အခန်းပေါင်း ၃၀၀၀ ပါဝင်သည့် ပြည်သူ့အငှားအိမ်ရာ (မန္တလေး) တည်ဆောက်ရေး လုပ်ငန်းများ စတင်နေပြီဖြစ်

18 January, 2021

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ရန်ကင်းတောင်အနီး ရှင်တော်ကုန်းကျေးရွာ၌ နိုင်ငံတော်အစိုးရက အကောင်အထည်ဖော်မည့် ပြည်သူ့အငှားအိမ်ရာ(မန္တလေး)စီမံကိန်း၏ တည်ဆောက်ရေးလုပ်ငန်းများကို စတင်နေပြီဟုသိရသည်။

ရှင်တော်ကုန်းကျေးရွာ၌ အခန်း(၃၀၀၀) ပါဝင်သည့် ပြည်သူ့အငှားအိမ်ရာ စီမံကိန်းကို လေးခန်းတွဲ ငါးထပ် အဆောက်အဦပုံစံ တည်ဆောက်မည်ဖြစ်ကာ မြေညီထပ်ကို အများသုံးဧရိယာအဖြစ် သတ်မှတ်ပြီး (၄)ထပ်ကို လူနေအခန်းများအဖြစ် တည်ဆောက်မည်ဖြစ်ကြောင်း၊ အခန်းတစ်ခန်းလျှင် (၆၆၆)စတုရန်းပေ ကျယ်ဝန်းပြီး အိပ်ခန်း နှစ်ခန်း၊ ဧည့်ခန်း၊ မီးဖိုခန်းတို့ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ကိုဗစ်ကာလ အလုပ်အကိုင်ဖန်တီးပေးနိုင်ရေးအတွက် နိုင်ငံတော်အစိုးရက ရည်ရွယ်ကာ နိုင်ငံတစ်ဝန်း အငှားအိမ်ရာစီမံကိန်းအဖြစ် အခန်း တစ်သောင်း တည်ဆောက်မည်ဖြစ်ပြီး ရန်ကုန်မြို့တွင် အခန်းပေါင်း ၆၃၀၀၊နေပြည်တော်တွင် အခန်းပေါင်း ၇၀၀ နှင့် မန္တလေးမြို့တွင် အခန်းပေါင်း ၃၀၀၀ အကောင်အထည်ဖော် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

စီမံကိန်းသည် ၁နှစ်ခန့်သာ ကြာမြင့်မည်ဖြစ်ကာ ငွေကျပ် ၇၅ ဘီလီယံသုံးစွဲရန် လျာထားကြောင်း မန္တလေး တိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

Sint Sint

Public Housing Read 525 times