အေးစက်နေတဲ့အိမ်ခြံမြေဈေးကွက်ကို တစ်ဖက်တစ်လမ်းက အထောက်အကူပြုနိုင်မယ်လို့ ယူဆခဲ့ကြတဲ့ကွန်ဒိုဥပဒေ


05 December, 2020

 အေးစက်နေတဲ့ အိမ်ခြံမြေဈေးကွက်ကို တစ်ဖက်တစ်လမ်း က အထောက်အကူပြုနိုင်မယ်လို့ ယူဆခဲ့ကြတဲ့ စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ ဥပဒေခေါ် ကွန်ဒိုဥပဒေနဲ့ နည်းဥပဒေဟာ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလကတည်းက ထွက်ရှိခဲ့ပေမဲ့ လက်ရှိအချိန်ထိ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ မျှော်လင့်ခဲ့သလို ဈေးကွက်အတွင်း သက်ရောက်မှု တစ်စုံတစ်ရာ မရှိသေးပါဘူး။

            ၂၀၁၇ ခုနှစ်မှာ ဥပဒေရော၊ နည်းဥပဒေပါ ထွက်ခဲ့တယ်ဆိုပေမဲ့ ပြင်ဆင်ဖြည့်စွက်စရာ အချက်တွေရှိသေးလို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနအပါအဝင် သက်ဆိုင်ရာဌာနတွေနဲ့ အဖွဲ့အစည်းတွေ၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စု လွှတ်တော်တို့မှာ အကြိမ်ကြိမ် ဆွေးနွေးညှိနှိုင်းခဲ့ရတာပါ။

           ပြီးခဲ့တဲ့ သြဂုတ် ၂၄ ရက်မှာတော့ ပြည်သူ့လွှတ်တော် မှာ ကွန်ဒိုနည်းဥပဒေကို နောက်ဆုံး ပြန်လည်အတည်ပြုခဲ့ ပါတယ်။ ကွန်ဒိုဥပဒေကို စတင်ရေးဆွဲချိန်ကစပြီး နောက်ဆုံး အတည်ပြုပြီးတဲ့အချိန်အထိ စုစုပေါင်း ငါးနှစ်နဲ့ ကိုးလကြာမြင့်ခဲ့ပါတယ်။

" ဒီဥပဒေဟာ ဆောက်လုပ်ရေးလောကအတွက် အထူး ဥပဒေပဲ ဖြစ်ပါတယ်။ အာဆီယံနည်းတူ ကွန်ဒိုဥပဒေလည်း ပေါ်ထွက်လာပြီး ကွန်ဒိုတွေရောင်းချနိုင်တဲ့ အခြေအနေ ဖြစ်ပေါ်လာပြီး ဖြစ်ပါတယ်။ ကွန်ဒိုဥပဒေထွက်ပြီး နာမည်တစ်ခုသာ ကျန်ခဲ့မှာလည်း စိုးရိမ်ပါတယ် "လို့ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးရှိန်ဝင်းက ဆိုပါတယ်။

           ဒီဥပဒေကို လက်တွေ့အကောင်အထည်ဖော် ကျင့်သုံးရာမှာ အကျိုးသက်ရောက်မှု တစ်စုံတစ်ရာရှိစေဖို့အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းက ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ၊ ကွန်ဒိုဥပဒေကို စိတ်ဝင်စားသူတွေ၊ သက်ဆိုင်ရာကဏ္ဍအသီးသီးက တာဝန်ရှိသူတွေနဲ့ အစိုးရအဖွဲ့ကိုယ်စားလှယ်တွေ တွေ့ဆုံပြီး သြဂုတ်လအတွင်းက ညှိနှိုင်းဆွေးနွေးခဲ့ကြပါတယ်။

           ကွန်ဒိုဥပဒေရဲ့ အားနည်းချက် အားသာချက်တွေ အပြင် စုပေါင်းပိုင်အဆောက်အအုံ တည်ထောင်သူ အဖြစ် လိုင်စင်လျှောက်ထားမှု၊ အခြေခံအဆင့်က စတင်ပြီးတည်ဆောက်ခြင်း၊ အသိအမှတ်ပြု မှတ်ပုံတင်ခြင်း၊ရောင်းချခြင်းနဲ့ အချိုးကျပိုင်ဆိုင်မှု တွက်ချက်ခြင်း စတဲ့ အဆင့်တိုင်းမှာ အစိုးရကနေ လက်တွေ့အကောင်အထည် ဖော်ဆောင်ပေးဖို့ လိုအပ်နေတဲ့ အချက်တွေကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။

           ကွန်ဒိုမီနီယမ်အဖြစ် အသိအမှတ်ပြု မှတ်ပုံတင်ဖို့ အစိုးရက တာဝန်ပေးဖွဲ့စည်းထားတဲ့ စီမံခန့်ခွဲရေးကော် မတီမှာ မှတ်ပုံတင်ရမယ်လို့ ကွန်ဒိုဥပဒေမှာ ဖော်ပြပါရှိပါတယ်။ ကွန်ဒိုအဖြစ် အသိအမှတ်ပြုမှတ်ပုံတင်နိုင်ဖို့ အစိုးရက ခန့်အပ်တဲ့ စီမံခန့်ခွဲရေးကော်မတီတွေ ဖွဲ့စည်းထားရှိဖို့ အရေးတကြီး လိုအပ်နေတယ်လို့ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် အထွေထွေအတွင်းရေးမှူးချုပ် ဦးမျိုးမြင့်က ပြောပါတယ်။

             ကွန်ဒိုအဆောက်အအုံဟာ အနည်းဆုံးမြေဧရိယာ စတုရန်းပေ ၂၀çဝဝဝ နဲ့အထက် ရှိရမှာဖြစ်ပြီး အထပ် ခြောက်ထပ်နဲ့ အထက်ရှိတဲ့ အဆောက်အအုံဖြစ်ရမယ်လို့ စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။ ကွန်ဒိုမီနီယမ်သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့အဆောက်အအုံတွေဟာ စီမံခန့်ခွဲရေးကော်မတီမှာ ကွန်ဒိုဖြစ်ကြောင်း မှတ်ပုံတင်ပြီးမှသာ ဥပဒေပါ အကျိုးခံစားခွင့်တွေအတိုင်း ဝယ်ယူရောင်းချခွင့်ရှိမှာ ဖြစ်ပါတယ်။

             ဒါပေမဲ့ အခုလက်ရှိအချိန်မှာ ကွန်ဒိုဥပဒေရဲ့ သတ်မှတ်ချက်တွေနဲ့ညီတဲ့ ကွန်ဒိုစီမံကိန်းတွေကလည်း လက်ချိုးရေတွက်လို့ရအောင် နည်းပါးနေပါသေးတယ်။ ဒါတွေကြောင့်လည်း ကွန်ဒိုဥပဒေက ဈေးကွက်အပေါ် သက်ရောက်သင့်သလောက် မသက်ရောက်သေးတာ ဖြစ်တယ်လို့ ဦးကောင်းသူဝင်းက သုံးသပ်ပါတယ်။

            ကွန်ဒိုဥပဒေက နိုင်ငံခြားသားကို အဓိကရည်ရွယ်ပြီး ရေးဆွဲထားပေမဲ့ နိုင်ငံရဲ့ လက်ရှိအခြေအနေတွေအရ နိုင်ငံခြားသား အလာနည်းသွားတာကြောင့် ဈေးကွက်ကို သိပ်ပြီး အကျိုးသက်ရောက်မှု မရှိသေးတာဖြစ်တယ်လို့လည်း ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေက ဆိုပါတယ်။

"အခုအချိန်မှာတော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ များများလာဖို့ လိုအပ်နေပါတယ်။ ကွန်ဒိုဥပဒေရဲ့ အဓိကအားနည်းချက်က စတုရန်းပေ ၂၀çဝဝဝ နှင့်အထက်ရှိရမယ်ဆိုတဲ့အချက်ပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီသတ်မှတ်ချက်နဲ့ကိုက်ညီအောင် ဆောက်ထားတဲ့ ကွန်ဒိုကအရမ်းနည်းပါးပါတယ်။ ကွန်ဒိုဥပဒေက ဘောင်ကျဉ်းနေတော့ နိုင်ငံခြားသားတွေဝယ်ယူဖို့အတွက် ရွေးချယ်စရာနည်းသွားတယ်"လို့ အာရှ ဆောက်လုပ်ရေးလုပ်ငန်း အထွေထွေမန်နေဂျာ ဦးရန်အောင်က ပြောပါတယ်။

              ကွန်ဒိုဥပဒေမှာ နိုင်ငံခြားသား ရောင်းချခွင့်ကိုအခန်းအရေအတွက်ရဲ့ ၄၀ ရာခိုင်နှုန်းပေးထားပါတယ်။ဒါပေမဲ့ နိုင်ငံခြားသား တစ်ဦးတည်းကပဲ ဝယ်မယ်ဆိုရင်တော့ ၂၅ ရာခိုင်နှုန်းထိသာ ဝယ်ယူခွင့်ပေးထားပါတယ်။ ဒီအချက်ကလက်ရှိ ပြည်တွင်းမှာ ဒေါ်လာရှားပါးပြီးဈေးမြင့်နေတဲ့ ဖြစ်စဉ်ကို ကူညီနိုင်မယ်လို့ အားလုံးကမျှော်လင့်ထားကြပါတယ်။

"ဥပဒေသာ အသက်ဝင်ခဲ့ရင် နိုင်ငံခြားသားတွေဆီက ဒေါ်လာတွေ အလုံးအရင်းနဲ့ ဝင်လာမယ့်အခြေအနေဖြစ်ပါတယ်။ နိုင်ငံတော်တော်များများဟာ ကွန်ဒိုမီနီယမ်ကို အခြေပြုပြီးမှ တိုင်းပြည်ရဲ့ ဂျီဒီပီနံပါတ်တစ်ခုကို ဖြစ်ပေါ်စေတာဖြစ်ပါတယ်"လို့ ဦးရှိန်ဝင်းက ပြောပါတယ်။

            ဒါပေမဲ့ နိုင်ငံခြားသားရောင်းချပိုင်ဆိုင်ခွင့်နဲ့ ပတ်သက်ပြီး အငြင်းပွားဖွယ်ရာ အချက်တွေလည်း ရှိနေပါတယ်။

"နိုင်ငံခြားသားက ဝယ်ထားပြီး ပြန်ရောင်းတဲ့အခါ နိုင်ငံခြားသားဝယ်သူမရှိတဲ့အတွက် နိုင်ငံသားကို ပြန်ရောင်းတာလည်း ရှိကောင်းရှိမယ်။ ဒီတော့ မဖြစ်မနေ ကွန်ဒိုရဲ့ဘယ်လောက်ကို နိုင်ငံခြားသားကိုရောင်းပြီး ဘယ်လောက် ကတော့ နိုင်ငံသားကို ရောင်းရမယ်ဆိုတဲ့အချက်ကို တိတိကျကျသတ်မှတ်ထားဖို့ လိုတယ်"လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးကျော်စည်သူက ဆိုပါတယ်။

           ဥပဒေအရ နိုင်ငံခြားသားတွေရဲ့ မြေပိုင်ဆိုင်ခွင့်ဟာ အဆောက်အအုံ တည်ရှိနေတဲ့ ကာလအထိပဲ ဖြစ်ပါ တယ်။ ဒါဟာ ကွန်ဒိုဥပဒေမှာ ဝယ်ယူသူတိုင်းဟာ ရှယ်ယာတန်ဖိုးအတိုင်း မြေပိုင်ဆိုင်ခွင့်ရမယ်ဆိုတဲ့ အချက်ကို နည်းဥပဒေအရ ကန့်သတ်လိုက်တာပဲ ဖြစ်ပါတယ်။

             ကွန်ဒိုတွေကို နိုင်ငံသားမှတ်ပုံတင်စိစစ်ရေးကတ် ကိုင်ဆောင်မထားတဲ့ ဘယ်နိုင်ငံခြားသားမဆို ဝယ်ယူခွင့် ရရှိမှာဖြစ်ပြီး မြန်မာနိုင်ငံက နာမည်ပျက်စာရင်း အသွင်းခံထားရတဲ့သူတွေကတော့ ဝယ်ယူခွင့်ရရှိမှာမဟုတ်ပါဘူး။ ဝယ်ယူတဲ့အခါမှာလည်း နိုင်ငံခြားက တရားဝင်ငွေလွှဲပို့တဲ့ နိုင်ငံခြားငွေနဲ့သာ ဝယ်ယူရမှာဖြစ်ပါတယ်။

            နည်းဥပဒေမှာ နိုင်ငံခြားသား ဝယ်ယူခွင့်အပြင် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ တည်ထောင်သူအဖြစ်သာမက ပူးတွဲတည်ထောင် ရင်းနှီးမြှုပ်နှံခွင့်ကိုပါ ခွင့်ပြုထားတာဖြစ်ပါတယ်။ ဒါပေမဲ့ ပူးတွဲတည်ထောင်သူနိုင်ငံခြားသား ရောင်းချပိုင်ခွင့်ရှိတဲ့ အခန်းတွေကိုမှတ်ပုံတင်အရာရှိကတစ်ဆင့် စီမံခန့်ခွဲမှုကော်မတီကို တင်ပြပြီးမှ ရောင်းချခွင့်ရှိမှာဖြစ်ပါတယ်။

"ဥပဒေဆိုတာ ပြီးပြည့်စုံတယ်ဆိုတာတော့ မရှိပါဘူး။ ဒါက ဖြည်းဖြည်းချင်းပြင်သွားလို့ ရတယ်။ ဥပဒေမရှိဘဲ ဒီလုပ်ငန်းတွေ လုပ်နေရတာထက်စာရင်တော့ ဒီဥပဒေကို အကောင်အထည်ဖော်နိုင်ပြီဆိုရင် ဈေးကွက်ကို တစ်စုံတစ်ရာတော့ အကျိုးပြုမယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ အခုအချိန်ကတော့ နိုင်ငံရေးအရွေ့ကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလာတာ နည်းနေတယ်"လို့ မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ(၁)၊ ဦးစိုင်းခွန်နောင်က ပြောပါတယ်။

                 ကွန်ဒိုဥပဒေအရ စုပေါင်းပိုင်အဆောက်အအုံ ဆောက်လုပ်ခြင်းလုပ်ငန်းကို စတင်လုပ်ဆောင်ဖို့ အခြေခံအချက်တွေကို တင်ပြစဉ်ကတည်းက အချိုးကျပိုင်ဆိုင်မှု တန်ဖိုးကိုတွက်ချက်ပြီး တင်ပြရမှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ကုမ္ပဏီတွေက တင်ပြလာတဲ့ အချိုးကျပိုင်ဆိုင်မှုတန်ဖိုးတွေကို တွက်ချက်ပြီး စိစစ်လက်ခံပေးမယ့် ပညာရှင်နဲ့ ကော်မတီအဖွဲ့အစည်းတွေ ဖွဲ့စည်းနိုင်ခြင်း မရှိသေးပါဘူး။

"အချိုးကျပိုင်ဆိုင်မှုကို တွက်ချက်ထားမှသာ သူ့ရဲ့ပိုင်ဆိုင်မှုအလိုက် မဲပေးပိုင်ခွင့်တွေ၊ အခွန်အခတွေနဲ့ လုပ်ပိုင်ခွင့်တွေကို တိတိကျကျ တွက်ချက်နိုင်မှာ ဖြစ်ပါတယ်"လို့ မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များ အသင်းချုပ်က အထွေထွေအတွင်းရေးမ·းချုပ် ဦးမျိုးမြင့်က ပြောပါတယ်။

            အချိုးကျပိုင်ဆိုင်ခွင့်တန်ဖိုး တွက်ချက်တဲ့ ပုံသေနည်းကို နည်းဥပဒေ အခန်း ၄၊ ပုဒ်မ ၁၄၊ ပုဒ်မခွဲ (ဃ)မှာ အသေးစိတ်ဖော်ပြထားပါတယ်။ ဆောက်လုပ်ရေးကဏ္ဍမှာ ပြဿနာတစ်ခုခုဖြစ်လာခဲ့ရင် ဘယ်လိုကာကွယ်စောင့်ရှောက်မလဲဆိုတဲ့ ကာကွယ်မှုမပါရင် ဒီဥပဒေဟာ ကောင်းတဲ့ဥပဒေတစ်ခုလို့ မပြောနိုင်သေးဘူးလို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက ဆိုပါတယ်။

"ကျွန်တော့်အမြင်ကတော့ ၂၀၁၂။ ၂၀၁၃ လောက်ကသာ ဥပဒေထွက်ခဲ့ပြီး လက်တွေ့ကျင့်သုံးလို့ရခဲ့မယ်ဆိုရင် အများကြီးအကျိုးသက်ရောက်မှု ရှိနိုင်မယ်။ ဘာလို့လဲဆိုတော့ အဲဒီအချိန်က မြန်မာနိုင်ငံရဲ့ ဆောက်လုပ်ရေးကဏ္ဍမှာ ရင်းနှီးမြှပ်နှံမှုတွေ အများကြီးဝင်နေ တဲ့အချိန်ဖြစ်တယ်"လို့ ဦးရန်အောင်က ပြောပါတယ်။

             ကွန်ဒိုဥပဒေ ပေါ်ပေါက်လာခြင်းနဲ့အညီ အိမ်ခြံမြေလောကသားတွေက နိုင်ငံခြားသား ပိုင်ဆိုင်ခွင့်ရရှိရေးနဲ့ မြန်မာနိုင်ငံရဲ့ အိမ်ရာပိုင်ဆိုင်မှုဥပဒေကို ခိုင်ခိုင်မာမာ ရှိစေချင်ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အိမ်ရာပိုင်ဆိုင်မှုဥပဒေတွေ ခိုင်မာလာတာနဲ့အမျှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုတိုးတက်လာပြီးတော့ အိမ်ခြံမြေဈေးကွက်သာမက စီးပွားရေးလုပ်ငန်းတွေလည်း ပိုမိုတိုးတက်လာဖို့ အားလုံးက မျှော်လင့်ခဲ့ကြလို့ပဲ ဖြစ်ပါတယ်။

Laws and Regulations Read 54 times