ပင်သာယာ နယ်နမိတ်အတွင်းရှိ လူနေရပ်ကွက်များ၌ အဆောက်အအုံများ ဆောက်လုပ်သည့်အခါ အများပြည်သူများ အနှောက်အယှက်ဖြစ်ခြင်းကို အကာအကွယ်ပေးရန် ထုတ်ပြန်ထားသည့် ကော်မတီ၏ ညွှန်ကြားချက်ကို ဖောက်ဖျက်ပါက ငွေဒဏ် ငွေကျပ် ၅ သိန်းမှ သိန်း ၃၀ အထိ ချမှတ်ခံရမည်ဖြစ်ပြီး ထောင်ဒဏ် ခြောက်လအထိ ချမှတ်ရမည်ဟု ၂၀၁၈ ခုနှစ် ရန်ကုန်မြို့တော်စည်ပင်သာယာ ဥပဒေတွင် ဖော်ပြထားသည်။

 '' ကျွန်တော့်မြို့နယ်မှာတော့ ဥပဒေပြင်ပမှာလုပ်တာကို လက်မခံပါဘူး။ သတ်မှတ်ထားတဲ့ ဥပဒေအတိုင်း လိုက်နာရပါမယ်။ ပြည်သူသိအောင် အသိပေးထားပါတယ်။၂၀၁၈ ခုနှစ် ရန်ကုန်မြို့တော် စည်ပင်သာယာဥပဒေမှာလည်း ဖော်ပြထားပါတယ်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရဲ့ ခွင့်ပြုထားတဲ့ ညွှန်ကြားချက်တွေကို ဖောက်ဖျက်ရန် အရေးပါယူလို့ ရပါတယ် '' ဟု ဗဟန်းမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းဘိုကပြောသည်။

 ထို့ပြင် ဆောက်လုပ်ခွင့်ဆိုင်းဘုတ်အစိမ်းမထောင်ဘဲ လုပ်ကိုင်နေသော ဆောက်လုပ်ရေးလုပ်ငန်းများကိုလည်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးအနေဖြင့် ရန်ကုန်စည်ပင်သာယာနယ်နမိတ်အတွင်း မြို့နယ်အလိုက် ဆောက်လုပ်ရေး လုပ်ငန်းခွင်များသို့ လှည့်လည်စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

 ယင်းဆိုင်းဘုတ်အစိမ်းတွင် ခွင့်ပြုစာ အမှတ်ရက်စွဲ၊ ပိုင်ရှင်အမည်၊ မြေတိုင်းရပ်ကွက်အမှတ်၊ မြေကွက်အမှတ်၊ လိပ်စာ၊ အဆောက်အအုံဆိုင်ရာ အချက်အလက်များ၊ အထပ်အမျိုးအစားများ၊ အကျယ်အဝန်း၊ အမြင့်၊ ဆောက်လုပ်မည့်လိုင်စင်ရ ကန်ထရိုက်တာအမည်နှင့် လိုင်စင်ရ အဆောက်အအုံအင်ဂျင်နီယာအမည်များ ဖော်ပြရမည်ဖြစ်ပြီး အထက်ပါ အကြောင်းအရာများဖြင့် ကွဲလွဲဆောင်ရွက်ပါက ဖျက်သိမ်းသည်အထိ အရေးယူမည်ဖြစ်ကြောင်း သိရသည်။

Laws and Regulations Read 203 times