ဝေဘာဂီ ခုတင် ၁၀၀ ဆံ့ ဆေးရုံအဆောက်အအုံသစ် စတင်တည်ဆောက်

08 January, 2021

အေးရှားဝေါလ်ဖောင်ဒေးရှင်းမှ ဆောက်လုပ်လှူဒါန်းမည့် ခုတင် ၁၀၀ ဆံ့ ဝေဘာဂီဆေးရုံအဆောက်အအုံသစ် ပန္နက်တင်မင်္ဂလာအခမ်းအနား ကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီ အထူးကုဆေးရုံအနီး စီမံကိန်းမြေနေရာ၌ ကျင်းပခဲ့ကြောင်း သိရ သည်။

အဆိုပါအခမ်းအနားတွင် အေးရှားဝေါလ်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးထွန်းမြင့်နိုင်က ဆေးရုံသစ်ဆောက်လုပ်လှူဒါန်းရခြင်း ရည်ရွယ်ချက် ကို ရှင်းလင်းတင်ပြပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က အမှာစကားပြောကြားကာ တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်‌ ဒေါက်တာထွန်းမြင့်က ကျေးဇူးတင်စကား ပြောကြားသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ်က “ဒီဆေးရုံက ပြည်သူကို အမြန်ဆုံး ဝန်ဆောင်မှုပေးနိုင်တဲ့ ဆေးရုံတစ်ခုဖြစ်လာနိုင်ဖို့အတွက် အဘက်ဘက် ကနေ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးဖို့အတွက်လည်း တိုင်းဒေသကြီး အစိုးရအဖွဲ့ကြားမှာ ဆွေးနွေးညှိနှိုင်းပေါင်းစပ်ထားပြီး ဖြစ်ပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနဲ့လည်း ညှိနှိုင်းပေါင်းစပ်ပြီး

ဒီဆေးရုံကြီး အမြန်ဆုံးပေါ်ပေါက်လာနိုင်ဖို့အတွက် ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီးကြပ်မတ်ဆောင်ရွက် သွားမှာဖြစ်ပါတယ်”ဟု ပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆေးရုံဆောက်လုပ်မည့် သတ်မှတ်နေရာ အသီးသီးတွင် ပန္နက်တင်ပေးခဲ့ကြပြီး နံ့သာရည်များ သွန်းလောင်းပေးခဲ့ကြောင်း သိရသည်။

“ဆေးရုံကြီးဖြစ်လာပြီဆိုရင် လူနာတွေကုသနိုင်တဲ့၊ အထူးသဖြင့် ကိုဗစ်ရောဂါဖြစ်တဲ့သူက အသက်ရှူလမ်း ကြောင်းကို ထိခိုက်တယ်။ ဒါကြောင့် ICU တို့လို အထူး ကြပ်မတ်ကုသခန်းတွေ၊ အသက်ရှူရာမှာ အထောက်အကူ ဖြစ်တဲ့ အောက်ဆီဂျင်တို့လို အခြေခံဒီဇိုင်းတွေကို ဒီဇိုင်း စဆွဲကတည်းက ကျွန်တော်တို့လုပ်ထားပါတယ်” ဟု အေးရှားဝေါလ်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးထွန်းမြင့်နိုင်က ပြောသည်။

ဝေဘာဂီကူးစက်ရောဂါအထူးကုဆေးရုံသစ်ကြီးကို အလျား ပေ ၂၀၀၊ အနံ ပေ ၆၀ ရှိ သုံးထပ်အဆောက်အအုံ ခုတင်၁၀၀ ဆံ့ ဆေးရုံအဖြစ် ဆောက်လုပ်မည်ဖြစ်ကြောင်း သိရသည်။

The Mirror Daily

Hospitality Read 277 times