ဆောက်လုပ်ရေးကဏ္ဍနှင့် ကျွမ်းကျင်လုပ်သား အခက်အခဲ


04 December, 2020

မြန်မာနိုင်ငံအတွင်းသို့ ရင်နှီးမြှုပ်နှံမှုများစွာဝင်ရောက်လာသည်နှင့်အမျှ ဆောက်လုပ်ရေးလုပ်ငန်း၊ ခရီးသွားလာ ရေးလုပ်ငန်းနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းအသီးသီးတို့တွင် ကျွမ်းကျင်လုပ်သားများစွာကို ဖြည့်တင်းပေးနိုင်ရေး အတွက် ရုန်းကန်နေရသည်။

ထိုလုပ်ငန်းကဏ္ဍအသီးသီးထဲမှ ဆောက်လုပ်ရေးလုပ်ငန်းသည် လုပ်သားအင် အားများစွာကို ရှာဖွေနေပြီး ကျွမ်းကျင်လုပ်သားများရှားပါးနေသည့်အတွက် လုပ်ခငွေများစွာတိုးမြှင့်ပေးခြင်းဖြင့် ဆွဲဆောင်နေရသည်။

ကျွမ်းကျင်လုပ်သားများကလည်း လုပ်ခလစာပိုမိုမြင့်မားစွာပေးချေသော အလုပ်များကို ရှာဖွေနေပြီး ဆောက်လုပ်ရေးလုပ်ငန်း တစ်ခုမှတစ်ခုသို့ကူးကာ


အချိန်ပိုလုပ်ခများရှာဖွေနေသလို အလုပ်ရှင် များကလည်း ၎င်းတို့ကို များစွာမျှော်လင့်အားထားနေကြရသည်။

မြန်မာနိုင်ငံ၏ ဆောက်လုပ်ရေးလုပ်ငန်းတွင် အလုပ်သမားအင်အားများစွာရှိသော်လည်း အလုပ်သမားအများစု မှာ ၎င်းတို့၏စွမ်းရည်များကိုပြသနိုင်မည့် တရားဝင်အထောက်အထားလက်မှတ်များမရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဥပဒေအသစ်  ကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာသော်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများသည် ကျွမ်းကျင်လုပ်သားများထံမှ

ကျွမ်းကျင်လက်မှတ်များကို ကြည့်ရှုလိုကြောင်း ဂျာမနီအေဂျင်စီဖြစ်သည့် အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုကော်ပိုရေးရှင်း (GIZ) မှ အကြံပေးအရာရှိဖြစ်သူ ဦးကိုကိုနိုင်က ဆိုခဲ့သည်။

GIZ အဖွဲ့သည် မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု စံသတ်မှတ်ပြဌာန်းရေးအဖွဲ့ (NSSA) ကို အကူညီပေးနေသော အဖွဲ့အစည်းဖြစ်သည်။

NSSA သည် ပြည်တွင်းနှင့်ပြည်ပမှအဖွဲ့အစည်းများနှင့် အတူပူးပေါင်းပြီး ပြည်တွင်းရှိအလုပ်သမားထုကြီးကို အသိပညာနှင့် ကျွမ်းကျင်မှုများ ဖြည့်စွမ်းပေးရန် လုပ်ဆောင်လျက်ရှိသည်။


ကျောက်စိမ်းနယူးဆောက်လုပ်ရေးလုပ်ငန်း၏ ဒါရိုက်တာဖြစ်သူ ဒေါ်မီမီစိုးညွန့်၏အဆိုအရ ကုန်ကျစရိတ်နှင့် အလုပ်သမားအရည်အသွေးများသည် မြန်မာ့ဆောက်လုပ်ရေးလုပ်ငန်းအတွက် ပြသနာတစ်ရပ်ဖြစ်နေကြောင်း သိရသည်။

“အရည်အသွေးကောင်းမွန်တဲ့သူတွေက လုပ်ခပိုပေးတဲ့ဈေးကွက်အတွင်းထဲကို ရောက်ရှိသွားပြီး ကျမတို့ကို ဒီအတိုင်းထားခဲ့ကြပါတယ်။

ကျမတို့ဆီမှာတော့ လုပ်ငန်းခွင်ကိုအခုမှဝင်ရောက်မယ့် လူသစ်တွေသာ ကျန်ခဲ့တဲ့အတွက် နိုင်ငံခြားမှကျွမ်းကျင်တဲ့ပညာရှင်များကို ဈေးကြီးပေးခေါ်နေရပါတယ်” ဟု အလုပ်သမား အခက်အခဲနှင့်ပက်သက်၍ ရှင်းပြခဲ့သည်။

တစ်ချိန်တည်းတွင် ပြည်တွင်းမှအလုပ်သမားအချို့သည် ပြည်ပသို့သွားရောက်ပြီး လုပ်ငန်းကျွမ်းကျင်မှုရရှိရန် ကြိုးပမ်းလျက်ရှိကြသည်။


မြန်မာပြည်မှအကြီးမားဆုံး အိမ်သုတ်ဆေးလုပ်ငန်းဖြစ်သည့် United Paints Group (UPG) ၏ မန်နေဂျင်း ဒါရိုက်တာဖြစ်သူ ဦးအေးဟန်၏အဆိုအရ လွန်ခဲ့သောနှစ်များအတွင်း

အလုပ်သမားကုန်ကျစရိတ်မှာ ၂၀ ရာခိုင်နှုန်းအထိ မြင့်တက်လာသည်ဟုလည်း သိရသည်။

“ကံကောင်းတာကတော့ အိမ်အလှဆင်တဲ့ အိမ်သုတ်ဆေးလုပ်ငန်းဟာလည်း ဆောက်လုပ်ရေးလုပ်ငန်းတွေ တိုးတက်လာတာနဲ့အတူ ၂၀ ရာခိုင်နှုန်းအထိ လုပ်ငန်းတိုးတက်မှုနှုန်း မြင့်တက်လာခဲ့တာပါပဲ” ဟု သူက ဆိုခဲ့သည်။


ဆောက်လုပ်ရေးအလုပ်သမားများအနေဖြင့်လည်း ၎င်းတို့၏ဝင်ငွေပိုမိုရရှိရန်အတွက် အလုပ်အခွင့်အလမ်းများ စွာကို အပူတပြင်းရှာဖွေလျက်ရှိနေသည်။

အလုပ်သမား ၁၅ ဦးခန့်ပါဝင်သော ဆောက်လုပ်ရေးလုပ်သားအဖွဲ့၏ ခေါင်းဆောင်ဖြစ်သူတစ်ဦးက သူ၏အဖွဲ့အနေဖြင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုထက်ပို၍ အလုပ်ဝင်နေ ကြောင်း ပြောဆိုခဲ့သည်။

သူ၏အဖွဲ့သည် ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် ၃ ရက်ခန့် လုပ်ပြီး တစ်ဆက်တည်းတွင် အချိန်ပိုလုပ်ခပိုမိုရရှိရန် လုပ်သားအရေးတကြီးလိုအပ်နေသော လုပ်ငန်းခွင်သို့ သွားရောက်ကာ တစ်လှည့်စီလုပ်ကိုင်နေသည်ဟု သိရသည်။


ရလာဒ်အားဖြင့် အလုပ်ရှင်များသည် ဆောက်လုပ်ရေးလုပ်သားများစွာကို သူ့ထက်ငါအလုအယက် ခေါ်ဆောင် နေရကြောင်း သိရသည်။

ကမာရွတ်မြို့နယ်မှ ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦး၏အဆိုအရ အလုပ်သမား ငှားရမ်းခများသည် လွန်ခဲ့သောတစ်နှစ်ခန့်အတွင်း တဖြည်းဖြည်းမြင့်တက်လာခဲ့ပြီး လုပ်ငန်းရှင်များအနေဖြင့်

အလုပ်သမားများကို နေ့စားခများများပေး၍ ဆွဲဆောင်နေရသည်ဟု ပြောဆိုခဲ့သည်။ သူ၏ပြောကြားချက်အရ ယခုအခါတွင် ကျွမ်းကျင်ပညာရှင်များကိုရှာဖွေရာတွင် ပိုမိုခက်ခဲလာသည်ဟု သိရသည်။

“အရင်ကဆိုရင် အလုပ်ကိုကျွမ်းကျင်တဲ့ ပန်းရံဆရာတစ်ယောက်ကိုရှာဖွေဖို့ မခက်ခဲပါဘူး။ ဒါပေမယ့်အခုဆိုရင် ဒီပန်းရံကရိယာ တွေကို သုံးယုံသာသုံးတတ်တဲ့ သာမန်လုပ်သားတွေကိုပဲ ကျနော်တို့ရရှိပါတော့တယ်” ဟု သူက ပြောခဲ့သည်။


ထိုကဲ့သို့ ဆောက်လုပ်ရေးလုပ်ငန်းနှင့် ကဏ္ဍအသီးသီးတွင် ကျွမ်းကျင်လုပ်သားများ ရှားပါနေသည့်အတွက် အစိုးရသစ်လက်အောက်တွင် ကျွမ်းကျင်ပညာရှင်များ၊ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းရှင်များပါဝင်သည့်

ကော်မတီ ၁၅ ခုကိုဖွဲ့စည်းထားပြီး အလုပ်စံနှုန်းထားသတ်မှတ်ကာ သင်တန်းများပေး၍ ကျွမ်းကျင်လုပ်သားများစွာကို မွေးထုတ်ပေးနိုင်ရန် ဆောက်ရွက်လျက်ရှိသည်။

Real Estate & Properties Local Read 90 times