နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအချို့သည် ဆောက်လုပ်ရေးပစ္စည်းများအား တင်သွင်းရောင်းချမှုရှိနေ


17 November, 2020

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအချို့သည် ဆောက်လုပ်ရေးပစ္စည်းများအား မိမိလုပ်ငန်းလိုအပ်ချက်ထက်ပိုမိုတင်သွင်းပြီး စျေးကွက်အတွင်း စျေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချနေကြောင်း မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများအသင်း တွဲဖက်အတွင်းရေးမှူးမှ ပြောကြားကြောင်း သိရသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများသည် ဆောက်လုပ်ရေးပစ္စည်းများ တင်သွင်းရာတွင် အခွန်ကင်းလွတ်ခွင့် လုံးဝရထားသဖြင့် ပြည်တွင်း ထုတ်လုပ်သူများနှင့် ပြည်ပမှ အခွန်ဆောင်တင်သွင်းသူများထက်စျေးနှုန်းပိုမိုသက်သာစွာ ရောင်းချနိုင်ကြောင်း သိရသည်။

အခွန်ကင်းလွတ်နေသည့် အတွက် လိုအပ်ချက်ထက် ပိုသွင်းလာပြီး ပိုလျှံသော ပစ္စည်းများအား ပြည်တွင်းစျေးကွက်တွင် ဖြန့်ကြောင်း သိရသည်။

ယင်းလုပ်ငန်းများသည် အဆောက်အအုံကဏ္ဍသုံး သံချောင်းများ၊ဘိလပ်မြေ၊အိမ်သုတ်ဆေး၊ရေသန့်ပစ္စည်း၊ရေပိုက်ပစ္စည်းနှင့် လျှပ်စစ်ပစ္စည်းများတင်သွင်းရောင်းချနေကြောင်းသိရသည်။

ထိုသို့တင်သွင်းရောင်းချမှုသည် ၂ဝ၁၅ခုနှစ် က စတင်ပြီး ၂ဝ၁၇ခုနှစ် နှစ်ဆန်းတွင် တွင်ကျယ်လာသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများအသင်းသို့ပြည်တွင်းထုတ်လုပ်သူများမှ တိုက်ရိုက်တင်ပြ တိုင်ကြားမှု အနည်းဆုံး လေးခုကျော် ရှိကြောင်း သိရသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအတွက် အခွန်ကင်းလွတ်ခွင့်ကို တည်ဆောက်ရေးကာလအတွင်းသာ ပေးအပ်ပြီး လုပ်ငန်းတင်ပြစဉ်ကာလ ကတွက်ချက်တင်ပြထားသည့် ပမာဏကိုသာ ခွင့်ပြုကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးမှ ပြောကြားကြောင်းသိရသည်။

ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ခွင့်ပြုပေးသည်မှန်သော်လည်း တင်ပြလားသော ပမာဏတိုင်းသည် သက်ဆိုင်ရာဝန်ကြီးဌာနများကို လုပ်ငန်းအတွက် အမှန်တကယ်လိုအပ်ခြင်းရှိမရှိ စစ်ဆေးခိုင်းမှုများရှိပြီး ယခုလိုမျိုးသွင်းချင်တိုင်း တင်သွင်း ၍မရနိုင်ကြောင်း သိရသည်။

တည်ဆောက်ရေးကဏ္ဍများနှင့် ပတ်သက်ပြီး လုပ်လာကြသည့်အခါ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူမှ မူလတွက်ချက်ထားမှုများထဲမှ လည်း ပိုတွက်ချက်ထားမှုများရှိကောင်း ရှိနိုင်သည်။တချို့ကသုံးစွဲမှုလျှော့ချသုံးစွဲလာခြင်းများလည်း ရှိနိုင်သည် ဟု ပါရမီဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်မှ သုံးသပ်ပြောသည်။ယခုဘဏ္ဍာနှစ်ရှစ်လအတွင်း အိမ်ရာဆောက်လုပ်ရေးကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကန်ဒေါ်လာ ၁ဘီလီယံကျော် ဝင်ရောက်ထားပြီး ကုန်ထုတ်လုပ်မှု ကဏ္ဍတွင် ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံကျော် ဝင်ရောက်ထားကြောင်း သိရသည်။

၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် အိမ်ယာဆောက်လုပ်ရေးကဏ္ဍ၌ ဒေါ်လာ သန်း ရ၅ဝခန့်နှင့် ၂ဝ၁၅-၁၆ တွင် ဒေါ်လာသန်း ရ၃ဝ ခန့်ဝင်ရောက်ခဲ့ကြောင်း သိရသည်။

Construction Materials Read 127 times