ဘန်ကောက်တွင် ကွန်ဒို များနှင့် အထက်တန်းစား အိမ်ရာများ ဈေးချပြီး ရောင်းထုတ်လျက်ရှိ


01 January, 2020

ဘန်ကောက်ရှိ အထက်တန်းစား ကွန်ဒိုများနှင့် လုံးချင်းအိမ်များကို အထူးဈေးနှုန်းလျှော့စျေးများ ပေးနေသဖြင့် အာရှ၀ယ်လက်များသည် Ritz-Carlton၊ Hyde Heritage၊ Aman အုပ်စုများမှ ယူနစ်များကို ဝယ်ယူသင့်သည်ဟု ဆိုကြသည်။

ထိုင်းပြည်တွင်းနှင့် ပြည်ပမှ ၀ယ်လက်များသည် ရပ်ကွက်ဖွံ့ဖြိုးမှုအတွက် တက္ကသိုလ်များနှင့်နီးကပ်သော အိမ်ခြံမြေများ နှင့်အတူ Thonglor ကဲ့သို့ ခေတ်မီသောရပ်ကွက်များရှိ အဆင့်မြင့်အိမ်များနှင့်ကွန်ဒိုများ နှင့်Covid-19 ကူးစက်ရောဂါက သိသိသာသာလျှော့စျေးဖြင့် ဝယ်ယူနိုင်သော အိမ်ခြံမြေအခွင့်အလမ်းများ ဖြစ်ပေါ်စေခဲ့သည်။

ဘန်ကောက်ရှိ ကွန်ဒိုမီနီယံစျေးကွက်သည် ကပ်ရောဂါမတိုင်မီကတည်းက နှေးကွေးခဲ့ပြီး ဆယ်စုနှစ်တစ်ခုအတွင်း အနိမ့်ဆုံးဈေးနှုန်းများသို့ ရောက်ခဲ့သည်။ Knight Frank Thailand ၏ အဆိုအရ ၂၀၂၀ ၏ ဒုတိယသုံးလပတ်တွင် ဆောက်လုပ်ပြီးစီးသည့် အသစ်ပမာဏသည် ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်လျှင် ၇၃.၂ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

ထိုအသစ်တို့ကို ရောင်းချရာ၌လည်း ရောင်းအား ၁၄ ရာခိုင်နှုန်းသာ ရရှိခဲ့ပြီး ပြီးခဲ့သည့်နှစ်ကထက် ၂၆ ရာခိုင်နှုန်းကျဆင်းခဲ့သည်ဖြစ်ရာ ယခင်သုံးလပတ်ကာလနှင့်နှိုင်းယှဉ်လျှင် ၁၆ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ Covid-19 သည် အဓိကအားဖြင့် နိုင်ငံ၏ ကြီးမားသောခရီးသွားလုပ်ငန်းကို ပျက်စီးစေသည့် အကြောင်းရင်းတစ်ခုဖြစ်သည်။

ထိုင်းသည် ပိုမိုရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှု အခြားပုံစံတစ်မျိုးမျိုးသို့ ကူးပြောင်းရန် အချိန်အခါ ကျရောက်နေသည်ကို အသုံးချရန် လိုအပ်မလားဆိုသည်ကို မေးခွန်း ထုတ်ကြသည်။ Knight Frank ၏ သုတေသနနှင့် အတိုင်ပင်ခံဒါရိုက်တာ Risinee Sarikaputra က အိမ်ခြံမြေဈေးကွက်သည်ယမန်နှစ် ဧပြီလတွင် စတင်ကျဆင်းလာသည်ဟု ပြောကြားခဲ့သည်။

အကြောင်းတရားများမှာ ချေးငွေနှင့် တန်ဖိုး loan-to-value (LTV) အတွက် စည်းမျဉ်းများ ပိုမိုတင်းကျပ်ခြင်း၊ ကမ္ဘာ့ကုန်သွယ်ရေးစစ်ပွဲနှင့် ဘတ်ငွေတန်ဖိုးမြင့်တက်မှုတို့ ဖြစ်သည်။ သို့ဖြစ်ရာ ပြည်တွင်းနှင့်ပြည်ပမှ ၀ယ်လိုသူများ၏ ၀ယ်လိုအားကျဆင်းမှုကြောင့်ကွန်ဒိုရောင်းအား သိသိသာသာကျဆင်းသွားသည်။

Covid-19 ကူးစက်ရောဂါသည် အိမ်ခြံ‌မြေ လုပ်ငန်းအပေါ် တိုက်ရိုက်အကျိုးသက်ရောက်နိုင်ခြင်း မရှိသော်လည်း Sarikaputra က ခရီးသွားလုပ်ငန်းနှင့် ပြည်ပသို့ ပို့ကုန်များ တင်ပို့မှုအပေါ် ထိခိုက်မှုများ ရှိပြီး ကုန်သွယ်မှုအပေါ် မှီခိုနေရသည့် ထိုင်းစီးပွားရေးတစ်ခုလုံးကို အကြီးအကျယ် ထိခိုက်ပျက်စီးစေသည်ဟု ထောက်ပြသည်။

တရုတ်နှင့်ဟောင်ကောင်တို့မှ ဝယ်လက်များသည် ပုံမှန်အားဖြင့် စီမံကိန်းအသစ်များတွင် ယူနစ် ၄၉ ရာခိုင်နှုန်းခန့်အထိ ဝယ်ယူကြလေ့ ရှိခြင်းကြောင့် ခရီးသွားလာခွင့် ကန့်သတ်ချက်များ ပြဌာန်းထားချိန်တွင် ဝယ်လက်များ လာရောက်နိုင်ခြင်း မရှိသဖြင့် ရောင်းအား လျော့ကျစေခဲ့သည်။

ထိုအခြေအနေမျိုးတွင် အောက်ကြေးဖြင့် နှိုက်ယူဖို့ အခွင့်သာနေစေသည်။ Christie’s International Real Estate ၏ ဘန်ကောက်မြို့အတွက် အိမ်ခြံမြေ အကျိုးတူလုပ်ငန်းဖြစ်သော Richmont's ၏ မန်နေးဂျင်းဒါရိုက်တာ Tim Skevington က ကူးစက်ရောဂါဖြစ်ပွားစဉ်ကာလအတွင်း ဝယ်ယူသူများသည် စီမံကိန်းများစွာတွင် ကမ်းလှမ်းထားသော အထူးလျှော့စျေးနှင့် ပရိုမိုးရှင်းများကို အကျိုးကျေးဇူးရရှိခဲ့ကြသည်ဟု ပြောကြားခဲ့သည်။

"Covid-19 က အစပိုင်းမှာ စျေးကွက်ရဲ့ကဏ္ဍ အားလုံးအပေါ် သက်ရောက်မှု ရှိခဲ့တယ်။ လူတွေက အသာနောက်ဆုတ်ပြီး ဘာတွေဖြစ်လာမလဲဆိုတာ စောင့်ကြည့်နေတဲ့အချိန်မှာ သေချာပေါက်ထိခိုက်ခဲ့ပါတယ်" ဟုသူကပြောသည်။ developer များ လက်ထဲ ပိုလျှံနေသော ကွန်ဒို တိုက်ခန်းများ၊ အိမ်ရာများကို ရောင်းထုတ်ပစ်နိုင်ဖို့ အပြင်းအထန် လုပ်ကိုင်ခဲ့ကြရသည်။

ဘန်ကောက်ရှိ The Ritz-Carlton Residences တွင် နောက်ဆုံးကျန်ရှိနေသေးသောတိုက်ခန်းများနှင့် ပတ်သက်၍ အထူးအစီအစဉ်များဖြင့် အရောင်းမြှင့်တင်သည့် အခွင့်အလမ်းကို နိုင်ငံခြား ၀ယ်လက်များကရယူခဲ့ကြသည်။ Skevington မှ ဆက်ပြောသည်မှာ မတ်လနှင့် ဧပြီလများအတွင်းတွင် “အထူးလျှော့စျေး” ကို တုံ့ပြန်မှုများ တွေံရသည်။ အလယ်အလတ်တန်းမှ အနိမ့်ဆုံးတန်းအထိတို့တွင် ဝယ်ယူမှု များပြားခဲ့သည်။ 

အထက်တန်းစား အတန်းမှာလည်း အကျိုးဖြစ်ထွန်းခဲ့သည်ဟု သူက ပြောသည်။ အထူးသဖြင့် Covid-19 ကြောင့် ထိခိုက်မှုနည်းသောနိုင်ငံများမှ အိမ်ရာနှင့် တိုက်ခန်း ဝယ်လက်များက ဝယ်ယူခဲ့ကြသဖြင့် ဘန်ကောက်ရှိ အဆင့်မြင့်အိမ်များနှင့် ကွန်ဒိုတိုက်ခန်းများ ကဏ္ဍတွင် ဝယ်လိုအား မြင့်တက်ခဲ့သည်ဟု သူက ပြောသည်။ 

ဤအချိန်အတောအတွင်း အထက်တန်းစား အိမ်များနှင့် ကွန်ဒိုတိုက်ခန်းများအတွက် စုံစမ်းမေးမြန်းခြင်းအများစုသည် အာရှတိုက်မှဖြစ်သည်။ အမေရိကန်နှင့် ဥရောပမှ စိတ်ဝင်စားသူများလည်း ရှိသည်။ Skevington က“ ကျွန်တော်တို့ ဈေးကြီးတဲ့ကွန်ဒိုတွေတချို့ ရောင်းထွက်သွားခဲ့တာ အတော် စိတ်ဝင်စားဖို့ ကောင်းတယ်။ ဥပမာ ဘန်ကောက်ရှိ Ritz-Carlton Residences မှ အခန်းတွေ ရောင်းထွက်သွားတယ်။ ကျွန်တော်တို့ ဗီဒီယိုတွေ ပြသတယ်။ သုံးဖက်မြင် ဖြတ်လျှောက်ခြင်း 3D walk-through မြင်ရပုံတွေ ပြသပြီး ရောင်းချပါတယ်။ နည်းပညာအသစ်တွေ သုံးခဲ့ကြတယ်။ အခန်းတချို့ ရောင်းထွက်သွားတယ်" ဟု ပြောပြသည်။ 

developer များစွာတို့သည် ယခုအချိန်တွင် စီမံကိန်းအသစ်များ စတင်ရန် အစီအစဉ်များကို အချိန်ရွှေ့ဆိုင်းထားလိုက်ကြပြီ ဖြစ်သည်။  လွန်ခဲ့သောနှစ်နှစ်၊ သုံးနှစ်ကတည်းက ကြိုပွိုင့်ဖြင့် အရောင်းအဝယ် သဘောတူစာချုပ် ချုပ်ထားသော ကွန်ဒိုတိုက်ခန်းများ ပြီးစီးသွားသည့်အခါ ယခင် နှစ်နှစ် သုံးနှစ်တုန်းက ရောင်းဈေးဖြင့် ရရှိသဖြင့် ထိုက်ထိုက်တန်တန် ရရှိကြသည်။ မရောင်းရသေးသည့် လက်ကျန်များလည်း ကျန်ရှိနေဆဲ ဖြစ်သည်။ 

တရုတ်နိုင်ငံမှ ဝယ်လက်များက ကတိဖျက်ပြီး နောက်ဆုတ်သွားသည်များလည်း ရှိသည်။ အကြောင်းမှာ တရုတ်နိုင်ငံတွင်းမှ ငွေကို အပြင်သို့ ထုတ်ယူနိုင်ခြင်းမရှိသောကြောင့် ဖြစ်သည်။

developer များအနေဖြင့် အသင့်တက်နေရုံသာအဆင့်အထိ ဆောက်လုပ်ပေးထားသော ကွန်ဒိုတိုက်ခန်းများသည် များသောအားဖြင့် မဆောက်လုပ်ခင်ကတည်းက ကြိုပွိုင့် ရောင်းချထားပြီး ဖြစ်ကြပေရာ ယခု ပြီးစီးချိန်တွင် ဈေးကောင်းရထားပြီးသား ဖြစ်နေစေသည်။ ယင်းတို့အနက် ဘန်ကောက်မြို့တွင် လူကြိုက်အများဆုံးလူနေအိမ်ရပ်ကွက် Sukhumvit / Thonglor ရှိ Hyde Heritage Thonglor သည် ဟောင်ကောင်ဝယ်လက်များအကြား စိတ်၀င်စားမှုများ မြင့်မားခဲ့သည်။ 

အဆိုပါစီမံကိန်းသည် ထိုင်းနိုင်ငံ၏ အကြီးဆုံးစာရင်းဝင် လူနေအိမ်ဆောက်လုပ်ရေးကုမ္ပဏီဖြစ်သော Grand Asset နှင့် Property Perfect တို့နှင့် ဂျပန်နိုင်ငံ၏ Sumitomo Forestry Companyတို့အကြား ဖက်စပ်စီမံကိန်း ဖြစ်သည်။ ၎င်းအိမ်ရာ စီမံကိန်းသည် ၂၀၂၂ ခုနှစ်အကုန်တွင်ပြီးစီးမည်ဖြစ်ပြီး တည်ဆောက်မည့် plan ကို ချပြပြီး ဈေးဖွင့်ရောင်းချသော ဈေးနှုန်းဖြစ်သည့် off-plan ဈေးနှုန်းများဖြင့် ဈေးဖွင့်ခဲ့သည့် အိမ်ရာစီမံကိန်းတစ်ခု ဖြစ်သည်။ 

ဝယ်ယူသူတို့အဖို့ အမေရိကန်ဒေါ်လာ ၃၄၂,၅၆၅ နှင့်အထက် သုံးစွဲမည် ဆိုပါက ဘန်ကောက်မြို့၊ Hyde Heritage Thonglor ရှိ အိပ်ခန်းတစ်ခန်းပါ၊ စတုရန်းပေ ၄၃၀ ရှိသောအိမ်ခန်းတစ်ခု ရနိုင်မည်။ အိပ်ခန်း ၂ ခန်းပါ ကွန်ဒိုအခန်းများမှာ အမေရိကန်ဒေါ်လာ ၆၁၂ ၉၆၆ ဖြင့် ဈေးနှုန်း စတင်သည်။ တရားဝင်ပိုင်ဆိုင်သော ရင်းနှီးမြှုပ်နှံမှု ဖြစ်စေရန် စီစဉ်ထားသည်ဖြစ်ရာ ကွန်ဒိုအခန်းကို တရားဝင်ပိုင်ဆိုင်မှု ရရှိသည့်အပြင် မြေကိုပါ အချိုးကျပိုင်ဆိုင်ခွင့် ရရှိသည်။ 

တာဝါပုံ တည်ဆောက်ထားပြီး အထပ် ၄၅ ထပ် ရှိသည်။ အခန်းပေါင်း ၃၁၁ ခန်း ပါဝင်သည်။ ကွန်ဒိုတွင် နေထိုင်သူများနှင့် အတူ သုံးစွဲရသည့် လက်ဖက်ရည်ခန်း၊ စာကြည့်တိုက်၊ကလေးကစားကွင်း၊ spa နှင့်အလှပြင်ဆိုင် စသည်တို့ ပါဝင်သည်။

စက်တင်ဘာလ လဆန်းပိုင်းတွင် ဈေးဖွင့်ပြီး စတင်ရောင်းချခဲ့သော Aman Nai Lert Bangkok သည် ဘန်ကောက်ရှိ ထင်ရှားသည့် ဗဟိုအဆောက်အအုံဖြစ်ပြီး နာမည်ကြီးအိမ်ရာများနှင့် ဇိမ်ခံဟိုတယ်တစ်ခုဖြစ်သည်။ ရာစုနှစ်ပေါင်းများစွာ တည်ရှိခဲ့သော Nai Lert Park ဥယျာဉ်အတွင်း၌ တည်ရှိသည်။ လူနေအိမ်များနှင့်ဟိုတယ်ကို ၂၀၂၃ ခုနှစ်တွင်ပြီးစီးရန်သတ်မှတ်ထားသည်။ 

Aman Nai Lert Bangkok ကို ဝယ်လက်များအကြား စိတ်ဝင်စားမှု များပြားခဲ့သည်။ Nai Lert Park Development ၏အမှုဆောင်အရာရှိချုပ် Naphaporn“ Lek” Bodiratnangkura ကအဆောက်အဦများသည်အထပ် ၁၁ မှ ၂၈ အတွင်းတွင်တည်ရှိမည်ဟု ရှင်းပြသည်။ သာယာလှပ်တင့်တယ်သော ပန်းဥယျာဉ်ကို အပေါ်စီးမှ ရှုစားနိုင်မည့် ကွန်ဒိုတိုက်ခန်းများ ဖြစ်သည်။

Nai Lert Park Development ၏အမှုဆောင်အရာရှိချုပ် Naphaporn“ Lek” Bodiratnangkura ကအဆောက်အဦများသည်အထပ် ၁၁ မှ ၂၈ အတွင်းတွင်တည်ရှိမည်ဟု ရှင်းပြသည်။ သာယာလှပ်တင့်တယ်သော ပန်းဥယျာဉ်ကို အပေါ်စီးမှ ရှုစားနိုင်မည့် ကွန်ဒိုတိုက်ခန်းများ ဖြစ်သည်။ 

လူနေတိုက်ခန်းများ တည်ရှိရာ အထပ် ၁၈ ထပ်တွင် အခန်း စုစုပေါင်း ၅၀ ကိုသာ အရေအတွက် ကန့်သတ်ထားရှိသည်။ အိပ်ခန်း ၁ ခန်းပါ၊ ၂ ခန်းပါနှင့် ၃ ခန်းပါ အခန်းများ ဖြစ်သည်။ ကျယ်ကျယ်ဝန်းဝန်း ရှိသည်။ အနိမ့်ဆုံးရောင်းဈေးမှာ အရွယ်အငယ်ဆုံး တိုက်ခန်းများအတွက် ဖြစ်ပြီး တစ်စတုရန်းမီတာကို ဘတ် ၅၄၀ ၀၀၀ (အမေရိကန်ဒေါ်လာ ၁၇ ၃၀၀) ဖြစ်သည်။ ထိုအရွယ်အငယ်ဆုံး တိုက်ခန်းသည် ကြမ်းခင်းဧရိယာ ၁၀၀ စတုရန်း မီတာ (၁ ၀၇၆ စတုရန်းပေ) ကျယ်ဝန်းသည်။ 

CBRE Thailand ၏ မန်နေးဂျင်းဒါရိုက်တာ Aliwassa Pathnadabutr သည် အထက်တန်းစား ကွန်ဒိုများအပြင်အထက်တန်းစားအိမ်ရာဈေးကွက်သည်လည်း ပြန်လည်ဦးမော့လာသည်မှာ မြန်ဆန်ကြောင်း ပြောကြားသည်။ "အဓိက၀ယ်သူတွေက ပြည်တွင်းမှ ဖြစ်ပါတယ်။ Covid-19 ပြီးတဲ့နောက် ပုံမှန်ဖြစ်မှုပုံစံအသစ်အရ တသီးတသန့် နေလို့ရတဲ့နေရာမျိုးမှာ တစ်ဦးနဲ့ တစ်ဦး ခပ်ခွာခွာ နေလို့ ရမယ့် ကျယ်ကျယ်ဝန်းဝန်း ရှိတဲ့ အိမ်မျိုးတွေကို ရှာဝယ်ကြတယ်" ဟု သူမက ဆိုသည်။  

"သူတို့ရှာဖွေနေတဲ့အင်္ဂါရပ်တွေက နေရာလွတ်တွေ ပိုများရမယ်၊ အိမ်မှ အလုပ်လုပ်ရင် လုပ်ကိုင်ဖို့ နေရာ ပါရမယ်။ မီးဖိုချောင် ပိုကြီးရမယ်။ သိုလှောင်ခန်း၊ ကားရပ်နားရန်နေရာ၊ အိမ်မွေးတိရစ္ဆာန်တွေအတွက် နေရာနဲ့ စိမ်းလန်းစိုပြည်ရေး စတာတွေ ဖြစ်ပါတယ်"
CBRE သည် လက်ရှိတွင် ဘန်ကောက်မြို့ မြို့လယ်ပိုင်းနှင့် ဆင်ခြေဖုံးရှိ အထက်တန်းစား အိမ်ရာစီမံကိန်း ၉ ခုအတွက် တစ်ခုတည်းသောအေးဂျင့်ဖြစ်သည်။ အိမ်ဈေးနှုန်းများမှာ ဘတ် ၂၅.၉ သန်းမှ ဘတ်သန်း ၁၅၀ (အမေရိကန်ဒေါ်လာ ၈၂၉၀၀၀ မှအမေရိကန်ဒေါ်လာ ၄.၈ သန်း) အထိရှိသည်။ 

ဇွန်လ ၁ ရက်မှ စတင်၍ ဈေးဖွင့် ရောင်းချခဲ့သော လုံးချင်းအိမ်ရာ Marq Exquisite သည် မြို့လယ်နှင့် ၂၀ ကီလိုမီတာအကွာ Phran Nok-Phutthamonthon Sai 4 လမ်းမပေါ်တွင် တည်ရှိသည်။ လူနေရန် ကြမ်းခင်းဧရိယာ ၆,၅၀၀ စတုရန်းပေရှိပြီး အိပ်ခန်းငါးခန်းပါသော အိမ်များ ၂၄ လုံးအနက် ၂၀ ကို ရောင်းချခဲ့သည်။ ဈေးနှုန်းများမှာ ဘတ် သန်း ၃၀ မှ ၃၅ သန်းအထိဖြစ်သည်။ 

အထက်တန်းစား အိမ်ရာစီမံကိန်းများအား ရောင်းချမှုများသည် လက်ရှိဖြစ်ပွားနေသောCovid-19 မတိုင်မီကာလထက်ပိုမို ကောင်းမွန်သောနှုန်းထားများကိုရရှိခဲ့သည်ဟု Pathnadabutr က ပြောကြားသည်။

တက္ကသိုလ်ကောလိပ်များအနီးတဝိုက်တွင် တည်ရှိသော ကွန်ဒိုမီနီယံများ ပြန်နာလန်ထလာပြီ ဖြစ်သည်။ Pathnadabutr က“ တက္ကသိုလ်များအနီးရှိ ကွန်ဒိုမီနီယံစီမံကိန်းများမှာ ရှင်းလင်းပြတ်သားသော ပစ်မှတ်ထားတဲ့ ပရိသတ်ရှိနေတယ်။ ကိုယ်ပိုင်ဝယ်ယူမှုများ သို့မဟုတ် မိဘများက တက္ကသိုလ်တက်မယ့် သားသမီးတွေအတွက် ဝယ်ယူကြတာတွေ ရှိတယ်။ 

ပြီးတော့ တက္ကသိုလ် တက်တဲ့သူတွေအတွက် ငှားရမ်းဖို့ လွယ်ကူတဲ့ အငှားဈေးကွက် အခြေအနေတွေ ရှိနေတယ်။ တခြားနေရာတွေမှာထက် ငှားတဲ့သူတွေ ရဖို့ ပိုလွယ်ကူတယ်။ ပြန်ရောင်းထုတ်မယ်ဆိုရင်လည်း တက္ကသိုလ်နား နီးတဲ့ ကွန်ဒိုတွေက ရောင်းရတာ ပိုလွယ်ကူတယ်။ နောက်မျိုးဆက်အတွက် ခေတ်ဆန်ဆန် ဒီဇိုင်းထုတ်ထားတဲ့ ကွန်ဒိုမျိုးတွေဆိုရင် အထူးသဖြင့် ရောင်းထွက်တာ ပိုသွက်ပါတယ်" ဟု ပြောသည်။

 

Global Read 220 times